ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၄ ခုရှိလာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)နှင့် ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP) တို့က ပါတီမှတ်ပုံတင်ရန် လျှောက်ထားခြင်း ဖြစ်သည်။

By Admin 11 Feb 2023

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်အတွင်းမှ ကြိုတင်မဲပေးမှုမြင်ကွင်းတစ်ခု။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်အတွင်းမှ ကြိုတင်မဲပေးမှုမြင်ကွင်းတစ်ခု။

DMG ၊ ဖေဖော်ဝါရီ ၁၁

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံရေးပါတီ မှတ်ပုံတင် လာရောက်လျှောက်ထားသည့် ပါတီ ၄ ခုရှိလာကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)နှင့် ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP) တို့က ပါတီမှတ်ပုံတင်ရန် လျှောက်ထားခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီအချို့ မှတ်ပုံတင်မှုများ ရှိလာနေသော်လည်း ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများက စဉ်းစားနေဆဲအဆင့်တွင် ရှိနေသည်။  

ရခိုင်တွင် အင်အားကြီးပါတီ (၃)ခု ရှိသည့်အထဲမှ ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီမှတ်တင်မည့်ကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက DMG သို့ ပြောသည်။

“ကျနော်တို့ပါတီအနေဲ့ ပါတီမှတ်ပုံတင်/မတင်ကို ပြောလို့မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါတီမှာ အစည်းအဝေး မလုပ်ရသေးဘူး။ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီးတော့ ဆွေးနွေးရဦးမယ်။ ဒါကြောင့် ပြောလို့မရသေးဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ထောက်ခံမည်ဆိုပါက အာဏာရှင်စနစ် အဓွန့်ရှည်သွားမည်ဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံးက ရွေးကောက်ပွဲကို ဆန့်ကျင်ပေးကြရန် အတိအလင်း ပြောဆိုထားသည်။   

သို့သော် ရခိုင့်ဦးဆောင်ပါတီ(AFP)ကတော့ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ပြောဆိုထားသည်။ 

စစ်ကောင်စီက အာဏာသိမ်းမှု ၂ နှစ်မပြည့်မီ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြန်လည်အတည်ပြုပြဌာန်းလိုက်ပြီး ထိုဥပဒေသစ်တွင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား ၁ သိန်းနှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများမှာ ပါတီဝင်အင်အား ၁,၀၀၀ ရှိရမည်ဖြစ်သည်။ ယင်းအပြင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ နှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ရှိရမည်ဟု ပါရှိသည်။

ထိုဥပဒေသစ်ကြောင့် ရခိုင်က တိုင်းရင်းသားမျိုးနွယ်စုပါတီတချို့မှာ  ငွေကြေးအခက်အခဲကြောင့် မှတ်ပုံတင်ရန် မသေချာတော့ပေ။

ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးအောင်ကျော်ဇောက  “အဓိကတော့ ကျနော်တို့မှာ ငွေကြေးက မတတ်နိုင်ဘူး။  သိန်း ၁၀၀ ဆိုတဲ့ကိစ္စက ကျနော်တို့ပါတီအတွက် သိပ်ပြီးတော့ အခက်အခဲတွေရှိတယ်။ သူတို့ (စစ်ကောင်စီ)က ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီမှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ဆီးသွားမယ် ဆိုပြီးတော့ ပြဌာန်းထားတယ်။ အဲဒါကြောင့် ကျနော်တို့ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် မှတ်ပုံတင်သွားမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

NLD အစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ မေလ ၂၅ ရက်နေ့ ထုတ်ပြန်ခဲ့သော ပါတီစာရင်းများအရ တစ်နိုင်ငံလုံးတွင် နိုင်ငံရေးပါတီ ၉၇ ခုရှိကြောင်း သိရသည်။ 

လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ဖြင့်ပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။ ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ မဲ,မသမာမှုရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ နှစ်ပြည့်သည့်အချိန်တွင် အာဏာပြန်လည်လွှဲအပ်ရမည် ဖြစ်သော်လည်း စစ်တပ်က အာဏာပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ တိုင်းပြည်သာမန်အခြေအနေမဟုတ်ဟု အကြောင်းပြကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နောက်ထပ် သက်တမ်း ၆ လတိုးကာ အာဏာရယူခဲ့ပြန်သည်။

#R007

ဗီဒီယိုများ