စစ်ရေးပဋိပက္ခနှင့် ဘတ်ငွေဈေး မတည်ငြိမ်မှုတို့ကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု အေးစက်နေ

ကုန်သွယ်ရာတွင် ဘတ်ငွေလဲလှယ်စျေးနှုန်း ပြန်လည်ကျဆင်းလာခြင်းနှင့် ကော့ကရိတ်-မြဝတီ အာရှလမ်းတို့တွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအခြေအနေမှာ အေးစက်နေခြင်းဖြစ်သည်။

By Admin 04 Mar 2023

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ မတ် ၄

ကရင်ပြည်နယ် မြဝတီမြို့ ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) တံတားဂိတ် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော်လည်း စစ်ရေးပဋိပက္ခနှင့် ဘတ်ငွေဈေး လဲလှယ်နှုန်း မတည်ငြိမ်မှုတို့ကြောင့် လက်ရှိတွင် နှစ်နိုင်ငံ ကုန်သွယ်ရေး အခြေအနေ အေးစက်နေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက် နေ့ကစတင်  ပြန်လည် ဖွင့်လှစ်ပြီးနောက် ရက်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၈ သန်း ဝန်းကျင်အထိ နှစ်နိုင်ငံကုန်သွယ်နိုင်ကြောင်း မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ရှိသူထံက သိရသည်။

သို့သော် ကုန်သွယ်ရာတွင် ဘတ်ငွေလဲလှယ်စျေးနှုန်း ပြန်လည်ကျဆင်းလာခြင်းနှင့် ကော့ကရိတ်-မြဝတီ အာရှလမ်းတို့တွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအခြေအနေမှာ အေးစက်နေခြင်းဖြစ်သည်။

“နှစ်နိုင်ငံ ကုန်သွယ်ရေးအနေအထားက ဘတ်ငွေလဲလှယ်တဲ့အပေါ်နဲ့ ကော့ကရိတ်လမ်းမပေါ် မူတည်နေတယ်။ အခုက ဘတ်စျေးတွေ အကျဘက်သွားနေတော့ ပြည်တွင်းကုန်သည်တွေက အမြတ်နည်းတယ်။ အဲဒါကြောင့်လည်း ကုန်သွယ်ရေးအခြေအနေက အေးစက်နေတုန်းပါပဲ” ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။ 

အဆိုပါနယ်စပ်ဂိတ်မှ ပြည်တွင်းသို့ ထိုင်းနိုင်ငံမှသွင်းကုန်များကိုသာ အများဆုံးတွေ့ရပြီး တစ်နေ့လျှင် ကုန်ကားအစီးရေ ၅၀၀ ကျော်အထိ ရှိနေကြောင်း မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူထံက သိရသည်။

“ဂိတ်ဖွင့်ပြီးနောက်ပိုင်း ထိုင်းဘက်က သွင်းကုန်တွေ ပိုပြီး ကုန်သွယ်လာတယ်။ ပြည်တွင်းကနေ ပို့ကုန်အနေအထားက လမ်းကြောင်းလုံခြုံရေး အခြေအနေအရ နည်းနေတာ” မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှသွင်းကုန် တနေ့လျှင် အမေရိကန် ဒေါ်လာ ၅ သန်းမှ ၈ သန်း ကြားရှိနေပြီး မြန်မာမှပို့ကုန်များကို ထိုင်းနိုင်ငံသို့ တနေ့လျှင် အမေရိကန် ဒေါ်လာ ၂ သန်းမှ ၅ သန်း ဝန်းကျင်သာ တင်ပို့နိုင်ကြောင်း ကုန်သည်များက ပြောဆိုသည်။

“ထိုင်းဘက် သွင်းကုန် အခြေအနေက တနေ့ကို ဒေါ်လာ ၈ သန်း လောက်ရှိတယ်။ ပြည်တွင်းမှာ နိုင်ငံရေးအခြေအနေမကောင်းတော့ ပို့ကုန်က တနေ့ကို ဒေါ်လာ နှစ်သန်းကျော်လောက်ပဲ ရှိတယ်။ ပုံမှန်ဆိုရင် ပို့ကုန်အနေအထားက တစ်ရက်ကို ဒေါ်လာ သုံးသန်းကနေ ၁၀ သန်းက လောက်ရှိခဲ့တာ။ အခုကျတော့ အရင်နှစ်တွေထက်စာရင် အရမ်းကို နည်းသွားတယ်” ဟု မြဝတီရှိ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ထိုင်း- မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်များက အမေရိကန် ဒေါ်လာ သန်း ၁,၀၀၀ ကျော်အထိ ကုန်သွယ်နိုင်ခဲ့သော်လည်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ၉၇ သန်း ဝန်းကျင်သာ ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

မြဝတီ ကုန်သွယ်ရေးဇုန်တွင် ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးသုံးပစ္စည်း၊ ဆေးဝါးဆက်စပ်ပစ္စည်း၊ CMP အထည်အလိပ်၊ အိမ်ဆောက်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းနေပြီး မြန်မာနိုင်ငံမှ ရာဘာ၊ ရေထွက်ပစ္စည်း၊ ပဲ၊ ပြောင်း၊ ဆန်မှုန့်နှင့် ဂေါ်ဖီ တို့ကို ထိုင်းနိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။

ထို့အပြင် ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာ တို့ကို တိုက်ရိုက်ပေးချေခွင့် ပြုထားကြောင်း သိရသည်။

#F004

ဗီဒီယိုများ