စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ပိတ်ထားသည့် ထောင်ဝင်စာတွေ့ခွင့်ကို ပြန်ခွင့်ပြု

ကိုဗစ်ကန့်သတ်ချက်များကြောင့် ၃ နှစ်ကျော်ကြာ ပိတ်ထားသည့် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှာ အကျဉ်းကျနေသူများ၏ ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာ ၂၄ ရက်မှ စတင်၍ စစ်ကောင်စီက ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

By Admin 25 Oct 2023

စစ်ကောင်စီက ၃ နှစ်ကျော်ကြာ ပိတ်ထားသည့် ထောင်ဝင်စာတွေ့ခွင့်ကို ပြန်ခွင့်ပြု

DMG ၊ အောက်တိုဘာ ၂၅

ကိုဗစ်ကန့်သတ်ချက်များကြောင့် ၃ နှစ်ကျော်ကြာ ပိတ်ထားသည့် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှာ အကျဉ်းကျနေသူများ၏ ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာ ၂၄ ရက်မှ စတင်၍ စစ်ကောင်စီက ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထောင်ဝင်စာလာတွေ့သူများမှာ မှတ်ပုံတင် မူရင်း၊ အိမ်ထောင်စုစာရင်း မူရင်း၊ ရက်သတ္တတစ်ပတ်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ မူရင်းနှင့် ကိုဗစ်ကာကွယ်ဆေး ၂ နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း အထောက်အထောက်များပါရမည်ဟု စစ်ကောင်စီမှ သတ်မှတ်ထားသည်။

ယင်းအပြင် ထောင်ဝင်စာတွေ့ခွင့်ကို တစ်လတစ်ကြိမ် ခွင့်ပြုပေးသွားမည်ဖြစ်ကာ တစ်ကြိမ်လျှင် အချိန် ၂၅ မိနစ် တွေ့ခွင့်ပြုသွားမည်ဟု ထောင်ဝင်စာတွေ့ခွင့် လိုက်နာရမည့်စည်းကမ်းချက်တွင် ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာမှ နိုင်ငံရေးပုဒ်မနှင့်‌ ထောင်ဒဏ်ချမှတ်ခံထားရသူ ကိုမြတ်သူထွန်းနှင့်တွေ့ဆုံရန် အောက်တိုဘာ ၂၄ ရက်က သွားခဲ့သော်လည်း ထောင်ဝင်စာတွေ့ခွင့် သတ်မှတ်ချက်များ မပါသည့်အတွက် တွေ့ခွင့်မရခဲ့ကြောင်း ဇနီးဖြစ်သူ မဦးမညွန့်ကပြောသည်။

“ကျမ အိမ်ရှင်က မြောက်ဦးနယ်သားပါ။ အဲ့ဒါကြောင့် မြောက်ဦးက ထောက်ခံစာရယူရမယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့ လက်မှတ်ယူရမယ်။ ပြီးရင် ကျေးရွာထောက်ခံစာ၊ ရဲထောက်ခံစာလိုတယ်လို့ ပြောပါတယ်။ ကျမမှာ ထောက်ခံချက်အကုန်ရမှ တွေ့ရမယ်ဆိုရင်တော့ အခက်အခဲရှိပါတယ်။” ဟု ပြောသည်။

ထောင်ဝင်စာတွေ့ခွင့် မရသည်မှာ ၃ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် အကျဉ်းကျနေသူများ၏ ကျန်းမာရေး၊ စားသောက်ရေးအတွက် မိသားစုဝင်များက စိုးရိမ်မှုများရှိကြသည်။

ထောင်ဝင်ခွင့်တွေ့ခွင့်ရသည်ဟု သတင်းကြားရသည့်အတွက် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် မောင်ဖြစ်သူနှင့် လာမည့်သီတင်းပတ်တွင် သွားတွေ့ရန်စီစဉ်ထားသည်ဟု ဒေါ်မနန်းစိုးက ပြောသည်။

“ကျမရဲ့ မောင်လေးဆိုရင် ထောင်ထဲမှာရှိနေတာက တရားရင်ဆိုင်နေရတဲ့ အချိန်ကတည်းကနေဆိုရင် ၃ နှစ်လောက် ရှိပြီ။ တခါမှလည်း တွေ့ဆုံခွင့်မရခဲ့ဘူး။ ဒါကြောင့် အခုလိုတွေ့ဆုံခွင့်ရမယ်လို့ ကြားတာကြောင့် ဝမ်းသာပါတယ်။” ဟု ဒေါ်မနန်းစိုးက ပြောသည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုမင်းဒီပါမှာ PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည) နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်က တစ်နိုင်ငံလုံးတွင်ရှိသော အကျဉ်းထောင်၊ အချုပ်ထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို NLD အစိုးရလက်ထက်ကစ၍ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ပိတ်ပင်ခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထောင်ဝင်စာတွေ့ခွင့်နှင့်ပတ်သက်ပြီး ဖြေလျော့ပေးပါက အကျဉ်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများကိုလည်း ဖြေလျော့ပေးသင့်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။

“ထောင်ဝင်စာတွေ့ခွင့်ကို အရင်ကတည်းကနေ ပေးရမှာပါ။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်နဲ့ စည်းကမ်းချက်တွေ၊ ဆေးစစ်တာတွေ ဘာတွေမရှိတာက တော်တော်လည်းကြာနေပြီ။ ဆိုတော့ ဒီကာလမှာမှ အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ခွင့် ပေးတယ်ဆိုတာက တော်တော်လည်း နောက်ကျနေပါပြီလို့ ပြောချင်တယ်။” ဟု ၎င်းကပြောသည်။

အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေသည့် ကာလမှာ သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ခွင့် ရှိသည်ဟု ပြဌာန်းထားသည်။

သို့သော်လည်း စစ်ကောင်စီ၏ ကိုဗစ်စည်းကမ်းချက်အရ တစ်လတစ်ကြိမ်သာ တွေ့ခွင့်ရမည်ဆိုသည်မှာ အကျဉ်းသားများအတွက် ဥပဒေပါအခွင့်အရေး ဆုံးရှုံးခံနေရကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများကပြောသည်။

“လူ့အခွင့်အရေး စံချိန်စံညွန်းအပေါ်မှာ ထောင်အရာရှိတွေက ချိုးဖောက်နေကြတာဖြစ်တယ်။ ဥပဒေပါ ပြဌာန်းချက်ကိုလည်း လိုက်နာမှုမရှိဘူး” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

DMG က ကောက်ယူထားသည့်စာရင်းအရ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူပူအောင် လှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က) တို့နဲ့ ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးမှာ တရားရင်ဆိုင်ရသူတွေနဲ့ ထောင်ဒဏ်ချမှတ် ခံထားရသူ ၁၂၈ ဦးအထိ ကျန်ရှိနေသေးသည်။

ULA/AA ၏စာရင်းအရ ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ ဩဂုတ်လအတွင်း စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်နှင့် ၆၁ ဦး ထပ်မံလွတ်မြောက်သဖြင့် လက်ရှိအချိန် ဖမ်းဆီးခံထားရသူ ၁၄၂ ဦး ကျန်ရှိနေသေးခြင်းဖြစ်သည်။

ဗီဒီယိုများ