ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ - ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက်(RWN) ဥက္ကဌ ဒေါ်ညိုအေးကို စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အပြီးသတ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 19 Mar 2024

ဓာတ်ပုံ - Saw Mya Thandar 
ဓာတ်ပုံ - Saw Mya Thandar 

ဒေါ်ညိုအေးမှာ (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဖြစ်မြောက်ရေးအတွက် အားပေးကူညီရာရောက်သည်ဟုဆိုကာ မတ်လ ၁၈ ရက်ရုံးချိန်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ 

“စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို အားပေးကူညီရာရောက်တယ်ဆိုပြီးတော့ အမေ့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်” ဟု သမီးဖြစ်သူ ဒေါ်စောမြသန္တာက DMG သို့ပြောသည်။ 

ဒေါ်ညိုအေးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်သည့် (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ (ဩဂုတ် ၁၃) အခမ်းအနားကို တက်ရောက်ပြီးနောက် နှစ်ရက်အကြာတွင် ဖမ်းဆီးခံရပြီး ပုဒ်မ - ၅၀၅ (က)ဖြင့် တရားစွဲဆိုခံခဲ့ရသည်။  

ယင်းနောက် ဒေါ်ညိုအေးကို ဩဂုတ် ၂၉ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ လက်ရှိတွင် ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါဖြစ်နေ၍ ကျန်းမာရေး မကောင်းသည့်အတွက် ဆေးကုခွင့်ရရှိစေလိုကြောင်း ဒေါ်စောမြသန္တာက ပြောသည်။ 

“အမေက ကျန်းမရေးသိပ်မကောင်းဘူး။ အသည်းအဆီဖုံးရောဂါလည်းဖြစ်နေတယ်။ ထောင်ထဲမှာနေရတာဆိုတော့ ရောဂါက နေကောင်းလိုက်၊ မကောင်းလိုက်ဖြစ်နေတယ်။ ဆေးရုံမှာ နားနားနေနေ တစ်ပတ်လောက်ဆေး ကူလိုက်ရင်တော့ ကောင်းသွားမယ်။ အခုက ဆေးကုသခွင့်လုံးဝမရဘူး” ဟု သူက ဆိုသည်။

ဒေါ်ညိုအေးမှာ အမျိုးသမီးအရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ကို တည်ထောင်ထားသူဖြစ်သည်။

စစ်တွေဆန်ပြဿနာနေ့မှာ ၁၉၆၇ ခုနှစ်၊ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း လက်ထက်တွင် ရခိုင်ပြည်၌ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကို ဖြေရှင်းပေးရန် စစ်တွေဒေသခံများ တောင်းဆိုဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူရာချီ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ဗီဒီယိုများ