အမိန့်ချရန် အဆင်အသင့်မဖြစ်သေးဟုဆိုကာ မင်းပြားဒေသခံတစ်ဦးအမှုကို ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်း

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁) နှင့် တရားစွဲဆိုခံထားရသည့် ဒေသခံတစ်ဦး၏အမှုမှာ စစ်ဆေးမှုအားလုံး ပြီးစီးပြီဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 29 Dec 2022

အမိန့်ချရန် အဆင်အသင့်မဖြစ်သေးဟုဆိုကာ မင်းပြားဒေသခံတစ်ဦးအမှုကို ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်း

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ဦးသိန်းဇော်။ ဓာတ်ပုံ - CJ

DMG | ဒီဇင်ဘာ ၂၉

ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁) နှင့် တရားစွဲဆိုခံထားရသည့် ဒေသခံတစ်ဦး၏အမှုမှာ စစ်ဆေးမှုအားလုံး ပြီးစီးပြီဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးသိန်းဇော် (၃၂)နှစ်ကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ အပြီးသတ်အမိန့်ချရန် ချိန်းဆိုခဲ့သော်လည်း အဆင်သင့်မဖြစ်သေးဟုဆိုကာ လာမည့် ဇန်နဝါရီလ ၅ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရသည်။

“အမိန့်ချဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ ဇန်နဝါရီလ ၅ ရက်နေ့ကို ရွှေ့လိုက်တယ်။ အမှုကို ဆက်ပြီးတော့ လေ့လာနေတယ်ပေါ့။ အဲဒီအမှုကို ရခိုင်ပြည်နယ် တရားလွှတ်တော်ကို တင်ပြထားတယ်။ အခုချိန်မှာတော့ အဲဒီလောက်ပဲ ပြောပိုင်ခွင့်ရှိပါတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

တရားစွဲဆိုခံထားရသည့် ဦးသိန်းဇော်မှာ မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှဖြစ်ပြီး စစ်တွေမြို့ရှိ "ကိုးစင်ကြယ်"ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က ၎င်းနေထိုင်ရာ ရွှေပြားရပ်ကွက်မှ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလုပ်ကိစ္စ မေးမြန်းရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။

ယင်းနောက် တစ်လကျော်အကြာတွင် ဦးသိန်းဇော်မှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါစွပ်စွဲချက်အပေါ် မိသားစုဝင်များက လက်မခံကြပေ။

လက်ရှိတွင် ဦးသိန်းဇော် တရားရင်ဆိုင်နေရသည်မှာ ၁၀ လခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် အမှုကို အမြန်ဆုံး အမိန့်ချမှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုထားကြသည်။

“ရုံးချိန်းတိုင်းကိုသွားဖို့ ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ ရုံးချိန်းတိုင်းကိုလည်း မသွားနိုင်ဘူး။ တရားစွဲထားတယ်ဆိုတော့ အပြစ်ရှိရင်လည်း အပြစ်ပေးပေါ့။ အပြစ်မရှိဘူးဆိုရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ဦးသိန်းဇော်၏ ညီဖြစ်သူ ကိုလင်းလင်းကပြောသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)နှင့် တရားစွဲဆိုခံရသူများမှာ တရားရုံးမှ အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ အရပ်သားစသည်ဖြင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ဗီဒီယိုများ