စစ်တွေကန်တော်ကြီးကို ရေဖြည့်တင်းမည့် မြေအောက်ရေတွင်းများ ရေထွက်ရှိမှု နည်းပါး

စစ်တွေမြို့ဒေသခံများ ရေလုံလောက်စွာသုံးစွဲနိုင်အောင် စစ်ကောင်စီခေါင်းဆောင် ညွှန်ကြားချက်ဖြင့် မြေအောက်ရေတူးဖော်နေသော်လည်း  ရေထွက်ရှိမှုနှုန်း နည်းပါးနေသည်။

By Admin 03 Apr 2023

စစ်တွေကန်တော်ကြီးကို ရေဖြည့်တင်းမည့် မြေအောက်ရေတွင်းများ ရေထွက်ရှိမှု နည်းပါး

DMG ၊ ဧပြီ ၃

စစ်တွေမြို့ဒေသခံများ ရေလုံလောက်စွာသုံးစွဲနိုင်အောင် ကန်တော်ကြီးရေကန်ကို ရေဖြည့်တင်းရန်အတွက် မြေအောက်ရေတူးဖော်နေသည့် ရေတွင်းများမှာ ရေထွက်ရှိမှုနှုန်း နည်းပါးနေကြောင်း သိရသည်။

စစ်တွေမြို့တွင် နွေရာသီရောက်တိုင်း ရေရှားပါးနှင့်ကြုံတွေ့ရသည့်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်အကြံပြုချက်ဖြင့် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီးတွင် မြေအောက် ရေတွင်း ၃ ခုကို စမ်းသပ်တူးဖော်နေသည်။ စစ်ခေါင်းဆောင်၏ ဖေဖော်ဝါရီလ ရခိုင်ခရီးစဉ်တွင် မြေအောက်ရေတွင်းများ တူးဖော်ရန် ညွှန်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတူးဖော်နေသည့်အဖွဲ့ကို DMG က သွားရောက်မေးမြန်းရာတွင် “ပထမ ကျနော်တို့ရွာ အနောက်ဖက်မှာ တွင်းတစ်တွင်းတူးတယ်။ အဲဒီတွင်းက ရေမထွက်ဘူး။ ရေမထွက်တဲ့အတွက် ရွာအရှေ့ဖက်က တွင်းတူးတယ်။ ဒီတွင်းက ရေတော့ ထွက်တယ်။ ဒါပေမယ့် ရေထွက်နှုန်းက နည်းတယ်” ဟု တူးဖော်နေသူတစ်ဦးက ပြောသည်။

အကျယ် ၆ လက်မ အနက်ပေ ၂၀၀ အထိရှိသည့် မြေအောက်ရေတွင်းများကို သင်္ဂနက်ကျေးရွာတွင် တပြိုင်နက်တည်း တူးဖော်နေခြင်းဖြစ်ပြီး အဆိုပါရေများကို ကန်တော်ကြီးသို့ ရေပိုက်လိုင်း အရှည် ပေ ၄,၄၀၀ သွယ်တန်းကာ ရေဖြည့်တင်းရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့တွင်လည်း ရခိုင်ပြည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး မြေအောက်ရေတူးဖော်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ “ရေအထွက်နှုန်း နည်းပါးသည့်အတွက် ရေရရှိနိုင်သည့် နေရာများကို ထပ်မံသုတေသနပြု၍ တူးဖော်ရန် ပြည်နယ်စစ်ကောင်စီနှင့် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း” မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

ဓာတ်ပုံ - ရခိုင်နေ့စဉ်

တစ်နေ့လျှင် မြေအောက်ရေတွင်းတစ်ခုမှ ရေဂါလံပေါင်း ၆၀,၀၀၀ စီထုတ်ယူရန် လျာထားကြောင်း သိရသည်။

ထိုသို့ ရေပမာဏအများအပြားကို အချိန်ကြာမြင့်စွာ ထုတ်ယူသုံးစွဲလိုက်ပါက ပင်လယ်ကမ်းစပ်တွင်တည်ရှိသည့် စစ်တွေမြို့အနေအထားအရ မြေကျွံကျမှုများ၊ မြေလွှာပြတ်ရွေ့မှုများ ကြုံလာရနိုင်ဖွယ်ရှိကြောင်း ရေအရင်းအမြစ် ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ယင်းအပြင် မြေအောက်ရေသည် ဓာတုဓာတ်ပစ္စည်းပါဝင်မှု များပြား၍ သန့်ရှင်းသောရေ သုံးစွဲနိုင်ရေးအတွက် အသေအချာ သုတေသနပြုစစ်ဆေးဖို့ လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

“ရေရရှိရေးအတွက် အဝီစိတွင်းတူးတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီရေထဲမှာ ဓာတုဗေဒပစ္စည်းတွေ၊ ဒြပ်ပေါင်းတွေ များနိုင်တယ်။ အခုတူးနေတဲ့ တွင်းတွေဟာ အိမ်ထောင်စု တစ်ခုတည်းအတွက် မဟုတ်ဘဲ စစ်တွေတစ်မြို့လုံးကို ဖြန့်ဝေမယ့်ရေဖြစ်ပါတယ်။ သောက်ရေအတွက် WHO သတ်မှတ်ထားတဲ့ အာဆင်းနစ် ခွင့်ပြုချက်က ရေ ၁ လီတာမှာ အာဆင်းနစ် ၁၀ မိုက်ခရိုဂရမ်( 10 micro-gram/liter)ပဲ သတ်မှတ်ထားတယ်။ အဲဒါကြောင့် ရေသန့်၊ မသန့်ကို ပညာရှင်တွေအနေနဲ့ စမ်းသပ်ပြီးမှ ဖြန့်ပေးစေချင်ပါတယ်” ဟု ရေအရင်းအမြစ်အကြောင်း လေ့လာနေသူတစ်ဦးက ပြောသည်။

စစ်တွေမြို့ခံများ ရေလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် မြေအောက်ရေတူးဖော်မှုအပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ခမီကြိမ်ချောင်းဆည်မှ ရေကို စစ်တွေကန်တော်ကြီးသို့ ပိုက်သွယ်တန်း ဖြည့်တင်းကာ ရေဖြန့်ဝေသွားမည့် အစီအစဉ်များလည်းရှိကြောင်း စစ်ကောင်စီဥက္ကဌက ပြောဆိုထားသည်။

#R007

ဗီဒီယိုများ