ရွှေ့ပြောင်းမြိုတိုင်းရင်းသား ၆၀၀ ကျော် ရိက္ခာပြတ်လပ်မည့်အရေးနှင့် ကြုံနေရ

မုန်တိုင်းလွန်ကာလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီဗူး ၂ လုံးကျစီနှင့် ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့မှုရရှိခဲ့ပြီး အခြားမည်သည့်အဖွဲ့ကမျှ ထောက်ပံ့ခြင်းမရှိသေးပေ။

By Admin 19 Jul 2023

 ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မှတ်တမ်းတင်ထားသော မြိုယုရွာက ကလေးမိခင်တစ်ဦး။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မှတ်တမ်းတင်ထားသော မြိုယုရွာက ကလေးမိခင်တစ်ဦး။

DMG ၊ ဇူလိုင် ၁၉

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ အစီအစဉ်ဖြင့် ရွှေ့ပြောင်းအခြေချနေကြသော မြိုယုရွာက မြိုတိုင်းရင်းသား ၆၀၀ ကျော်မှာ စားနပ်ရိက္ခာပြတ်လပ်မည့်အရေးနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မုန်တိုင်းလွန်ကာလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီဗူး ၂ လုံးကျစီနှင့် ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့မှုရရှိခဲ့ပြီး အခြားမည်သည့်အဖွဲ့ကမျှ ထောက်ပံ့ခြင်းမရှိသေးပေ။

“ဒီလကုန်အောင်ထိ စားဖို့အတွက် ရိက္ခာမလုံလောက်တော့ဘူး။ ထောက်ပံ့မှုကလည်း WFP တစ်ခုပဲ၊ တခြားဘယ်အဖွဲ့မှ လာတာမရှိဘူး။ အစိုးရ(စစ်ကောင်စီ)ဆီကလည်း ရိက္ခာနဲ့ပတ်သက်လို့ ဘာမှမရပါဘူး” ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြိုယုရွာက နေအိမ်များမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့သည်။

မြိုတိုင်းရင်းသားများမှာ အလုပ်အကိုင်ရှားပါးခြင်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် စိုက်ပျိုးမြေနေရာမရှိသဖြင့် စားဝတ်နေရေးအတွက် ပိုမိုအခက်တွေ့နေကြသည်။

မုန်တိုင်းလွန်သည်မှာ နှစ်လကျော်အထိကြာမြင့်လာပြီ ဖြစ်သော်လည်း စစ်ကောင်စီထံမှ မိသားစုတစ်စုလျှင် အလျား ၁၅ ပေ၊ အနံ ၄ ပေရှိ တာပေါ်လင်စ ၂ ခုတည်းသာ ရရှိသေးကြောင်း မြိုတိုင်းရင်းသားများထံမှ သိရသည်။

မြိုတိုင်းရင်းသူ ဒေါ်နန္ဒာလင်းက “မုန်တိုင်းနဲ့ ပျက်စီးသွားတဲ့ နေအိမ်တွေကိုတော့ မိုးတွင်းနေထိုင်လို့ အဆင်ပြေအောင် သုံးလို့ရတဲ့သစ်တွေနဲ့ ပြန်ဆောက်ထားပါတယ်။ ကောင်းကောင်းမွန်မွန် ဆောက်ဖို့အတွက် ပိုက်ဆံလည်း မရှိဘူး။ စားဖို့တောင် အဆင်မပြေတာလေ” ဟု ပြောသည်။

ကျေးရွာအတွင်း KG တန်းမှ ၅ တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ခန့်ရှိပြီး မုန်တိုင်းကြောင့်ပျက်စီးသွားသော စာသင်ကျောင်းကို ကိုယ်ထူကိုယ်ထ ယာယီ ပြုပြင်ထားကြသည်။ သို့သော်လည်း အမိုးအကာမလုံခြုံလုံသည့်အပြင် ခိုင်ခံမှုရှိသဖြင့် မိုးရွာသွန်းပြီး လေပြင်းတိုင်ခတ်လျှင် စာမသင်ကြားရဘဲ ရပ်နားထားရကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားမိခင် ဒေါ်မရွှေသိုက်က “ပြီးခဲ့တဲ့ အပတ်က မိုးရွာလို့ တစ်ပတ်လုံး တစ်ရက်မှ ကျောင်းမတက်ခဲ့ရဘူး။ ဒီလိုသာ သင်ကြားနေရရင်တော့ သားသမီးတွေအတွက် ပညာရေးထိခိုက်မှာ စိုးရိမ်စရာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် ၂၀၁၈ နှစ်ကုန်ပိုင်းကစတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် မြိုတိုင်းရင်းသားများမှာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့ရပြီး စားဝတ်နေရေးကျပ်တည်းမှုနှင့် နေရပ်ပြန်ရန်အခက်အခဲများကြောင့် လူဦးရေ ၆၀၀ ကျော်မှာ မောင်တောမြို့နယ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

၎င်းတို့အတွက် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအနီးတွင် “မြိုယုရွာ”အမည်ဖြင့် ကျေးရွာသစ်တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြည်နယ် စစ်ကောင်စီက နေရာချပေးခဲ့သည်။

လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရာသစ်ကို ရွေးချယ်ခဲ့သော်လည်း လက်တွေ့မှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု မြိုတိုင်းရင်းသားများက ပြောသည်။

“ကျနော်တို့ ဘဝအာမခံချက် မရှိတော့သလို ခံစားရတယ်” ဟု မြိုတိုင်းရင်းသားတစ်ဦးက ပြောသည်။

မြိုတိုင်းရင်းသားများမှာ ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စသည့် မြို့နယ်များတွင် နေထိုင်နေကြပြီး လူဦးရေ သောင်းဂဏန်းသာ ရှိကြောင်း သိရသည်။

#R010

ဗီဒီယိုများ