မြောက်ဦး သျှစ်သောင်းပုထိုးတွင် ဒီဂျစ်တယ် လမ်းညွှန်စနစ်ထားရှိရန် စီစဉ်နေ

ရခိုင်ပြည်၊ ရှေးဟောင်းမြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်တွင် ဒီဂျစ်တယ်လမ်းညွှန်စနစ် (The Pagoda Digital Directory) ပြုလုပ်ထားရှိရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေကြောင်း သတင်းရရှိသည်။

By Admin 08 Sep 2023

မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်အား တွေ့ရစဉ်။
မြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်အား တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၈

ရခိုင်ပြည်၊ ရှေးဟောင်းမြောက်ဦးမြို့ရှိ သျှစ်သောင်းပုထိုးတော်တွင် ဒီဂျစ်တယ်လမ်းညွှန်စနစ် (The Pagoda Digital Directory) ပြုလုပ်ထားရှိရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၅ ရက်နေ့ နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရန်ကုန် ရွှေတိဂုံစေတီတော်၊ မန္တလေး မဟာမြတ်မုနိဘုရား၊ မွန်ပြည်နယ် ကျိုက်ထီရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံ၊ အာနန္ဒာဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ မကွေးမြို့ မြသလွန်၊ ပြည် ရွှေဆံတော်နှင့် ရခိုင်ပြည်၊ သျှစ်သောင်းပုထိုးတို့တွင် ထားရှိရန်ပြောခဲ့သည်။

သာသနာရေးနင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “သက်ဆိုင်ရာ ဘုရားများရဲ့ သတင်းအချက်အလက် အကြောင်းအရာများ၊ ဘုရားသမိုင်းများနဲ့ ပတ်သက်ပြီး Digitalize Touchscreen များ ပြုလုပ်ပြီး အများပြည်သူ အလွယ်တကူသိရှိအောင် ခေတ်မီနည်းပညာများ အသုံးပြုပြီး ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု MRTV သတင်းတွင် ဖော်ပြသည်။

The Pagoda Digital Directory ဆိုသည်မှာ ဘုရားပုထိုးများ၏ အကြောင်းအရာအချက်အလက်များ၊ သမိုင်းများနှင့် တခြားအချက်အလက်များအား စုဆောင်းထားပြီး ခေတ်မီနည်းပညာများ အသုံးပြုကာ ခရီးသည်များအနေဖြင့် ဘုရားနှင့်ပတ်သက်ပြီး အလွယ်တကူ သိရှိနိုင်မည့် စနစ်မျိုးဖြစ်ကြောင်း သိရသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး လက်ရှိတွင် ရခိုင်ပြည်နယ် သာသနာရေးဦးစီးဌာနမှ သျှစ်သောင်းဘုရား ဂေါပကအဖွဲ့သို့ စာဖြင့်အကြောင်းကြားထားကြောင်းလည်း သျှစ်သောင်းဘုရားဂေါပက ဥက္ကဌ ဦးစောရွှေမောင်က ပြောသည်။

ထို့အတူ Pagoda Digital Directory မှာ  ရခိုင်ပြည်အပါအဝင် မြန်မာပြည်အနှံ့နှင့် နိုင်ငံတကာ ခရီးသွားများအနေဖြင့် ဘုရားသမိုင်း၊ အကြောင်းအရာများကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်၍ ထိုအစီစဉ်မှာ ကောင်းမွန်ကြောင်း ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များက ဆိုသည်။

“လာရောက်လေ့လာသူတွေက အလွယ်တကူ ကြည့်လို့ရသလို ကျွန်မတို့အနေနဲ့လည်း သမိုင်းမှန်ကို ကြည့်လို့ရမယ်။ မဟုတ်ရင် ပါးစပ်ရာဇဝင်နဲ့ လူတွေလျှောက်ပြောတာတွေနဲ့ ရှုပ်ထွေးနေတော့ ဒီလိုမျိုး နည်းစနစ်တွေနဲ့ ရေးထားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ကောင်းသွားမယ်လို့ မြင်ပါတယ်” ဟု မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။

သျှစ်သောင်းပုထိုးတော်ကြီးကို မြောက်ဦးခေတ် ဘုရင်မင်းဗာကြီးက ကောဇာသက္ကရာဇ် (၈၉၄) ခုနှစ်တွင် တည်ထားခဲ့ပြီး ရခိုင်ယဉ်ကျေးမှု ဗိသုကာလက်ရာများရှိနေသဖြင့် မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပုထိုးတော်ကြီးတစ်ဆူဖြစ်သည်။

မြောက်ဦးမြို့ခံ ကိုကျော်သန်းလှိုင်က “ဘုရားသမိုင်းတွေ၊ ဘုရားတည်ခဲ့တဲ့ သက္ကရာဇ်တွေ၊ ဘုရားသမိုင်းအကြောင်းတွေ အများသိအောင် ဖော်ပြမယ်ဆိုရင် ကောင်းပါတယ်။ ဘုရားဖူးပြီးတော့ အဲဒီဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မသိခဲ့ဘူးဆိုရင်တော့ အဓိပ္ပာယ်မရှိတဲ့သဘော ဖြစ်တာပေါ့။ သမိုင်းကို အတိအကျဖော်ပြထားမယ်ဆိုရင်တော့ ပိုကောင်းမယ် ထင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် သျှစ်သောင်းဘုရားအပြင် ထုက္ကံသိမ်၊ ကိုးသောင်း၊ အံတော်သိမ်၊ မာန် (၅)ပါးအပြင် ရှေးဟောင်းဘုရားများစွာရှိပြီး လက်ရှိတွင် မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ (UNESCO) စာရင်းဝင်ရောက်နိုင်ရေး လုပ်ဆောင်နေသည်။

#I003

ဗီဒီယိုများ