သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်အတူ ငတ်ပြတ်နေသူများလည်း ရှိလာနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

By Admin 07 Apr 2025

သံတွဲ စစ်ဘေးရှောင်စခန်း တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - လေးဝတီ(သံတွဲ)
သံတွဲ စစ်ဘေးရှောင်စခန်း တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - လေးဝတီ(သံတွဲ)

DMG ၊ ဧပြီ ၇

ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင်များမှာ အလှူရှင် နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ စစ်ဘေးရှောင်အချိန် ကြာမြင့်လာခြင်းနှင့် ကုန်ဈေးနူန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့် စားဝတ်နေရေး အခက်ကြုံနေကြသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်အတူ ငတ်ပြတ်နေသူများလည်း ရှိလာနေကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

" ပင်လယ်ထွက်ဖို့ကလည်း အဆင်မပြေတော့ လုပ်စရာ အလုပ်မရှိဘူး။ စစ်ဘေးရှောင်တာလည်း ကြာလာပြီ။ ရောင်းစားစရာလည်း မရှိတော့ဘူး။ အခုနောက်ပိုင်း ကူညီထောက်ပံ့ရေးအဖွဲ့ဆိုလည်း သိပ်မရောက်တော့ အငတ်ဘေးဆိုက်တော့မယ် " ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

သံတွဲဒေသခံများမှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို အဓိက မှီခို၍ လုပ်ကိုင်စားသောက်ကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေသဖြင့် ‌နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

ယင်းအပြင် ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများမှာလည်း အလှူငွေ ရရှိမှု နည်းပါးကာ ကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ကူညီနေရသောကြောင့် စစ်ဘေးရှောင်စခန်းအချို့မှာ ရိက္ခာပြတ်လပ်မှုများ ရှိလာသည်။

" တချို့ စစ်ရှောင်စခန်းတွေဆို စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံနေရတယ်။ ဒီဒေသက အဖွဲ့အစည်းတွေကတော့ စစ်ဘေးရှောင်တွေ ဆေးကုသတဲ့ဖက်ကိုလည်း အားစိုက်နေရတော့ စားနပ်ရိက္ခာဖက်ကို အားနည်းသွားတာပေါ့။ ကျနော်တို့ ဆန်တစ်ခုပဲ လှူနိုင်တဲ့အခါ ထမင်းတစ်ခုပဲ စားကြရတဲ့ စစ်ရှောင်တွေ ရှိတယ် " ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဦးဖြိုးမောင်မောင်က ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ အာဟာရချို့တဲ့ခြင်း၊ ကာလကြာမြင့်စွာ အမိုးအကာ မလုံခြုံသည့် နေရာများတွင် နေထိုင်ရခြင်းတို့ကြောင့် ကျန်းမာရေးချို့တဲ့သူများလည်းရှိသည်ဟု လေးဝတီ- သံတွဲ စစ်ဘေးရှောင်များ ကူညီထောက်ပံရေးအဖွဲ့က ဧပြီ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်က စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ အရေပြားယားနာ အပါအဝင် ရေရှားပါးသည့် ပြဿနာတို့ကိုလည်း ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။