သံတွဲဒေသခံ ၄ ဦးအမှု စစ်ဆေးပြီးဖြစ်သော်လည်း ၁၀ လကျော်ကြာထိ အမိန့်မချသေး 

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်သည်ဟုဆိုကာ တရားစွဲခံထားရသော သံတွဲဒေသခံ ၄ ဦးအမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီက သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သော်လည်း ၁၀ လကျော်ကြာသည့်တိုင် အမိန့်မချဘဲ ရက်ရွှေ့နေကြောင်း သိရသည်။

By Admin 10 Nov 2023

သံတွဲမြို့နယ်တရားရုံး
သံတွဲမြို့နယ်တရားရုံး

DMG ၊ နိုဝင်ဘာ ၁၀

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဉပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသော သံတွဲဒေသခံ ၄ ဦးအမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီက သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သော်လည်း ၁၀ လကျော်ကြာသည့်တိုင် အမိန့်မချဘဲ ရက်ရွှေ့နေကြောင်း သိရသည်။

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုးအပါအဝင် သံတွဲဒေသခံ ဦးစိန်သောင်း၊ ဦးဝင်းမောင်နှင့် ဦးခင်မောင်အေး တို့ကို သံတွဲအခြေစိုက် စစ်ကောင်စီ  ၅၅ ခြေလျင်တပ်ရင်းမှ အရာရှိတစ်ဦးက တရားလိုလုပ်ကာ တရားစွဲဆိုထား ခြင်းဖြစ်သည်။

၎င်းတို့ကို နိုဝင်ဘာလ ၉ ရက်နေ့က သံတွဲမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချသေးဘဲ လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့သို့ ထပ်မံချိန်းလိုက်ကြောင်း ဦးစိန်သောင်း၏ မိသားစုဝင်တစ်ဦးက DMG သို့ ပြောသည်။

“အခုဆိုရင် အမိန့်မချဘဲ အကြိမ်ကြိမ် ရုံးချိန်းရွှေ့နေတာ ၁၀ လကျော်သွားပြီ။ မနေ့က ရုံးချိန်းမှာလည်း အမိန့်မချဘဲ ထပ်မံရုံးချိန်းလိုက်ပါတယ်။ ကျမတို့အနေနဲ့ကတော့ အမြန်ဆုံး အမိန့်ချစေချင်တယ်။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး လွှတ်ပေးစေချင်တယ်” ဟု ၎င်းက ပြောသည်။ ကိုစိန်သောင်းကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ  စစ်ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် နေအိမ်ကနေ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည့်အတွက် ကာယကံရှင်နှင့် မိသားစုဝင်များမှာ နစ်နာသဖြင့် အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း ထွေအုပ်ဝန်ထမ်း ကိုဝင်းမောင်မောင်ဖြိုး ၏ ဇနီးဖြစ်သူ မနှင်းအိအိလွင် ကပြောသည်။

“မိသားစုတွေအနေနဲ့ နစ်နာမှုတွေတော့ အများကြီးရှိတာပေါ့။ လွတ်ငြိမ်းမှာလည်း ပါမလာဘူး။ အခုဆိုရင် အဖမ်းခံထားရတာ ၁ နှစ် ကျော်သွားပြီ။ သူကအစိုးရ ဝန်ထမ်းပါ။ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိပါဘူး” ဟု ၎င်းက ပြောသည်။ 

ကိုဝင်းမောင်မောင်ဖြိုးမှာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို AA ထံ သတင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း ရှိသည်ဟုဆိုကာ စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့်အတူ နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် တရားစွဲခဲ့သည်။ ယင်းအမှုထဲမှ ၅၀၅ (က) အမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချခဲ့ပြီး လက်ရှိတွင် ပုဒ်မ ၁၇ (၁) ဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

DMG က ကောက်ယူထားသောစာရင်းအရ - ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)(၂)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(က)တိုဖြင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော်ခန့် ရှိနေသေးသည်။ 

ULA/AA စာရင်းအရ - ရခိုင်တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၃၉၁ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီ လွတ်ငြိမ်းခွင့်ဖြင့် ၆၁ ဦး ထပ်မံလွတ်လာခဲ့၍ လက်ရှိတွင် တရားရင်ဆိုင်နေရသူ ၁၄၂ ဦး ကျန်ရှိနေသေးနေသေးသည်။

#D002 #DMG 

ဗီဒီယိုများ