နယ်မြေ မတည်ငြိမ်မှုကြောင့် တနင်္သာရီတွင် ဆီအုန်းလုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံနေ

တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ နယ်မြေ မတည်ငြိမ်မှုကြောင့် ဆီအုန်းခူးဆွတ်ရန် အလုပ် သမားများ ရှားပါးနေသည့် အတွက် ဆီအုန်းခြံများကို ပစ်ထားရကာ ဒေသစီးပွားရေး ထိခိုက်နေကြောင်း သိရသည်။

By Admin 08 Dec 2022

နယ်မြေ မတည်ငြိမ်မှုကြောင့် တနင်္သာရီတွင် ဆီအုန်းလုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံနေ

ဓာတ်ပုံ- လူမှုစာမျက်နှာ

DMG | ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ နယ်မြေ မတည်ငြိမ်မှုကြောင့် ဆီအုန်းခူးဆွတ်ရန် အလုပ် သမားများ ရှားပါးနေသည့် အတွက် ဆီအုန်းခြံများကို ပစ်ထားရကာ ဒေသစီးပွားရေး ထိခိုက်နေကြောင်း သိရသည်။

ဒေသအတွင်း မြန်မာစစ်တပ် နှင့် KNDO၊ ဒေသခံကာကွယ်ရေးအဖွဲ့ ကြား တိုက်ပွဲများအပါအဝင် စစ်ကောင် စီတပ်က ဒေသခံများကို လိုက်လံဖမ်းဆီးမှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ဆီအုန်း ခူးဆွတ်ရန် အဆင်မပြေဖြစ်နေကြသည်ဟု ဆိုသည်။

တနင်္သာရီမြို့ခံ ဆီအုန်းစိုက်ခင်း လုပ်ငန်းရှင်တစ်ဦးက “ တိုက်ပွဲဖြစ်နေတာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ရွာလုံးကျွတ်ကို ထွက်ပြေးနေရတယ်။ ဆီအုန်းခူးတဲ့ လုပ်သားတွေလည်း မရှိသလောက်ကို ဖြစ်သွားတယ်။ တိုက်ပွဲတွေ မဖြစ်ခင်က ကျနော့် စိုက်ခြံတွေမှာ လုပ်သား ၃၀ ကျော် အထိရှိတယ်။ အခု တိုက်ပွဲဖြစ်တာနဲ့ ခြံပိုင်ရှင်တွေမှာ ကိုယ့်ခြံထဲကို မဆင်းရဲ တော့သလို အလုပ်သမားတွေကလည်း ကြောက်တော့ အကုန် ရှောင်နေ ရတယ် ” ဟု ပြောသည်။

ယင်းအပြင် လက်ရှိအချိန်သည် ဆီအုန်းခူးရာသီဖြစ်သော်လည်း လုပ်သားရှာမတွေ့သည့်အတွက် ဆီအုန်းခင်းများကို ပစ်ထားရကြောင်းလည်း သိရသည်။

“ အခုချိန် ဆီအုန်းတွေရင့်ပြီး ခူးချိန်ရောက်နေပြီ။ လုပ်သားမရှိတော့ ဒီအတိုင်းပဲ ပစ် ထားလိုက်ရတယ်။ အခုအထိ ဆီအုန်းတွေ မခူးနိုင်ပဲ ပျက်စီးသွားတာ ဧက ငါးသောင်း ကျော်လောက် ရှိနေတယ် ” ဟု အဆိုပါ ဆီအုန်းခြံပိုင်က က ပြောသည်။

ထို့အပြင် ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်းစိုက်ဧက (၂၅၀,၀၄၁) နှင့် ကော့ သောင်း မြို့နယ်၌ (၁၆၅,၅၇၉ ) ဧက အထိရှိနေပြီး နယ်မြေ မတည်ငြိမ်မှုကြောင့် ပြည်ပသို့တင်ပို့ရန် ဆီအုန်းတန်ချိန် ခန့်မှန်းခြေ (၂၂၄,၀၀၀ ) ခန့် အထိ ဆုံးရှုံးနိုင် ကြောင်း ဆီအုန်းစိုက် ခြံလုပ်ငန်းရှင်များ ထံက သိရသည်။

ကော့သောင်းမြို့ရှိ ဆီအုန်းခြံပိုင်ရှင် တစ်ဦးက “ အဓိက လုပ်သား ရှားပါးမှုဖြစ်စေတယ်။ အခြား ဒေသက လုပ်သားငှား ရင်လည်း လုပ်အားခ ပိုကုန်ကျတယ်။ ရှိတဲ့လုပ်သားတွေနဲ့ ဆီအုန်းသီးတွေ ခူးရတယ်။ စစ်ကြောင်းတွေ ထိုးလာရင်လည်း လုပ်သားတွေ ကြောက်ပြီး ရှောင်နေရတော့ မခူးဆွတ်နိုင်တော့ဘူး။ အဲတာတွေကြောင့် ဆီအုန်း ထောင်ချီသောင်းချီ ကိုဆုံးရှုံးရတယ် ” ဟု ဆိုသည်။

ဆီအုန်းလုပ်ငန်းကို တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်စတင် စိုက်ပျိုးခဲ့ပြီး ယခု အချိန်ထိ နှစ်ပေါင်း သုံးဆယ်ကျော် ကြာမြင့်လာပြီးဖြစ်ကြောင်းသိရသည်။

ယင်းကြောင့် ဒေသအတွင်း စုစုပေါင်း ဆီအုန်းစိုက်ပျိုးဧက (၄၀၄၆၃၀ )ဧက အထိရှိနေပြီး ပြည်ပဝင်ငွေ ဒေါ်လာများ နှစ်စဉ်ရရှိနေသည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်းလည်း စီးပွားရေးသုတေသီများက ထောက်ပြသည်။

စီးပွားရေး သုတေသီတစ်ဦးက “ အရင် အစိုးရ အဆက်တိုင်း ဆီအုန်းကို စိုက်လာတာ အခု နှစ်ပေါင်း သုံးဆယ်ကျော် အတွင်း ဧက လေးသိန်းကျော် အထိရှိလာတယ်။ အထူးသဖြင့် တစ်နှစ်ကို ပြည်ပ ဝင်ငွေ ဒေါ်လာ အနည်းဆုံး သိန်းကျော် ဝန်းကျင်အထိရတဲ့ အဓိက လုပ်ငန်းဖြစ်နေတယ် ” ဟု ထောက်ပြသည်။

ယင်းအပြင် တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံတွင် အဓိက ဆီအုန်းထွက်ရာဒေသတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြပြီး ဆီအုန်းစိုက်ပျိုးရန် ပြည်တွင်း/ ပြည်ပ ကုမ္ပဏီ ( ၅၀ )ဝန်းကျင် အထိ ရင်းနှီးမြုပ်နှံထားကြောင်း ရင်နှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန စာရင်းများ အရသိရသည်။

ဗီဒီယိုများ