အာဏာသိမ်းမှု ၂ နှစ်ကျော်အတွင်း နေအိမ်နှင့် အဆောက်အအုံ ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့က မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းတွင် နေအိမ်မီးရှုံ့ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

By Admin 02 Oct 2023

ချင်းပြည်နယ် ထန်တလန်မြို့မှ နေအိမ်များမီးရှို့ခံရသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Chin Human Rights Organization
ချင်းပြည်နယ် ထန်တလန်မြို့မှ နေအိမ်များမီးရှို့ခံရသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Chin Human Rights Organization

DMG ၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် နေအိမ်အဆောက်အုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း (၈၆,၁၃၄)လုံးထက်မနည်း မီးရှို့ပျက်စီးခဲ့ရကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

မီးရှို့ခံရသည့် နေအိမ်များထဲမှ ၆၄ ရာခိုင်နှုန်းကျော် နေအိမ် (၅၅,၇၀၇ လုံးထက်မနည်း)မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ မီးရှို့ခံရသော နေအိမ် ၇၂ ရာခိုင်နှုန်းမှာ စစ်ကိုင်းမှဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ISP Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုနှစ် စစ်အုပ်ချုပ်ရေးကြေညာမှုအပြီး နေအိမ်မီးရှို့ခံရမှုတွေ ပြန်လည်မြင့်တက်ခဲ့ပေမဲ့ နှစ်လယ်ပိုင်းကစပြီး စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေဟာ ဒေသတချို့မှာ ခံစစ်အသွင် ပြောင်းသွားပြီးတဲ့နောက် ပြန်လည်လျော့ကျလာခဲ့ပါတယ်” ဟု ISP Myanmar က ဆိုသည်။

အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့က မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းတွင် နေအိမ်မီးရှုံ့ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်မီးရှို့ခံရမှု ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ကာ ရခိုင်ပြည်တွင်လည်း နေအိမ်အဆောက်အအုံ ၁၄ ခုထက်မနည်းရှိကြောင်း ISP Myanmar က ဖော်ပြသည်။

စစ်ကောင်စီက ပြည်သူများအကြောက်တရား ဖြစ်စေရန်နှင့် နွေဦးတော်လှန်ရေး ရပ်တန့်သွားရန်အတွက် ယင်းသို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“ပြည်တွင်းစစ်ကာလတစ်လျှောက်မှာ အဲ့လိုလုပ်လာတဲ့အခါကျတော့ ဒီလိုမျိုး အကြမ်းဖက်မှုတွေကို သူတို့(စစ်ကောင်စီ)က ဆက်လုပ်နေတာဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း နေအိမ်အဆောက်အအုံများ မီးရှို့ဖျက်ဆီးမှု၊ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းများ၏ တောင်းဆိုမှုကိုလည်း မျက်ကွယ်ပြုထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်သည်။

အကြမ်းဖက်မှုများ မပြုလုပ်ရန်၊ လူသားစာနာထောက်ထားမှုအကူအညီများကို ခွင့်ပြုရန် စသည့် အာဆီယံဘုံသဘောညီချက် ၅ ရပ်ကိုလည်း လက်မခံဘဲ မြေပြင်တွင် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေဆဲဖြစ်သည်။

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ဒီလို မီးရှို့တဲ့ကိစ္စမျိုးတွေက ဗမာပြည်မှာဆိုရင် နေရာတိုင်းလိုလိုမှာ လုပ်လာတယ်။ ရွာတွေကို မီးရှို့တယ်။ လူတွေ ထောင်နဲ့သောင်းနဲ့ချီ ထွက်ပြေးနေတာတွေ ဒါတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတယ်။ အဲဒီလိုလုပ်ရပ်တွေက ပြည်သူတွေကို ပိုပြီးနာကျဉ်းစေတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏လုပ်ရပ်များကို သက်သေအထောက်အထားနှင့် ကမ္ဘာ့အလယ်တွင် ချပြနိုင်သည့်အချိန်တွင် နိုင်ငံတကာ၏ သံခင်း၊တမန်ခင်း ကျဆုံးကာ ပြည်သူထောက်ခံမှုမရှိဘဲ စစ်တပ်အခန်းကဏ္ဍ မှေးမှိန်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူထားသည်မှာ ၂ နှစ်ကျော်အထိ ကြာမြင့်လာနေပြီး နိုင်ငံတစ်ဝန်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

#I003

ဗီဒီယိုများ