ကောင်စီကို တောင်းဆိုသည့် ရခိုင်အရပ်ဖက် ၇၇ ဖွဲ့တွင် ပေါက်တောလူထုစင်တာမပါဝင်

စစ်တပ်အာဏာရယူမှုကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းခံရသူများအား ချက်ချင်းပြန်လွှတ်ပေးရန် အပါအဝင်အချက်သုံးချက်ကို ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၇ ခုမှ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

23 Mar 2021

DMG ၊ မတ် ၂၄

စစ်တပ်အာဏာရယူမှုကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးထိန်းသိမ်းခံရသူများအား ချက်ချင်းပြန်လွှတ်ပေးရန် အပါအဝင်အချက်သုံးချက်ကို ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၇ ခုမှ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

တောင်းဆိုသည့် အရပ်ဖက်အဖွဲ့အစည်းများတွင် ပေါက်တောလူထုစင်တာအား ဘဝအားမာန် (ပေါက်တောလူငယ်စင်တာ) အမည်ဖြင့် လွဲမှားစွာ ထည့်သွင်းထားခဲ့ပြီး ပေါက်တောလူထုစင်တာအနေဖြင့် ကြေညာချက်တွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း အမှုဆောင်ကော်မတီဝင် ကိုအောင်ခိုင်က ပြောသည်။

“ ဒီကြေညာချက်ကို ထုတ်ပြန်တဲ့သူတွေက ကျွန်တော်တို့ရဲ့ သဘောဆန္ဒကို မေးမြန်းခဲ့တာမရှိဘဲ သူတို့ရဲ့သဘောဆန္ဒအတိုင်း ကျွန်တော်တို့ရဲ့ နာမည်ကို သုံးပြီးတော့ ကြေညာချက်ထုတ်ခဲ့ကြတာပါ။ ဒီထုတ်ပြန်ချက်မှာ ပါတဲ့အကြောင်းအရာတွေဟာ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ မတိုက်ဆိုင်ပါဘူး။ ဒါကြောင့် ဒီထုတ်ပြန်ချက်ဟာ ကျွန်တော်တို့နဲ့ လုံးဝမသက်ဆိုင်ပါဘူး ” ဟု သူကဆိုသည်။

ပေါက်တောလူထုစင်တာအဖွဲ့သည် လူမှုဖွံ့ဖြိုးတိုးတက်ရေးကိုသာ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ပါဝင်မှုမရှိရန်ကန့်သတ်မှုများရှိသဖြင့် ပါဝင်လိုစိတ်မရှိခြင်းဖြစ်ကြောင်းနှင့် နောက်နောင်တွင် ယခုကဲ့သို့ အဖွဲ့အစည်းနာမည်ကို သုံးစွဲခြင်းမရှိစေရေးအတွက် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဟု ကိုအောင်ခိုင်က ရှင်းပြသည်။

ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၇ ဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ကန့်ကွက်ဆန္ဒထုတ်ဖော်သော အရပ်သားပြည်သူများကို နည်းလမ်းမျိုးစုံအသုံးပြုပြီး အင်အားအလွန်အကျွံသုံး ဖြိုခွင်းမှုကြောင့် မတ်လ ၂၁ ရက်နေ့အထိ အရပ်သားပြည်သူသေဆုံးသူ ဦးရေ ၂၄၇ ဦး၊ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူဦးရေ ၂၃၄၅ ဦးအထိ ရှိလာသည်ဟု AAPP အဖွဲ့၏ စာရင်းအရ သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများ ထိခိုက်သေဆုံးခဲ့ကြရသူများနှင့် ၎င်းတို့မိသားစုများအတွက် မိမိတို့ကလည်း ထပ်တူစိတ်ထိခိုက်ဝမ်းနည်းရပြီး ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်ရကြောင်းကိုလည်း ဖော်ပြထားသည်။

ထို့အပြင် လက်နက်မဲ့ ပြည်သူများအပေါ် အင်အားအလွန်အကျွံသုံးဖြိုခွင်းသည့်လုပ်ရပ်များကို လုံးဝအဆုံးသတ်ပေးရန်၊ စစ်အာဏာသိမ်းမှုကို ဆန္ဒပြသဖြင့် ဖမ်းဆီးထားထိမ်းသိမ်းခံရသူများအား ချက်ချင်းလွှတ်ပေးရန်နှင့် ပြည်သူများလိုလားသော ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံး စွန့်လွှတ်ပေးရန် အလေးအနက်ထား တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အတူ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပူးပေါင်းကာ အကျိုးအမြတ် ရှာဖွေနေသော ဖောက်ပြန်ရေးသမား အပေါင်းတို့သည်လည်း အလွန်တရာမှ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော သတ္တဝါများဖြစ်ကြောင်း ရက္ခိုင့်ကျောင်သားသမဂ္ဂအဖွဲ့ ၁၁ ဖွဲ့မှ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