မုန်တိုင်းသင့်ပြည်သူများကို ကူညီနိုင်ရေး စစ်ကောင်စီနှင့် ကုလတွေ့ဆုံ

မြေပြင်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ကုလအပါအဝင် နိုင်ငံတကာအဖွဲ့များ၊ ပြည်တွင်း လူမှုကူညီရေးအဖွဲ့များ၏ လူသားချင်းစာနာမှုလုပ်ငန်းများကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်မှုများ ရှိနေသည်။

By Admin 16 Aug 2023

စစ်ခေါင်းဆောင်နှင့် UNOCHA အကြီးအကဲတို့ ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS
စစ်ခေါင်းဆောင်နှင့် UNOCHA အကြီးအကဲတို့ ဩဂုတ်လ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS

DMG ၊ ဩဂုတ် ၁၆

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr.Martin Griffiths သည် စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း ကိုဗစ်နှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့များ၏ကူညီမှု နည်းပါးခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

သို့သော်လည်း တွေ့ဆုံမှုအတွင်း စစ်ကောင်စီနှင့် UNOCHA အကြီးအကဲတို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ မည်သို့သဘောတူညီချက်များ ရရှိခဲ့ခြင်းကို အသေးစိတ်မသိရပေ။

မြေပြင်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ကုလအပါအဝင် နိုင်ငံတကာအဖွဲ့များ၊ ပြည်တွင်း လူမှုကူညီရေးအဖွဲ့များ၏ လူသားချင်းစာနာမှုလုပ်ငန်းများကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်မှုများ ရှိနေသည်။

ထို့ကြောင့် နိုင်ငံတကာအကူအညီများကို အဓိကမျှော်လင့်နေသည့် ပြည်သူများမှာ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရကြောင်း ရခိုင်ဒေသခံ လူမှုကူညီရေးအဖွဲ့များက ထောက်ပြသည်။

“တောဖျားချောင်းဖက်ကရွာတွေကို ကယ်ဆယ်ရေးက လုံးဝမရောက်တော့ဘူး။ အခုဆိုရင် မုန်တိုင်းတိုက်တာ သုံးလကျော်သွားပြီ။ ပြည်သူတွေက စားဝတ်နေရေးအခက်အခဲကြောင့် နိုင်ငံခြားသို့ ထွက်သူတွေများလာတယ်။ အခုချိန်ထိ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ထားတာဆိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လုံးဝမရောက်ဘူး။ အစိုးရက ထောက်ပံ့တယ်ဆိုပေးမယ့် လုံလောက်မှု မရှိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်စိုးက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ  ၁၂ သိန်းကျော် ထိခိုက်နစ်နာခဲ့ပြီး  လက်ရှိအချိန်ထိ နာလန်မထူနိုင်ကြသေးပေ။

စားဝတ်နေရေးနှင့် ငွေကြေးအခက်အခဲကြောင့် နေအိမ်ပြန်မဆောက်နိုင်သေး၍ နိုင်ငံတကာအဖွဲ့အစည်းများကို လွတ်လပ်စွာ သွားလာခွင့်ပေးရန် မုန်တိုင်းသင့်ပြည်သူများက တောင်းဆိုနေကြသည်။

ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာမှ ဒေါ်မအေးခင်က “ကျမတို့ရွာမှာဆိုရင် အခုချိန်ထိ အိမ်ပြန်မဆောက်နိုင်သူတွေ ရှိသေးတယ်။ အိမ်မဆောက်နိုင်သေးတော့ ဆွေမျိုးတွေအိမ်မှာ နေ‌ကြတယ်။ နေအိမ်တွေပြန်ဆောက်ဖို့ အမိုးအကာတွေ လိုအပ်နေတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် ပေးစေချင်တယ်” ဟု ပြောသည်။ 

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဇူလိုင်လ ၂၁ ရက်နေ့ အစီရင်ခံစာတွင် ရခိုင်ဒေသပြန်လည်ထူထောင်ရေး အကူအညီရရှိမှုမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး လုံလောက်မှုမရှိသေးကြောင်း ဖော်ပြသည်။ 

ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မုန်တိုင်းကြောင့် ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ချင်းတို့တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ရခိုင်တွင်ဖြစ်ကြောင်း ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

#R007

ဗီဒီယိုများ