မြန်မာစစ်တပ်က လမ်းပိတ်ထားသဖြင့် ရခိုင်မြောက်ပိုင်းမှ အဝေးသင်ကျောင်းသားအချို့ နေရပ်မပြန်နိုင်သေး

မြန်မာစစ်တပ်မှ ကုန်းလမ်း၊ရေလမ်းများကို ပိတ်ဆို့ထားသောကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့မှ အဝေးသင်ကျောင်း၊ကျောင်းသူအချို့မှာ မိမိနေရပ်သို့ မပြန်နိုင်ဘဲ ဖြစ်နေကြသည်ဟု သိရသည်။

By Admin 27 Oct 2022

မြန်မာစစ်တပ်က လမ်းပိတ်ထားသဖြင့် ရခိုင်မြောက်ပိုင်းမှ အဝေးသင်ကျောင်းသားအချို့ နေရပ်မပြန်နိုင်သေး

စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် စက်လှေများကိုတွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၇

မြန်မာစစ်တပ်မှ ကုန်းလမ်း၊ရေလမ်းများကို ပိတ်ဆို့ထားသောကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့မှ အဝေးသင်ကျောင်း၊ကျောင်းသူအချို့မှာ မိမိနေရပ်သို့ မပြန်နိုင်ဘဲ ဖြစ်နေကြသည်ဟု သိရသည်။

အဝေးသင်(တတိယအသုတ်) တက္ကသိုလ်ကျောင်းသူ/ သားများမှာ ယမန်နေ့(အောက်တိုဘာလ ၂၆ ရက်)က စာမေးပွဲဖြေဆိုမှု ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် မြန်မာစစ်တပ်က သွားလာခွင့် ကန့်သတ်မှုများကြောင့် အဆိုပါမြို့နယ်များမှာ ကျောင်းသား၊ကျောင်းသူအချို့မှာ နေရပ်ပြန်ရန် အခက်တွေ့နေကြသည်။

“ပေါက်တောနဲ့စစ်တွေကို ပြေးဆွဲနေတဲ့ ရေလှိုင်းကြောင်းတွေကို စစ်ကောင်စီက သွားလာခွင့် ကန့်သတ်ထားတာကြောင့် မော်တော်ဘုတ်တွေက မလာကြဘူး။ အိမ်ကိုဖုန်းဆက်ကြည့်တော့လည်း ဘယ်သူမှ မသွားကြဘူးပြောတယ်။ တချို့နယ်ကလူတွေကျတော့ စက်လှေကလေးတွေနဲ့ ခိုးပြီးလာယူကြတယ်။ ဒါပေမဲ့ ကျမတို့မြို့ပေါ်က ဘယ်သူမှမလာကြဘူး။ ဆိပ်ကမ်းကိုသွားပြီး လူကြုံလိုက်ဖို့ လှမ်းခေါ်တော့လည်း ဘယ်သူမှ ကမ်းမကပ်ပေးကြဘူး။ ဒါကြောင့် လောလောဆယ်တော့ မပြန်ရသေးပါဘူး”ဟု ပေါက်တောမြို့မှ အဝေးသင်ကျောင်းသူ မစုစုခင်ကပြောသည်။

ယခင်က စစ်တွေ- ဘူးသီးတောင်သို့ ကားလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့် သွားလာ၍ရသော်လည်း လက်ရှိတွင် စစ်ကောင်စီက ရေလမ်းနှင့်ကုန်းလမ်း နှစ်ခုလုံးကို ပိတ်ထားသောကြောင့် ဘူးသီးတောင်မြို့နယ်မှ ဒေသခံများအပါအဝင် တက္ကသိုလ်ကျောင်းသားများမှာလည်း သွားလာရေး အခက်အခဲရှိနေကြသည်။

“ကျမတို့ လာတုန်းကတော့ အမြန်ယာဉ်နဲ့လာကြတာ။ ဒီကိုရောက်လို့ ၂ ရက်အကြာမှာ ရေကြောင်းလှိုင်း ပိတ်သွားတာ။ လမ်းတွေပိတ်ထားတယ်ဆိုပြီးကြားတော့ မိဘတွေနဲ့မတွေ့ရဘဲ စစ်တွေမှာကျန်ခဲ့ရမှာကို စိုးရိမ်တယ်။ ဒါပေမဲ့ စက်လှေတွေနဲ့ သူတို့(စစ်တပ်)မမြင်တဲ့လမ်းကြောင်းကနေ သွားမယ်ဆိုပြီး သူငယ်ချင်းတွေစုပြီး စက်လှေတစ်စီး မှာထားပါတယ်။ ကျမတို့က ရွာကိုအရမ်းပြန်ချင်နေတော့ အစစ်ခံရရင်လည်း သွားမယ်ဆိုပြီး လုပ်ထားကြတာပါ”ဟု ပြောသည်။

ယင်းအပြင် မောင်တောဒေသခံများမှာလည်း စစ်တွေမှမောင်တောသို့ ပြန်မည်ဆိုပါက စစ်တွေမှ ဘူးသီးတောင်မြို့အထိ ရေလမ်းကြောင်းမှသွားကြရပြီး ယင်းမှတဆင့် မောင်တောသို့ ကားဖြင့် တဆင့်သွားကြရသည်။ သို့သော် အဆိုပါလမ်းကြောင်းမှာ မောင်တောမြို့ပေါ်မှလူများအတွက်သာ အဆင်ပြေပြီး စစ်ရေးပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းမှ ဒေသခံများအတွက် အဆင်ပြေမှုမရှိပေ။

