သတ်မှတ်ချိန်လွန်သည့်တိုင် UNESCO ပညာရှင်များ မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးခြင်း မရှိခဲ့

သက်ဆိုင်ရာ ပညာရှင်များက ယခု ၂၀၂၃ ခုနှစ် ဇွန်၊ ဇူလိုင်လတွင် ကွင်းဆင်းစစ်ဆေးပြီး နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ် ကော်မတီက UNESCO စာရင်း ဝင်/မဝင် ဆုံးဖြတ်သွားမည်ဖြစ်သော်လည်း...

By Admin 04 Aug 2023

မြောက်ဦးမြို့က လေးမျက်နှာပုထိုးတော်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
မြောက်ဦးမြို့က လေးမျက်နှာပုထိုးတော်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။

DMG ၊ သြဂုတ် ၄

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် မြောက်ဦးဒေသကို UNESCO ပညာရှင်များက သတ်မှတ်ကာလအတွင်း ကွင်းဆင်းစစ်ဆေးမှုများ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရန်အတွက် အဆိုပြုလွှာ မူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် တင်သွင်းခဲ့သည်။

သက်ဆိုင်ရာ ပညာရှင်များက ယခု ၂၀၂၃ ခုနှစ် ဇွန်၊ ဇူလိုင်လတွင် ကွင်းဆင်းစစ်ဆေးပြီး နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ် ကော်မတီက UNESCO စာရင်း ဝင်/မဝင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

လက်ရှိတွင် လာရောက်စစ်ဆေးမည့်အချိန် ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း UNESCO ပညာရှင်များ လာရောက်ခြင်း မရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

“အခုအချိန်ထိ အကြောင်းမပြန်သေးတာရယ်၊ ပညာရှင်တွေ မရောက်သေးတာနဲ့ မလာသေးတာပဲ သိတယ်။ ကျန်တာတော့ မသိဘူး။ နိုင်ငံရေးနဲ့ဆက်စပ်နေမလား ဆိုတာကိုလည်း မသိပါဘူး။” ဟု ဦးညိုမြင့်ထွန်းက ပြောသည်။

ရှေးဟောင်း မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာအရင်းဝင်နိုင်ရေးအတွက် နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council on Monuments and Sites – ICOMOS) အဖွဲ့က လာရောက်စစ်ဆေးမည်ဖြစ်သည်။

ICOMOS အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပိုင်ဆိုင်မှုများ ပြုပြင်ထိန်းသိမ်းခြင်းကို စောင့်ကြည့်အကဲဖြတ်သည့် အဖွဲ့ဖြစ်ပြီး မြောက်ဦးယဉ်ကျေးမှုဒေသသည် အဆိုပြုလွှာမူကြမ်းတွင် ပါရှိသည့် အချက်အလက်များနှင့် မြေပြင်အခြေအနေများ ကိုက်ညီမှု ရှိ၊မရှိကို လာရောက်စစ်ဆေးမည်လည်း ဖြစ်သည်။

ရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ယခုနှစ်အတွင်း UNESCO ပညာရှင်များ လာရောက်ချိန်တွင် အဆင်သင့် လေ့လာနိုင်ရန်အတွက် ရှေးဟောင်းအမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းများကို ကြိုတင်စိစစ်ပြုစုထားကြောင်း သိရသည်။

မြောက်ဦးကို UNESCO ပညာရှင်များ သတ်မှတ်ကာလတွင် စစ်ဆေးနိုင်ခြင်း မရှိခဲ့သော်လည်း ရှေးဟာင်းယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းမှုများ လုပ်ဆောင်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ(မြောက်ဦးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်းက ပြောသည်။

“အခုချိန်ထိ World Heritage Center ကနေ အကြောင်းမကြားတာနဲ့ ပတ်သက်လို့တော့ တစ်ခုမှမဖြစ်ဘူး ဆိုပေမဲ့ အချိန်ကျလို့ အလှည့်ကျတာနဲ့ သူတို့ ကမ်းလှမ်းလာတဲ့အခါ ကျနော်တို့မှာ အဆင်သင့်ဖြစ်နေဖို့လိုတယ်။ အဲဒါကြောင့် ဌာနလုပ်ငန်းတွေကို ပုံမှန်ပဲ လုပ်ဆောင်နေပါတယ်” ဟု ဦးမောင်ဆန်းဝင်း က ပြောသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်(ယူနက်စကို) စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက စတင်ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြောက်ဦးဒေသမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးနှင့်ပတ်သက်၍ သတ်မှတ်စံနှုန်း ပြည့်မီနေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် UNESCO ဝင်ရေးမှာ ကြန့်ကြာနေသည်။

“ကမ္ဘာ့အမွေအနှစ် ဝင်ခဲ့ရင်တော့ ပိုပြီးတော့ကောင်းတယ်။ မဝင်ခဲ့ရင်တော့ ကိုယ့်ဒေသကို စောင့်ရှောက်တဲ့အခါ အခက်အခဲတွေ ရှိနိုင်တယ်။ မပျက်စီး၊ မထိခိုက်ဖို့အတွက်က ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တဲ့ စိတ်ဆန္ဒတွေ အများကြီးဖြစ်ဖို့လိုပါတယ်” ဟု ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရေး ဆောင်ရွက်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မြောက်ဦးမြို့တွင် ရှေးဟောင်းဗိသုကာလက်ရာ အဆောက်အအုံများ၊ သမိုင်းဝင် ဘုရားပုထိုး စေတီများ၊ ရှေးခေတ်အနုပညာ ကျောက်ဆစ်လက်ရာများ စသည့် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည့် မြို့ဟောင်းဖြစ်သည်။

#R010

ဗီဒီယိုများ