မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန် မစ္စတာ ဘန်ကီမွန်း တောင်းဆို

မစ္စတာ ဘက်ကီမွန်းသည် စစ်ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့သည်။

By Admin 25 Apr 2023

မစ္စတာဘန်ကီမွန်းနှင့် စစ်ကောင်စီဥက္ကဌတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - CINCDS)
မစ္စတာဘန်ကီမွန်းနှင့် စစ်ကောင်စီဥက္ကဌတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - CINCDS)

DMG ၊ ဧပြီ ၂၅

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၃၊ ၂၄ ရက် နေ့များတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး စစ်ကောင်စီအသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မစ္စတာ ဘက်ကီမွန်းသည် စစ်ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့သည်။

“အကြမ်းဖက်မှုချက်ချင်းရပ်ဖို့ စစ်တပ်ကိုတိုက်တွန်းဖို့နဲ့၊ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့ မြန်မာနိုင်ငံကို ကျနော်လာခဲ့တာပါ” ဟု မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့ကြောင်း The Elders အဖွဲ့က ယနေ့ထုတ်ပြန်သည်။

ထို့အပြင် အာဆီယံ၏ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ ငြိမ်းချမ်းသောဒီမိုကရေစီ၊ အားလုံးပါဝင်ပြီး တရားဝင်အစိုးရတစ်ရပ် ထူထောင်ရေးလမ်းကြောင်း ရှာဖွေရန်အတွက် တိုက်တွန်းခဲ့ကြောင်းလည်း The Elders အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မစ္စတာ ဘန်ကီမွန်း ခရီးစဉ်သည် နိုင်ငံတကာမှ ဩဇာညောင်း ခေါင်းဆောင်ဟောင်းများ ပါဝင်သည့် The Elders အဖွဲ့၏ ဒုတိယဥက္ကဌအနေဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ The Elders အဖွဲ့ကို ၂၀၀၇ ခုနှစ်တွင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား က တည်ထောင်ခဲ့ပြီး ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ရေရှည်တည်တံ့သော ကမ္ဘာမြေကြီးအတွက် လုပ်ဆောင်နေသည့် ဩဇာရှိပုဂ္ဂိုလ်များ၏ လွတ်လပ်သောအဖွဲ့ဖြစ်သည်။

ဓာတ်ပုံ - CINCDS

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ  ဗိုလ်ချုပ်ဇော်မင်းထွန်းက “အဓိကတော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ အပြန်အလှန် နှီးနှောဖလှယ်ပြီးတော့ အပြုသဘောဆောင် ဆွေးနွေးခဲ့ပါတယ်”  ဟု မီဒီယာများကို ပြောဆိုထားသည်။

မစ္စတာဘက်ကီမွန်း ခရီးစဉ်တွင် လက်ရှိထောင်ဒဏ်ချမှတ်ခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိသော်လည်း လက်ရှိကြုံတွေ့နေရသည့် နိုင်ငံအတွင်းက အခြေအနေနှင့် ပတ်သက်ပြီး ယခုခရီးစဉ်၏သက်ရောက်မှုအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများက  စိတ်ဝင်စားနေကြသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက - မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်သည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတဝှမ်းက စစ်ရေး၊ နိုင်ငံရေး၊ ပဋိပက္ခများနှင့် လူ့အခွင့်အရေး အခြေအနေများအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း ရှုမြင်သည်။

“သူက မနေ့ကပြန်သွားတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ပြဿနာမှာ ဘန်ကီမွန်း တစ်ညဉ့်အိပ် လာရုံလောက်နဲ့ ကြီးကြီးမားမား အဖြေရှာလို့ သဘောတူညီမှုတွေ့ရလောက်တဲ့ အဆင့်ထိ မရောက်ခဲ့ဘူးလို့တော့ ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)ကလည်း မစ္စတာဘက်ကီမွန်းနှင့် စစ်ကောင်စီတို့ တွေ့ဆုံမှုမှာ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး သဘောထားအမြင်များကို ဆွေးနွေးခဲ့ခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခြင်းမရှိသဖြင့် ထူးခြားသည့် သက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း သုံးသပ်ပြောဆိုသည်။

“စဉ်းစားမိတာကတော့ မြန်မာ့နိုင်ငံရေးဖြေရှင်းပေးမှုမှာ သူတို့ကို ဖိတ်လိုက်တာက အကူအညီတောင်းဖို့ ဖိတ်လိုက်တာဆိုရင်တော့  နစက အကူအညီတောင်းတဲ့အခါ အားလုံးနဲ့ တွေ့ဆုံးဆွေးနွေးနိုင်အောင် ကြားဝင်ကူညီမယ့်ဟာမျိုးဖြစ်တယ် ဆိုရင်တော့ မုချမလွဲမသွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းဆိုရမှာ ဖြစ်တယ်။ အခုက တွေ့ဆုံခွင့်မရဘူး၊ တွေ့ဆုံတာမရှိဘူးဆိုတော့ အဲကိစ္စ(ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်)တောင်းတာ မဟုတ်လောက်ဘူးလို့ ထင်တယ်” ဟု ဦးရဲထွန်းက ပြောသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ လာရောက်မည့်အကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ကြိုတင်အကြောင်းကြား ညှိနှိုင်းခြင်းမျိုးမရှိခဲ့သဖြင့် NUG က ဘဝင်မကျဖြစ်နေသည်။ ယခုခရီးစဉ်မှာလည်း စစ်ကောင်စီကို အသိအမှတ်ပြုသည့်သဘောဆောင်နေသဖြင့် မဖြစ်သင့်သည့်ကိစ္စဟု NUG  ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက RFA သတင်းတစ်ရပ်တွင် ပြောဆိုထားသည်။

#I003

ဗီဒီယိုများ