ရခိုင်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဘေးတွဲမောင်းသူများ အလုပ်ရပ်နားထား

စစ်ကောင်စီက လမ်းပိတ်ဆို့ထားသည့် ရခိုင်ပြည်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် အခြေခံလက်လုပ်လက်စား ဘေးတွဲဆိုင်ကယ်မောင်းသူများမှာ အလုပ်ရပ်နားထားရပြီး စားဝတ်နေရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ 

By Admin 18 Dec 2023

စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တွေ့ရစဉ်။ 
စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တွေ့ရစဉ်။ 

အောက်တိန်း-92 တစ်လီတာကို ငွေကျပ် ၃၀,၀၀၀ ကျော် ဈေးမြင့်တက်နေပြီး အလွယ်တကူ ရှာဖွေ၍လည်း မရသဖြင့် အလုပ်ရပ်နားလိုက်ရကြောင်း ဘေးတွဲမောင်းသူများက ပြောသည်။

“ကျနော်တို့မှာ စားဝတ်နေရေးအတွက် ဘေးတွဲမောင်းပြီး ဖြေရှင်းနေတာ။ အခု အလုပ်မရှိတော့ သူများတွေဆီက ချေးငှားပြီးစားနေရတယ်။ လူမှုအဖွဲ့အစည်းတွေဆီက အကူအညီတောင်းပြီး စားနေရတယ်” ဟု‌ ကျောက်ဖြူမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ 

အလုပ်နားထားသူများမှာ စားဝတ်နေရေးအတွက် ကြုံရာကျပန်းအလုပ်များကို ရှာဖွေလုပ်ကိုင်ကြသော်လည်း လက်ရှိစစ်ရေးကာလအတွင်း စီးပွားရေးလုပ်ငန်းများ ရပ်တန့်နေသဖြင့် အလုပ်ရှာမရဖြစ်နေကြသည်။  

ယင်းအပြင် စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်သူများကိုလည်း ဒေသန္တရအမိန့်ချိုးဖောက်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများ ရှိနေသည်။ 

မင်းပြားမြို့တွင် ဘေးတွဲမောင်းသူ ကိုအောင်လွင်က “ကျနော်တို့က ဒီအလုပ်ကိုမှီခိုပြီး စားသောက်နေရတာ။ အခုက ဆီရှာမရလို့ ဘေးတွဲလည်း မမောင်းနိုင်တော့ဘူး။ အခြားအလုပ် လုပ်မယ်ဆိုရင်လည်း အလုပ်ကမရှိ၊ ရှာလို့လည်းမရ။ မိသားစုလူဦးရေလည်းများတော့ ဒီအခြေအနေနဲ့ဆို မလွယ်ဘူး” ဟု ပြောသည်။ 

တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ရခိုင်ပြည်အတွင်း ကုန်လမ်း၊ ရေလမ်း ခရီးသွားလာမှုကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်၍ ပြန်ဖွင့်ပေးရန်အတွက် ကုလအပါအဝင် ဒေသခံများ၊ လူ့အခွင့်အရေးသမားများက တောင်းဆိုနေကြသည်။ 

လမ်းခရီးပိတ်ဆို့မှု နောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာ၊ ကုန်စည်၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်နေပြီး လက်ကျန် ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေသည်။ 

“ဒီအလုပ်တစ်ခုတည်းနဲ့ရပ်တည်နေတာ။ အလုပ်နားထားရတော့ စားသောက်ဖို့က အခက်အခဲကြုံရတယ်။ အခု သူငယ်ချင်းဆီက ဆန်တစ်အိတ်ပေးထားတယ်။ ဒီဆန်ကုန်ရင် ဘယ်ကရှာရမလဲမသိသေးဘူး” ဟု စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ ဦးညီဇော်က ပြောသည်။ 

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့်အပြင် အရပ်သားများကို ဖမ်းဆီးမှု၊ နေအိမ်အဆောက်အအုံနှင့်ရိက္ခာများအား လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကာ ပြည်သူများ၏ အသက်အိုးအိမ်အပေါ် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

ဗီဒီယိုများ