အစိုးရနှင့်တပ်ကို ဆန္ဒပြ၍ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ကိုကျော်နိုင်ဌေးကို စစ်တွေတက္ကသိုလ်က သတိပေး

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး အစိုးရနှင့်မြန်မာစစ်တပ်ကို ဆန္ဒပြ၍ ထောင်ဒဏ်ချမှတ်ခံရဖူးသည့် ကိုကျော်နိုင်ဌေးကို ယင်းတက္ကသိုလ်မှ ပြီးခဲ့သည့်ရက်ပိုင်းက သတိပေးခဲ့သည်ဟုသိရသည်။

28 Mar 2022

DMG ၊ မတ် ၂၈

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး အစိုးရနှင့်မြန်မာစစ်တပ်ကို ဆန္ဒပြ၍ ထောင်ဒဏ်ချမှတ်ခံရဖူးသည့် ကိုကျော်နိုင်ဌေးကို ယင်းတက္ကသိုလ်မှ ပြီးခဲ့သည့်ရက်ပိုင်းက သတိပေးခဲ့သည်ဟုသိရသည်။

၎င်းသည် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အပိုင်း(ဃ)၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာပြစ်မှုများ အမှတ်စဉ်(၂)အား ကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် တက္ကသိုလ်ပညာရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ပြင်းထန်စွာသတိပေးလိုက်သည်ဟု ယင်းသတိပေးစာတွင်ဖော်ပြသည်။

“နောက်နောင် ပြစ်မှုတစ်ခုခုကျူးလွန်ပါက သင်တန်းမှ ရပ်စဲသည့်အထိ အရေးယူမည်ဖြစ်ကြောင်း သတိပေးလိုက်သည်”ဟု စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်လက်မှတ်ရေးထားပြီး သတိပေးစာထုတ်ထားသည်ကို တွေ့ရသည်။

စစ်တွေတက္ကသိုလ်တွင် ဥပဒေပညာ နောက်ဆုံးနှစ်တက်ရောက်မည့် ကိုကျော်နိုင်ဌေးသည် ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုတစ်စုံတစ်ရာမရှိကြောင်းနှင့် နိုင်ငံရေးကိစ္စများကြောင့် ယခုကဲ့သို့သတိပေးခြင်းမှာမဖြစ်သင့်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့ကြည့်ရသလောက်က ကျောင်းမှာဖြစ်တဲ့ အမှုတစ်ခုတည်းမဟုတ်ဘူးလေ။ ကျောင်းစည်းကမ်းဖောက်ဖျက်လို့လည်း မဟုတ်ဘူး။ တက္ကသိုလ်ပြင်ပမှာ နိုင်ငံရေးကိစ္စပေါ့။ နိုင်ငံရေးကိစ္စကြောင့်ဖြစ်တဲ့အတွက် ဒါက ဒီလိုချမှတ်လိုက်တာတော့ မဆိုင်ဘူးလို့တော့ ကျွန်တော်ထင်တယ်“ဟု ၎င်းကဆိုသည်။

ကိုကျော်နိုင်ဌေးကိုသတိပေးရခြင်းမှာ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ထဲမှာပါသည့်အတိုင်း သတိပေးရခြင်းဖြစ်ကာ အဆိုပါလမ်းညွှန်တွင် ဥပဒေတစ်ရပ်ရပ်နှင့်အရေးယူခြင်းခံရလျှင် ကျောင်းမှထုတ်ပယ်သည်အထိ အရေးယူနိုင်သည် (သို့မဟုတ်) ပြင်းထန်စွာ သတိပေး၍ရသည်ဟုပါရှိကြောင်း စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကပြောသည်။

“ကျွန်တော်တို့က ဦးစီးဌာနကိုတင်ပြတယ်။ သူတို့ကလည်း ကိုဗစ်ကာလဖြစ်လို့ ပြင်းထန်စွာသတိပေးလိုက်ပါဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြင်းထန်စွာသတိပေးရခြင်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ကိုကျော်နိုင်ဌေးအပါအဝင် ကျောင်းသားလေးဦးတို့သည် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူ မြန်မာစစ်တပ်နှင့် အစိုးရကို အလိုမရှိကြောင်း ဆန္ဒပြခဲ့မှုကြောင့် ၂၀၂၀ ခု၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရကာ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က လွတ်ရက်စေ့၍ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

ဗီဒီယိုများ