ရခိုင်တွင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူမှု ရာနှုန်းပြည့်နီးပါး ပြီးစီး

ရခိုင်ပြည်တွင် လက်ရှိ အိမ်ထောင်စုစာရင်း မရှိသူများကို အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြသည်။

By Admin 10 Feb 2023

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များ စစ်တွေမြို့နယ်ရှိ လူဦးရေစာရင်းကောက်အဖွဲ့များအား စစ်ဆေးကြည့်ရှုစဉ်။ ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်
ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်များ စစ်တွေမြို့နယ်ရှိ လူဦးရေစာရင်းကောက်အဖွဲ့များအား စစ်ဆေးကြည့်ရှုစဉ်။ ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်

DMG ၊ ဖေဖော်ဝါရီ ၁၀

ရွေးကောက်ပွဲအတွက် ရခိုင်ကမြို့နယ်များတွင် စစ်ကောင်စီက လူဦးရေစာရင်း ကောက်ယူနေမှုမှာ လက်ရှိတွင် ၉၉ ဒဿမ ၂၅ ရာခိုင်နှုန်းထိ ပြီးစီးကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေစာရင်း အချက်အလက်များကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ရက် ၂၀ ကြာ မြေပြင်ကွင်းဆင်းကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး၌ ကောက်ယူရန် လျာထားသည့် အိမ်ထောင်စုများအနက် ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်တွင် လက်ရှိ အိမ်ထောင်စုစာရင်း မရှိသူများကို အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြသည်။

အိမ်ထောင်စု လူဦးရေစာရင်း အချက်အလက်များကို e-ID Software ဖြင့်ချိတ်ဆက်ကာ အချက်အလက် ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန် ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ကောက်ယူနိုင်အောင် ကြိုးစားလျက်ရှိကြောင်း သတင်းစာက ဆိုသည်။

လူဦးရေစာရင်း ကောက်ယူရခြင်းမှာ လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် မှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ပြုစုပေးရန်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း လူဦးရေစာရင်း ကောက်ယူပြီးဖြစ်သော်လည်း စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဘဲ ဟန်ပြသဘောသာဖြစ်နိုင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

“စစ်ကောင်စီက လူဦးရေစာရင်း ကောက်တယ်ဆိုပေမယ့်လည်း ရွေးကောက်ပွဲက တရားမျှတမှုမရှိ ဆိုတာကို အကုန်လုံးသိပါတယ်။ ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ် မဲပေးသည်ဖြစ်စေ၊ ရွေးကောက်ပွဲဟာ တဖက်သတ် ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ နိုင်ငံတကာကရော၊ ပြည်တွင်းမှာပါ သုံးသပ်မှုတွေရှိနေတယ်။ ဒီကိစ္စကတော့ ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေကို လွတ်လပ်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပါဝင်လာအောင် စည်းရုံးရေးလုပ်တာလို့ပဲ မြင်ပါတယ်”  ဟု ပြောသည်။

စစ်ကောင်စီက လူဦးရေစာရင်းများ ကောက်ယူနေသော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများမှာ စိတ်ဝင်စားမှုမရှိကြောင်း ပြောဆိုကြသည်။

“ရွေးကောက်ပွဲက လုပ်ရင်တော့ ဖြစ်မှာပေါ့။ ရခိုင်ပြည်အတိုင်းအတာနဲ့ပြောရရင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရခိုင်ပြည်သူတွေက စိတ်ဝင်စားနည်းတာကို တွေ့ရတယ်။ စိတ်ဝင်စားမှုနည်းတာက ရွေးကောက်ပွဲလုပ်ရင် ဘာမှထူးလာတာ မရှိဘူး။ အခုက ရွေးကောက်ပွဲကလည်း သူတို့(စစ်ကောင်စီ)ဖက်က အတင်းအကြပ် လုပ်မလား၊ ဘယ်လိုဖြစ်မှာလဲဆိုတာ ပြောလို့မရသေးဘူး” ဟု စစ်တွေမြို့ခံ ဦးမောင်သာစိန် က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲ,မသမာမှု ရှိသည်ဟုအကြောင်းပြကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး စစ်ကောင်စီသည် ယခု ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အချိုးကျ ကိုယ်စားပြု PR စနစ်ဖြင့် ရွေး ကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲအတွက် စစ်ကောက်စီက လူဦးရေ စာရင်းကောက်ယူနေသည့် အဖွဲ့များ တိုက်ခိုက်ခံရပြီး ရဲနှင့်အုပ်ချုပ်ရေးမှူး သေဆုံးမှုများလည်း ရှိနေသည်။

သို့သော်လည်း ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ ယာယီ အပစ်ရပ်စဲထား၍ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူခြင်းမှာ အဆင်ပြေချောမွေ့ခဲ့သည်။

#R007

ဗီဒီယိုများ