ရခိုင်ကအမျိုးသမီးများ ပြည်ပထွက်ခွာမှု လျော့ကျစေရန် သက်မွေးပညာများ သင်ကြားပေးလျက်ရှိ

ရခိုင်ပြည်အတွင်း ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်မထွက်ခွာမှု မြင့်တက်လာနေပြီး ထိုအထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်သည်။

By Admin 28 Jul 2023

စစ်တွေမြို့က လက်မှုပညာသက်မွေးဝမ်းကျောင်းများတွင် သင်တန်းတက်နေသည့် အမျိုးသမီးများကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
စစ်တွေမြို့က လက်မှုပညာသက်မွေးဝမ်းကျောင်းများတွင် သင်တန်းတက်နေသည့် အမျိုးသမီးများကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက အမျိုးသမီး သက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများကို သင်ကြားပေးနေကြောင်း သိရသည်။

သက်မွေးသင်တန်းများတွင် အိတ်ခြုပ်၊ ဇာပန်းထိုးနည်း၊ အင်္ကျီ၊ ဦးထုပ်တံဆိပ်ရိုက်(စက်ရိုက်)၊ ကွန်ပျူတာ စက်ပန်းထိုး၊ ဒီဇိုင်းဆွဲနည်း၊ ရိုးရာပုတီး၊ နားကပ်၊ ဆွဲကြိုး၊ ဖိနပ်၊ သနပ်ခါးရည်၊ ပန်းအလှပြင်၊ ဖယောင်းတိုင်၊ အော်ဂဲနစ်ဆပ်ပြာ၊ အစားအသောက် ချက်ပြုတ်နည်း စသည့် သင်တန်းများ ပါဝင်သည်။

“အမျိုးသမီးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းတော့ နိုင်ငံခြားကို သွားကြတယ်။ ဒီလက်မှုပညာတွေကို တတ်မြောက်သွားလို့ရှိရင် အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် စီးပွားရေးလုပ်နိုင်တဲ့အတွက် လက်မှုပညာသင်တန်းတွေ တက်ရောက်ဖို့အားပေးချင်တယ်” ဟု ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းမှူး ဒေါ်ထွေးထွေးရီက ပြောသည်။

လုပ်ငန်းခွင်သို့ မရောက်နိုင်သေးသည့် ရခိုင်ပြည်တွင်းက အမျိုးသမီးများအတွက် သက်မွေးပညာရပ်များကို အဓိက သင်ကြားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သင်ကြားပေးနေသည့် သက်မွေးဝမ်းကျောင်းပညာရပ်များတွင် တတ်မြောက်သည်အထိ သင်တန်းကြေးအဖြစ် ငွေကျပ် ၄,၀၀၀၊ ၈,၀၀၀၊ ၁၀,၀၀၀၊ ၁၅,၀၀၀ စသည်ဖြင့် သင်တန်းအမျိုးအစားအလိုက်‌ သတ်မှတ်ထားကြောင်း သိရသည်။

သက်မွေးဝမ်းကျောင်း သင်တန်းတက်ရောက်နေသူ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်မှ မမြင့်မြင့်စိန်က “ငွေကြေးမတတ်နိုင်လို့ သင်တန်းတွေ မတတ်နိုင်ရင် အခမဲ့သင်ပေးနေတဲ့ သင်တန်းတွေမှာ အချိန်တစ်ခု ပေးသင်လိုက်ရင် ကိုယ့်အတွက် အများကြီးအကျိုးရှိတယ်။ အခုနောက်ပိုင်းမှာ စက်ချုပ်တဲ့သူတွေ စက်မဝယ်နိုင်တဲ့အခါ အဖွဲ့အစည်းတွေက ထောက်ပံ့တာတွေလည်းရှိတော့ အများကြီးအဆင်ပြေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်မထွက်ခွာမှု မြင့်တက်လာနေပြီး ထိုအထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါဝင်သည်။

ရခိုင်က အမျိုးသမီးများအနေဖြင့် သက်မွေးပညာရပ်များကို တတ်မြောက်ထားလျှင် ဒေသတွင်း စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီးတွင် ဦးဆောင်လာနိုင်မည်ဖြစ်ပြီး အခြားတစ်ဘက်တွင်လည်း ပြည်ပထွက်ခွာမှုကို လျော့ချရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ပေးနေသည့် အမျိုးသမီးများက ဆိုသည်။

“အလုပ်မရှိဘူးဆိုပြီး ငြိမ်နေလို့မရဘူး။ ကိုယ်တိုးတက်ဖို့အတွက် ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်ရမယ်။ အဲဒါကြောင့် သက်မွေးဝမ်းကျောင်း သင်တန်းတွေကို တက်ဖို့လိုအပ်တယ်။ ထိုင်နေလို့ ဘာမှအဆင်ပြေလာမှာ မဟုတ်ဘူး” ဟု စစ်တွေမြို့ ရတနာပျိုမေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်း တာဝန်ရှိသူ မကြူကြူမွှေးက ပြောသည်။

အိမ်ထောင်ရှင် အမျိုးသမီးများအနေဖြင့်လည်း သက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုကို တတ်မြောက်ထားလျှင် မိမိဒေသအတွင်း မိသားစုနှင့်အတူ လုပ်ကိုင်စားသောက်နိုင်သည့်အတွက် အထောက်အကူပြုကြောင်း စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှ ဒေါ်မြအေးသိန်းက ပြောသည်။

ရတနာပျိုမေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းတွင် သင်တန်းတက်ရောက်နေသည့် ဒေါ်မြအေးသိန်းက “ဒီလို သက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု တတ်ထားပြီး ကိုယ့်ဒေသမှာ လုပ်စားလို့ရတယ်။ မိသားစုနဲ့ မခွဲခွာဘဲ သိုက်သိုက်မြုံမြုံလည်း နေထိုင်နိုင်တယ်။ ပြည်ပကိုလည်း ထွက်ဖို့မလိုတော့ဘူး” ဟု ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း ရခိုင်မှ ပြည်ပထွက်ခွာမည့် နိုင်ငံကူးလက်မှတ်အုပ်ရေ နှစ်သောင်းသုံးထောင်ကျော် ထုတ်ပေးခဲ့ရပြီး ယင်းအရေအတွက်သည် ယခင်နှစ်များထက်ပိုများကြောင်း ပြည်ပထွက်ခွာသူများကို ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုထံမှ သိရသည်။

#R005

ဗီဒီယိုများ