“အရင်ကဆိုရင် အမြန်ယာဉ်နဲ့ တဆင့်မလိုက်ချင်ရင်တောင် ရေချမ်းပြင်ကနေ ကျနော်တို့ရွာတွေအထိ စက်လှေနဲ့ တိုက်ရိုက်ရောက်တယ်။ အခုရေလမ်းတွေ အကုန်ပိတ်လိုက်တော့ ဘူးသီးတောင်ကိုသွားတဲ့ စက်လှေနဲ့အရင်လိုက် ပြီးမှပဲ မောင်တောမြို့ကို ကားနဲ့ထပ်သွားရတာ”ဟု မောင်တောမြို့နယ်၊ မြောက်ပိုင်းရှိ မင်းကဲရွာမှ အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦးကဆိုသည်။

“ကျနော်တို့ နယ်ကလူတွေကတော့ မောင်တောမြို့ပေါ်က တဆင့်သွားရင်တောင် ရွာတွေကိုဝင်ဖို့အတွက် အောင်ဇေယျရွာအလွန်က စစ်ဆေးရေးဂိတ်ကိုဖြတ်ရတယ်။ ဖြတ်တာကလည်း သူတို့ဆီက ခွင့်ပြုချက်မရဘဲ ခိုးဖြတ်ကြရတာပါ။ သူတို့မနက်ပိုင်း ဂိတ်မဖွင့်ခင် အာရုံတက်ချိန်လောက်ကနေ ခိုးဝင်၊ခိုးထွက်ကြရတယ်။ အဲဒီလို ခိုးဝင်ဖို့အတွက်လည်း အောင်ဇေယျရွာမှာ ညအိပ်စောင့်ရပါတယ်”ဟု ၄င်းကဆက်ပြောသည်။

ရသေ့တောင်မြို့နယ်တွင်လည်း မြန်မာရေတပ် စစ်ဆေးရေးဂိတ်က စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား၊ကျောင်းသူများအား နေရပ်ပြန်ရန်အတွက် ယနေ့တစ်ရက်သာ သွားလာခွင့်ပြုထားသည်ဟု စေတီပြင်ကျေးရွာမှ မအေးအေးငြိမ်းကပြောသည်။

“ခွင့်ပြုချက်မရဘဲသွားရင် နေဗီတပ်ကစစ်ဆေးပြီး ပြန်လွှတ်တာရှိတယ်။ အခုလည်း ရွာသားတွေပေါင်းပြီး စာတင်ထားလို့ ဒီနေ့တစ်ရက် သွားခွင့်ပြုထားတာ။ ဒါကြောင့် မော်တော်ဘုတ်ကြီးတစ်စီးငှါးပြီး ကျောင်းသားတွေကို လာယူကြလို့ ရေချမ်းပြင်ကနေ လိုက်သွားကြတယ်။ ကျမတို့ကတော့ ရေချမ်းပြင်ဖက် မြစ်ကြောင်းကနေ မသွားဘဲ ပါဒလိတ်ချောင်းထဲကနေ စက်လှေနဲ့ထွက်လာကြပါတယ်။ အခုမြို့ကိုတော ့ရောက်နေပါပြီ”ဟု ၄င်းကပြောသည်။

ထို့ပြင် မင်းပြားမြို့နယ်မှ ကျောင်းသားများမှာလည်း ရေလမ်းပိတ်ထားသဖြင့် ကားဖြင့် မြောက်ဦးမှတဆင့် သွားလာရန် စိုးရိမ်သောကြောင့် ပေါက်တောဖက်မှသွားရန် စီစဉ်နေသော်လည်း လာယူမည့်စက်လှေမရှိသဖြင့် ယခုအချိန်ထိ မပြန်ရသေးကြောင်း မင်းပြားမြို့ပေါ်မှ အဝေးသင်လာရောက်တက်နေသည့် မစိုးသန္တာဝင်းက ပြောသည်။

“ကျမတို့သူငယ်ချင်းတစ်စုကရွှေပြည်တန်တွေ ပိတ်ထားတာကြောင့် ပေါက်တောကနေတဆင့် အဆင်ပြေသလို သွားဖို့စဉ်းစားထားကြတယ်။ မြောက်ဦးဖက်ကနေ ကားနဲ့သွားဖို့ကလည်း လမ်းခရီးစိုးရိမ်တာရယ်၊ ကားမူးတတ်တာတွေကြောင့် မသွားဖြစ်ဘူး။ အရင် ရွှေပြည်တန်တွေထွက်တုန်းက နေ့ချင်းပြန်ရောက်တော့ ခရီးလည်းမပန်းသလို ငွေလည်းအပိုမကုန်ဘူး။ အခု ပေါက်တောကသွားရင် အဲဒီမှာ တစ်ညအိပ်ရမယ်၊ ငွေလည်းအပိုကုန်တော့မယ်”ဟု ၄င်းကပြောသည်။

အဝေးသင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နေရပ်ပြန်ရန် လမ်းကြောင်းအခက်အခဲရှိပါက စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂသို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်မြောက်ပိုင်းရှိ ရေကြောင်းလိုင်းများအားလုံးကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကပင် ပြေးဆွဲသွားလာခွင့် ပိတ်ပင်ခဲ့ပြီး စစ်တွေ-ပေါက်တောရေကြောင်းလမ်းကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ကာ သွားလာခွင့် ကန့်သတ်ထားခြင်းဖြစ်သည်။

ဗီဒီယိုများ