ကဆုန်လပြည့်နေ့ စစ်ကောင်စီလွတ်ငြိမ်းတွင် ရခိုင်ကအကျဉ်းသားများ မပါဝင်

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းချခံထားရသူ ၂,၁၅၃ ဦးကို စစ်ကောင်စီက မေလ ၃ ရက် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။

By Admin 04 May 2023

စစ်တွေအကျဉ်းထောင်
စစ်တွေအကျဉ်းထောင်

DMG ၊ မေ ၄

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းချခံထားရသူ ၂,၁၅၃ ဦးကို စစ်ကောင်စီက မေလ ၃ ရက် ကဆုန်လပြည့်နေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။

သို့သော်လည်း ရခိုင်ပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတစ်ဦးမျှ မပါဝင်ခြင်းအပေါ် ဒေသခံများနှင့် နိုင်ငံရေးသမားများက ဝေဖန်နေကြသည်။

“သူတို့(စစ်ကောင်စီ)ကို ဝေဖန်တယ်၊ ရခိုင်ကလူတွေ နိုင်ငံတော်ကိုဆူပူအောင်လုပ်တယ် ဆိုပြီးတော့ ၅၀၅(က)နဲ့ ထောင်ချခံထားရတဲ့သူတွေကို ပြန်လွတ်ပေးသင့်တယ်။ အခုက ဒေသကိုလိုက်ပြီးတော့ ခွဲခြားဆက်ဆံရာ ရောက်တယ်။ ဒီလိုမျိုး ရခိုင်ကအကျဉ်းသားတွေကို မလွတ်ပေးတာတော့ မဖြစ်သင့်ဘူး။ တပြေးညီဖြစ်သင့်တယ်။ အကုန်လုံး အကျိုးခံစားခွင့်ရှိသင့်တယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီထုတ်ပြန်ချက်အရ လွတ်ငြိမ်းခွင့် ခံစားရသူများမှာ ကချင်ပြည်နယ်မှ ၁၄ ဦး၊ ကယားပြည်နယ် မှ ၁၀၁ ဦး၊ ကရင်ပြည်နယ်မှ ၉ ဦး၊ မွန်ပြည်နယ်မှ ၂၆ ဦး၊ ရှမ်းပြည်နယ်မှ ၆၅ ဦး၊ ရန်ကုန်တိုင်းမှ ၃၃၉ ဦး၊ စစ်ကိုင်းတိုင်းမှ ၄၇ ဦး၊ တနင်္သာရီတိုင်းမှ ၄၉ ဦး၊ ပဲခူးတိုင်းမှ ၄၅၀ ဦး၊ မကွေးတိုင်းမှ ၉၄ ဦး၊ မန္တလေးတိုင်းမှ ၉၁၁ ဦး၊ ဧရာဝတီတိုင်းမှ ၄၈ ဦး - စုစုပေါင်း ၂,၁၅၃ ဦးတို့ဖြစ်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံးက ၅၀၅(က) နဲ့ ထောင်ချခံထားရတဲ့သူတွေ ပြန်လွတ်လာပြီးတော့ ရခိုင်ကလူတွေကို လွှတ်မပေးတာက သတ်သတ်မဲ့ ချန်ထားတယ်လို့ ခံစားမိတယ်” ဟု စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေသူ ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုတင်ထွန်းအောင်မှာ ၂၀၂၁ ခုနှစ်က ‘ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်’ ဟု သတင်းဌာနတစ်ခုကို အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။

ကဆုန်လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရခိုင်ကအကျဉ်းသားအချို့ လွတ်လာမည်ဟု မိသားစုဝင်များက မျှော်လင့်ခဲ့ကြသော်လည်း တစ်ဦးတစ်ယောက်မျှ မပါဝင်သဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ပြောကြသည်။

“မနေ့က လွတ်ငြိမ်းချမ်းသာနဲ့လွတ်မယ်ဆိုပြီး ပြောသံကြားတော့ ဝမ်းသာမိတယ်။ ကျမတို့အကုန်လုံး ပျော်နေကြတာ။ ဒါပေမယ့် မနေ့က စစ်တွေထောင်က ဖုန်းဆက်လာတယ်။ တစ်ယောက်မှ မလွတ်ဘူးတဲ့။ သူ့မှာ ဘာမှ အပြစ်မရှိဘူး။ မိသားစုကို ပန်းရံလုပ်ပြီးတော့ ရှာကျွေးနေတာ။ မိသားစုတွေအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်” ဟု စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူ ကိုလှစော၏ ဇနီးဖြစ်သူ မအေးစန္ဒာကျော်က ပြောသည်။

ကိုစောလှကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် မြန်မာစစ်တပ်က နေအိမ်မှဖမ်းဆီးခဲ့ပြီး ပလက်ဝမြို့နယ်တရားရုံးက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသူ အသက် ၅၇ နှစ်အရွယ် ပလက်ဝမြို့ခံ ဦးမောင်မဲကျော့၏ သမီးဖြစ်သူကလည်း “ကျမအဖေက ကျန်းမာရေးသိပ်မကောင်းဘူး။ သွေးတိုးရောဂါအခံရှိတယ်။ ဟိုတလောကဆိုရင် အသက်ရှူကျပ်ပြီးတော့ သတိလစ်သွားတယ်။ အသက်ကလည်းကြီးနေပြီး။ မနေ့က ပြန်လွတ်လာမယ်ဆိုပြီးတော့ မိသားစုတွေ မျော်လင့်ချက်ရှိခဲ့တာပေါ့။ ဒါပေမယ့် ပြန်မလွတ်လာတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ၁၂ ကြိမ်ပေးခဲ့ပြီး ယခုတစ်ကြိမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

#R007

ဗီဒီယိုများ