စစ်တွေ အိန္ဒိယဆိပ်ကမ်းမှ ကုန်သွယ်ခွင့်ရလျှင် ဒေသအတွက် အကျိုးရှိလာနိုင်ဟု လုပ်ငန်းရှင်များဆို

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

By Admin 02 May 2023

ကုလားတန်စီမံကိန်းထဲမှ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းအား တွေ့ရစဉ်။
ကုလားတန်စီမံကိန်းထဲမှ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းအား တွေ့ရစဉ်။

DMG ၊ မေ ၂

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား တိုက်ရိုက်ကုန်သွယ်နိုင်မည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးအတွက် အရေးပါသည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည်ဟု သိရှိထားရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်အောင်က ပြောသည်။

“အိန္ဒိယဆိပ်ကမ်း(စစ်တွေ) ဖွင့်တော့မယ်ဆိုတာက မှန်ပါတယ်။ ဒီလ ၉ ရက်နေ့ ဖွင့်မယ်လို့တော့ ပြောပါတယ်။ သူတို့ (အိန္ဒိယ)ဘက်ကလည်း ဘိလပ်မြေသင်္ဘောတစ်စီး လာဖို့ရှိတယ်။ အဲနေ့မှာ တခါတည်း ဆိပ်ကပ်ပြီး ဖွင့်မယ်လို့ အကြမ်းဖျင်း သိထားပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ရုံး(စစ်တွေ)ကလည်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ထားပြီး ဆိပ်ကမ်းဖွင့်ပွဲနေ့တွင် ရခိုင်ပြည်အတွင်းက လုပ်ငန်းရှင်များကို ဖိတ်ကြားသွားမည်ဟု အိန္ဒိယကောင်စစ်ဝန်ရုံးမှ အကြောင်းထားသည်ဟု ဦးအောင်အောင်က ပြောသည်။

မကြာမီဖွင့်လှစ်မည့် စစ်တွေဆိပ်ကမ်းသစ်တွင် တန်ချိန် ၅ ထောင်မှ ၆ ထောင်ရှိသင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် တိုက်ရိုက် ကုန်သွယ်မှု ပြုလုပ်နိုင်မည်ဖြစ်၍ ဒေသတွင်းကုန်ထုတ်လုပ်မှုကိုလည်း အတိုင်းအတာတစ်ခုထိ အထောက်အကူပြုနိုင်မည်ဟု ရခိုင်ကုန်သည်များက ရှုမြင်ကြသည်။

“ရခိုင်မှာ ဆိပ်ကမ်းကောင်းကောင်း မရှိတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးလောက်ပဲ လုပ်နိုင်ခဲ့တာပေါ့။ အခုအခြေအနေမှာဆိုရင်တော့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွေကိုပါ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်အောင်က ပြောသည်။

အိန္ဒိယဆိပ်ကမ်းဖွင့်မည့် အစီအစဉ်သည် ရခိုင်ပြည်၏ ကုန်သွယ်မှုအတွက် အခွင့်အလမ်းတစ်ခု ပွင့်သွားခြင်းဖြစ်ပြီး ထိုအခွင့်အလမ်းကို အခြေပြု၍ စနစ်တကျ လုပ်ဆောင်နိုင်ပါက ရခိုင်ပြည်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

“ရခိုင်ပြည် စီးပွားရေး၊ ကုန်သွယ်မှုပတ်ဝန်းကျင်က စနစ်တကျနဲ့ အသုံးချလို့ရမယ့် အစီအစဉ်တွေကို ကြည့်ပြီးလုပ်မယ်ဆိုရင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ အလုပ်အကိုင်ရရှိရေး၊ အဲဒီကတဆင့် ရခိုင်ပြည်သူလူထု၊ အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေရရှိရေးတွေကို ဖန်တီးနိုင်တဲ့ အလားအလာရှိတယ်လို့တော့ မြင်တယ်” ဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက ပြောသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြား တရားဝင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီး စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတွင် စီမံကိန်းတွင် အိန္ဒိယနိုင်ငံမှ ကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး ကုန်းလမ်းနှင့်ရေလမ်း ဟူ၍ နှစ်မျိုးပါဝင်သည်။ ရေလမ်းမှာ စစ်တွေမှ ပလက်ဝ အထိဖြစ်ပြီး ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကုန်လမ်းဖြင့် ဆက်သွယ်သွားမည်ဖြစ်သည်။

#I003

ဗီဒီယိုများ