၅၀၅(က)ဖြင့် တရားစွဲထားသည့် ဒေါ်ညိုအေးကို စတင်စစ်ဆေး

ယနေ့ရုံးချိန်းတွင် တရားသူကြီးက (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် တက်ရောက်စကားပြောခြင်းမှာ ‘အပြစ်ရှိ/မရှိ’မေးမြန်းရာ ဒေါ်ညိုအေးက ‘အပြစ်မရှိ’ဟု ထွက်ဆိုခဲ့ကြောင်း သမီးဖြစ်သူက ပြောသည်။ 

By Admin 04 Dec 2023

(၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ နှစ်ပတ်လည်အခမ်းအနားတွင် တွေ့ရသော ဒေါ်ညိုအေး။ 
(၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ နှစ်ပတ်လည်အခမ်းအနားတွင် တွေ့ရသော ဒေါ်ညိုအေး။ 

DMG ၊ ဒီဇင်ဘာ ၄

နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးက အမှုစတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ယနေ့ရုံးချိန်းတွင် တရားသူကြီးက (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် တက်ရောက်စကားပြောခြင်းမှာ ‘အပြစ်ရှိ/မရှိ’မေးမြန်းရာ ဒေါ်ညိုအေးက ‘အပြစ်မရှိ’ဟု ထွက်ဆိုခဲ့ကြောင်း သမီးဖြစ်သူ ဒေါ်စောမြသန္တာက ပြောသည်။ 

“အမေက အပြစ်မရှိဘူးလို့ ပြောတယ်။ အပြစ်မရှိဘူးဆိုရင် သက်သေတွေပြလို့ တရားသူကြီးက ပြောတယ်။ ကျမမှာ သက်သေနှစ်ယောက်ရှိတယ် ဆိုပြီး အမေကပြောတယ်”ဟု သမီးဖြစ်သူက ပြောသည်။ 

အမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာ ၁၈ ရက်ကို ထပ်မံရုံးချိန်းထားပြီး ခံပြသက်သေများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးအရေးကိစ္စများတွင် တက်ကြွစွာဆောင်ရွက်နေသည့် ဒေါ်ညိုအေးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်သည့် (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ (ဩဂုတ် ၁၃) နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့သည်။ ယင်းနောက် နှစ်ရက်အကြာတွင်ဖမ်းဆီးခံရပြီး စစ်တွေမြို့ အမှတ်(၁)ရဲစခန်း စခန်းမှူးက တရားလိုလုပ်ကာ ပုဒ်မ - ၅၀၅ (က)ဖြင့် တရားစွဲဆိုခဲ့သည်။ 

ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါဖြစ်နေ၍ ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့် ဆေးကုသခွင့်ရရန် မြို့နယ်အကျဉ်းဦးစီးဌာနသို့ အောက်တိုဘာလ ၂၂ ရက်နေ့က စာတင်ထားသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးပေ။  

“ခြေထောက်အကြောတင်လို့ ဒီနေ့ရုံးချိန်းမှာဆိုရင် ပတ်တီးစည်းထားရတယ်။ လမ်းတောင်မလျှောက်နိုင်ဘူး။ အောက်တိုဘာလကတည်းက ဆေးကုသခွင့်ရဖို့တောင်းထားတာ အခုထိမရသေးဘူး။ အမိန့်ချရင်လည်း မြန်မြန်ချစေချင်တယ်” ဟု ဒေါ်စောမြသန္တာက ပြောသည်။

စစ်တွေဆန်ပြဿနာနေ့ကို ဦးဆောင်ပြုလုပ်သည့် ကျောင်းသားခေါင်းဆောင်များကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေနေသဖြင့် ကျောင်းသားများမှာ တိမ်းရှောင်နေကြရသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏တရားစီရင်ရေးသည် အာဏာရှင်များအတွက်သာ ဖြစ်နေကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ တရားစီရင်ရေးဟာ ပြည်သူတွေအတွက် ရပ်တည်တယ်ဆိုရင်တော့ တရားစွဲဆိုမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့လာရောက်ပြီး တရားရင်ဆိုင်မယ်။ အခုက အာဏာတစ်ဖက်တည်းကိုကြည့်ပြီး တရားစီရင်နေတာဖြစ်လို့ အဖမ်းမခံနိုင်ဘူး” ဟု သူက ပြောသည်။ 

ရခိုင်ပြည်တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(က)တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော်ခန့် ရှိနေသေးကြောင်း DMG က ကောက်ယူထားသော စာရင်းအရ သိရသည်။ 

#D002 #DMG

ဗီဒီယိုများ