မြန်မာ့အရေး တရုတ်ကူညီပေးမှုကို စစ်ကောင်စီ ကျေးဇူးတင်စကားဆို

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက ဝင်ရောက်ဆောင်ရွက်ကူညီပေးမှုကို မြန်မာနိုင်ငံအနေဖြင့် အမြဲတမ်း ကျေးဇူးတင်ရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

By Admin 10 Jan 2024

စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေး ဒု-ဝန်ကြီးတို့ ဇန်နဝါရီ ၅ ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - CINCDS)
စစ်ခေါင်းဆောင်နှင့် တရုတ်နိုင်ငံခြားရေး ဒု-ဝန်ကြီးတို့ ဇန်နဝါရီ ၅ ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - CINCDS)

စစ်ကောင်စီနှင့် တရုတ်တို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့်ပက်သက်၍ ယမန်နေ့ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောဆိုထားသည်။ 

“မြန်မာနိုင်ငံအနေနဲ့လည်း အရင်တုန်းက ကျနော်တို့ ပြောနေကြဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၊ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေး ဒီမူဝါဒတွေကို လက်ခံထားတယ်” ဟု ၎င်းကပြောသည်။

ဇန်နဝါရီ ၅ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး Mr. Sun Weidong တို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား၍ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်နေသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နှင့် ထိကပ်နေသည့် တရုတ်နိုင်ငံ နန်ဆန်မြို့ထဲသို့ ဇန်နဝါရီ ၃ ရက်က လက်နက်ကြီးကျရောက်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် တရုတ်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

လက်နက်ကြီးကျရောက်၍ တရုတ်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သို့သော် တရုတ်နှင့်တွေ့ပြီးနောက် ဗိုလ်ချုပ် ဇော်မင်းထွန်းက အိမ်နီးနားချင်းနိုင်ငံနှင့် အိမ်နီးနားချင်း နိုင်ငံများ၏ ပြည်သူလူထုအပေါ် အကျိုးစီးပွားထိခိုက်အောင်လုပ်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမှ မြန်မာမြေပေါ်တွင် အခြေချပြီးလုပ်ကိုင်ခွင့် ပေးမည်မဟုတ်ကြောင်း ကြုံးဝါးပြောဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြဲတမ်း အခိုင်အမာ ထောက်ခံအားပေးပြီး မြောက်ပိုင်းအခြေအနေများ ပြန်လည်တည်ငြိမ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ကောင်စီက သတင်းထုန်ပြန်ထားသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “စစ်ဆင်ရေးကြောင့် နယ်စပ်မြို့တွေကို ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ တရုတ်ကိုချဉ်းကပ်ပြီး ညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးမှုတွေလုပ်တယ်။ ဒါပေမယ့် ဘာရလာဒ်မှ မထွက်ဘူး။ အခုလည်း တရုတ်ဦးဆောင်မှုနဲ့ စစ်ပြေငြိမ်းနိုင်မလားဆိုပြီး တရုတ်နဲ့အဆင်ပြေအောင် ပြောနေတာဖြစ်တယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် တပ်စခန်းကြီး/ငယ်များအပြင် အရေးပါသော နယ်စပ်ဒေသများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် တရုတ်၏အကူအညီဖြင့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးကို လျော့ကျသွားအောင် ကြိုးပမ်းလျက်ရှိနေသည်။

တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ညီနောင် (၃) ဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအတွင်း နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

လက်ရှိတွင် ညီနောင်သုံးဖွဲ့၏စစ်ဆင်ရေးကြောင့် မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့ အပါအဝင် ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကြူကုတ် (ပန်ဆိုင်း)၊ မုန်းကိုး၊ ကုန်းကြမ်းမြို့အပြင် ရှမ်းမြောက်ရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးထားရသည်။

ဗီဒီယိုများ