ရသေ့တောင်တွင် နယ်ခြားစောင့်ရဲနှစ်ဦး ထွက်ပြေး

အဆိုပါ နယ်ခြားစောင့်စခန်းသည် ၂၀၂၁ ခုနှစ်ကပင် တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် နယ်ခြားစောင့်ရဲအင်အား ၇၀ ခန့် ရှိကြောင်း သိရသည်။ 

By Admin 20 Mar 2023

စေတီပြင်ကျေးရွာအနီး မေယုတောင်ပေါ်ရှိ  အထက် နန်းရာချေဝင်း နယ်ခြားစောင့်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
စေတီပြင်ကျေးရွာအနီး မေယုတောင်ပေါ်ရှိ  အထက် နန်းရာချေဝင်း နယ်ခြားစောင့်စခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ မတ် ၂၀

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနီး မေယုတောင်ပေါ်ရှိ  အထက် နန်းရာချေဝင်း စေတီတွင် တပ်စွဲနေထိုင်သည့် နယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦးမှာ ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်က စခန်းမှထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ 

“မနေ့က ညနေ ၅ နာရီလောက်က သူတို့နှစ်ယောက် ထွက်ပြေးတာပါ။ AA က ဖမ်းတာလား၊ သူတို့မှာ အဆက်အသွယ်ရှိတာကြောင့်လားတော့ မသိဘူး။ တန်းပြီးတော့ AA စခန်းထဲ ရောက်သွားတာ။ လက်နက်တွေတော့ မပါသွားဘူး” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် စေတီပြင်ကျေးရွာသားတစ်ဦးက ပြောသည်။  

ထွက်ပြေးသွားသည့် နယ်ခြားစောင့်ရဲ အမည်နှင့် ရာထူးများကို DMG က စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါ နယ်ခြားစောင့်စခန်းသည် ၂၀၂၁ ခုနှစ်ကပင် တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး လက်ရှိတွင် နယ်ခြားစောင့်ရဲအင်အား ၇၀ ခန့် ရှိကြောင်း သိရသည်။ 

အဆိုပါ နယ်ခြားစောင့်စခန်းနှင့် တစ်မိုင်ခွဲခန့် ဝေးသည့် မေယုတောင်ပေါ်တွင် ရက္ခိုင့်တပ်‌တော် (AA) တပ်စခန်း ရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။

“ဒေသခံတွေက တောင်နားမှာ တောင်ယာလုပ်ကြတာတွေ ရှိတယ်လေ။ သူတို့ ညဘက် အိမ်အပြန်လောက်မှာ အဲဒီရဲသားနှစ်ယောက်သွားတာကို မြင်လိုက်တယ်။ ကျောပိုးအိတ်ပါတယ်။ လက်နက်တွေတော့မပါဘူး။ နာမည်တွေ ရာထူးတွေတော့ မသိဘူး။ ဒါပေမယ့် AA ဆီရောက်သွားတာတော့ သေချာတယ်” ဟု နောက်ထပ် စေတီပြင်ရွာသားတစ်ဦးက ပြောသည်။

နယ်ခြားရဲတပ်ဖွဲ့ဝင်နှစ်ဦး ရက္ခိုင်တပ်တော်(AA)စခန်းသို့ ထွက်ပြေးသွားသည် ဆိုသည့် ဒေသခံများပြောဆိုချက်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ မြင်းလွှတ် နယ်ခြားစောင့်စခန်း၊ နခခ (၉) တပ်ရင်းမှ  တပ်ဖွဲ့ဝင် ၄ ဦးမှာ လက်နက်များယူဆောင်ပြီး စခန်းမှထွက်ပြေးသွားကြောင်း သိရသည်။ 

#I001

ဗီဒီယိုများ