စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်တွေဒေသခံ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

“စစ်တွေမြို့နယ် ပါဒလိပ်တပ်ရင်းက ညဦးက လက်နက်ကြီး ၅ ကြိမ်လောက်ပစ်တယ်။ မနက်အရုဏ်တက်ချိန်မှာ ၆ ကြိမ်လောက်ပစ်တယ်။ အဲဒီအထဲက လက်နက်ကြီးနှစ်လုံး ရွာထဲကို လာကျတာ” ဟု ချီလည်ပင်းရွာသားတစ်ဦးက ပြောသည်။

By Admin 04 Dec 2023

စစ်ကောင်စီလက်နက်ကြီးကြောင့် စစ်တွေဒေသခံ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ချီလည်ပင်းကျေးရွာတွင် ယနေ့ နံနက် ၄ နာရီကျော်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ချီလည်ပင်းကျေးရွာမှ အသက် ၅၀ အရွယ် ဦးညီညီဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ အသက် ၄၀ အရွယ် ဦးအောင်ကျော်သန်း၊ ကိုရင်ငယ်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

“စစ်တွေမြို့နယ် ပါဒလိပ်တပ်ရင်းက ညဦးက လက်နက်ကြီး ၅ ကြိမ်လောက်ပစ်တယ်။ မနက်အရုဏ်တက်ချိန်မှာ ၆ ကြိမ်လောက်ပစ်တယ်။ အဲဒီအထဲက လက်နက်ကြီးနှစ်လုံး ရွာထဲကို လာကျတာ။ တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်တာ” ဟု ချီလည်ပင်း ကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။

ဒဏ်ရာရရှိသူများမှာ နီးစပ်ရာကျေးရွာများရှိ ဆေးဝါးနားလည်သူများထံတွင် ဆေးကုသမှု ခံယူနေကြရသည်။ 

“အခု စစ်သားတွေ အင်အားအလုံးအရင်းနဲ့ ရွာဖက်ကို လာကြနေကြတယ်။ အဲဒါကြောင့် ရွာသားတွေအကုန်လုံး ရှောင်နေကြပြီ။ ကျနော်တို့လည်း အခုပြေးနေရတယ်။ ဒီရွာမှ ဘာမှဖြစ်တာမရှိဘဲ စစ်သားတွေက တမင်ရည်ရွယ်ပြီး လုပ်နေတာ” ဟု ချီလည်ပင်းကျေးရွာသား နောက်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ချီလည်ပင်းရွာသားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်တွေမြို့နယ်တွင် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေသည်။ မြို့တွင်း၌ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားကာ ကျေးရွာဒေသများသို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေသည်။ 

“စစ်တွေမြို့နယ်က စစ်ကောင်စီလှုပ်ရှားမှုတွေဟာ ပေါက်တောတိုက်ပွဲနဲ့လည်း ဆက်စပ်နေတယ်။ နောက်ပြီး စစ်တွေမြို့ကို AA လာတိုက်မှာကို အာဏာပိုင်တွေက အရမ်းစိုးရိမ်နေကြတယ်။ ဒါကြောင့် စစ်တွေတပ်နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်သားတွေက နေ့ညမရွေး အမြောက်တွေတပ်ဆင်ပြီးတော့ ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတယ်။ ဒါတွေက ပြည်သူကို တမင်သက်သက် အကြမ်းဖက်နေတာလို့ မြင်တယ်”ဟု စစ်တွေမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်အပါဝင် ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

DMG သတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှ ၃၀ ရက်နေ့အထိ ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားသေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၈၄ ဦးအထိ ရှိလာနေသည်။ သေဆုံးဒဏ်ရာရ စာရင်းထဲတွင် တိုက်ပွဲပြင်းထန်နေသော ပေါက်တောမြို့မှ ဒေသခံများ မပါဝင်ပေ။

#D004 #DMG

ဗီဒီယိုများ