စစ်တွေ အိန္ဒိယဆိပ်ကမ်းသစ် စတင်လည်ပတ်

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းရည်ရွယ်ချက်မှာ ကာလကတ္တားဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်အသုံးပြု၍ ချင်းပြည်နယ်၊ ပလက်ဝအထိ ရေလမ်း၊ ပလက်ဝဆိပ်ကမ်းမှ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ခြမ်းဒေသကို ဆက်သွယ်ပေးနိုင်ရေး ဖြစ်သည်။

By Admin 09 May 2023

ဓာတ်ပုံ - Soe Win Naing
ဓာတ်ပုံ - Soe Win Naing

DMG ၊ မေ ၉

အိန္ဒိယအစိုးရက တည်ဆောက်ထားသော ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအစိတ်အပိုင်းဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို ယနေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မေလ ၄ နေ့က အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းမှ ထွက်ခွာလာသည့် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ကုန်တင်သင်္ဘောကြီးသည် စစ်တွေဆိပ်ခံတံတားပေါ်၌ ဆိုက်ကပ်ပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှ သင်္ဘောနှင့်ရေကြောင်းလမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Shantanu Thaler၊ အိန္ဒိယသံအမတ်ကြီးနှင့် အရာရှိများ၊ မြန်မာဘက်မှ စစ်ကောင်စီဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် ရခိုင်စီးပွားရေးလုပ်ငန်းရှင်းများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်အောင်က “အခု ရခိုင်ပြည်နယ်နဲ့ အိန္ဒိယကြား တိုက်ရိုက်ကုန်သွယ်ခွင့်ရတဲ့ အခြေအနေကတော့ ကောင်းတာပေါ့။ ဒါပေမယ့် အလုပ်ဖြစ်ဖို့ပဲ လိုတယ်။ ချက်ချင်းတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဟိုဘက် ဒီဘက် ဖြေလျော့မှုတွေ အများကြီးလုပ်ရဦးမယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးပါဝင်လာနိုင်အောင် လုပ်ဖို့လိုတယ်” ဟု ပြောသည်။

ရခိုင်ပြည်မှ ထွက်ကုန်များမှာ အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်မည့် အရည်အသွေးမရှိခြင်းမှာ အာဏာပိုင်များနှင့် ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အားနည်းချက်ဖြစ်နေကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်သည်။

ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက “အစိုးရရော၊ ကုန်သည်ပိုင်းမှာပါ ဒီဆိပ်ကမ်းပွင့်လာရင် ငါတို့အတွက် ဘယ်လိုစီးပွားရေးအခွင့်အလမ်း ဖြစ်လာမလဲဆိုတာကို လေးလေးနက်နက် မမြင်ခဲ့တာကို တွေ့ရတယ်။ ကိုယ်တို့ဘက်က မတ်ပဲ၊ ပဲစင်းငုံတို့ ထွက်လာအောင် စနစ်တကျစီစဉ်ပြီး စိုက်ပျိုးမထုတ်လုပ်နိုင်ခဲ့တာက ရခိုင်ပြည်မှာရှိတဲ့ အစိုးရနဲ့ ကုန်သည်စီးပွားရေးသမားတွေရဲ့ အားနည်းချက်လို့ မြင်တယ်” ဟု ပြောသည်။

ကုလားတန်စီမံကိန်း၏ မူလရည်မှန်းချက်ဖြစ်သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်ရေးမှာ နီးကပ်လာနေပြီဖြစ်သဖြင့် အိန္ဒိယဘက်က ယခုအခြေအနေကို ကျေနပ်နေမည်ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မင်းခိုင်က ပြောသည်။

“အိန္ဒိယဆိပ်ကမ်း ဖွင့်လှစ်နိုင်တာက တကယ်ကောင်းပါတယ်။ ဒါပေမယ့် ကောင်းတဲ့သက်ရောက်မှု ရှိဖို့ဆိုတာက ဒီအပေါ်မှာ အစိုးရရဲ့စေတနာက ဘယ်လောက်ထိရှိမလဲ၊ ပြည်သူတွေအကျိုးစီးပွားအပေါ် ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမလဲဆိုတာ သံသယဖြစ်မိတယ်။ ဟန်ပြသဘောမျိုး မလုပ်ဖို့လိုတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်တွေ အိန္ဒိယဆိပ်ကမ်းသည် နိုင်ငံတကာအသိမှတ်ပြု ကုန်သွယ်နိုင်သည့် ဆိပ်ကမ်းတစ်ခု ဖြစ်လာသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းရည်ရွယ်ချက်မှာ ကာလကတ္တားဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်အသုံးပြု၍ ချင်းပြည်နယ်၊ ပလက်ဝအထိ ရေလမ်း၊ ပလက်ဝဆိပ်ကမ်းမှ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ခြမ်းဒေသကို ဆက်သွယ်ပေးနိုင်ရေး ဖြစ်သည်။

လက်ရှိတွင် ပလက်ဝ မီဇိုရမ်ကားလမ်းကိုလည်း အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။

ကုလာတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း တစ်ခုလုံးအတွက် အိန္ဒိယနိုင်ငံဘက်က စီမံကိန်းအတွင်း အမေရိကန် ဒေါ်လာ (၄၈၄) သန်း ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။

#I003

ဗီဒီယိုများ