မငြိမ်းနိုင်သေးသော ရခိုင်စစ်မီး

လက်ရှိတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက် နေရာညှိနှိုင်းမှု အခက်အခဲဖြစ်နေကြသည်။ AA ခေါင်းဆောင်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားသောကြောင့် အစိုးရအာဏာသက်ရောက်သည့် ဒေသများတွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မသွားရောက်နိုင်ဟု AA ဘက်က ဆိုထားသည်။

24 Aug 2019

ရက္ခိုင့်တပ်တော်(AA) မှ စစ်သည်တော်များ / ဓာတ်ပုံ - အေအေ

Written by နေမျိုးလင်း | DMG

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းကပင် စတင်လာခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့၏ တိုက်ပွဲသည် အဆုံးမသတ်နိုင်ဘဲ ပို၍ပြင်းထန်လာသည်။ ယခင်က တောတောင်များတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယခုအခါ မြို့၊ရွာအနီးတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလာသည်။ ထို့အပြင် ယခင်က တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့နယ်အချို့တွင်လည်း စစ်မျက်နှာအသစ်ဖွင့်၍ တိုက်ပွဲဖြစ်ပွားနေသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လဒုတိယပတ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုမှာ အနည်းငယ်သာ ရှိခဲ့သည်။ သို့သော် သြဂုတ်လ (၁၅) ရက်နေ့တွင် မန္တလေးတိုင်း၊ပြင်ဦးလွင် တပ်မတော်နည်း ပညာတက္ကသိုလ် (DSTA ) နှင့် နောင်ချိုမြို့နယ်၊ ဂုတ်တွင်းရဲစခန်း စသည့် နေရာ(၅)ခုကို “ညီနောင်မဟာမိတ်သုံးဖွဲ့”ဟု ခေါ်ဆိုသော ရက္ခိုင့်တပ်တော်(AA)၊မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွ့ဲတို့က ရုတ်တရက် ဝင်ရောက်တိုက် ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရခြင်းမှာ မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်မှုရှိနေသော ကြောင့် ရပ်တန့်ရန် အကြိမ် ကြိမ်သတိပေး ထုတ်ပြန်ခဲ့သော်လည်း ရပ်တန့်ပေးခြင်းမရှိသည့်အပြင် ကြီးမားသော ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ရခြင်းဟု ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။ ထို့အပြင် မိမိတို့၏နယ်မြေ အတွင်းပိုင်းအထိ ထိုးစစ်ဆင်လာနေခြင်း၊ ဖြတ်လေးဖြတ် စစ်ဆင်ရေးများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် မိမိလှုပ်ရှားနယ်မြေများ ကျဉ်းကြပ်လာခြင်းကြောင့် မိမိကိုယ်မိမိ ခုခံကာကွယ်တိုက်ခိုက်ရခြင်းဟုလည်း ပြောသည်။

တပ်မတော်ကမူ ညီနောင်မဟာမိတ်အဖွဲ့၏ ထိုသို့ပြောဆိုချက်ကိုလက်မခံပေ။ ထိုသို့တိုက်ခိုက်လာရခြင်းမှာ လွန်ခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရခိုင်နှင့်ရှမ်းပြည်နယ်တို့တွင် ကျပ်ငွေ ဘီလီယံနှင့်ချီသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းနှင့် AA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားသောကြောင့် စစ်ရေးအရ ၎င်းတို့သုံးဖွဲ့က “တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်” ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တပ်မတော်ဘက်က (၉)ဦး၊ ရဲတပ်ဖွဲ့ဝင် (၃)ဦးနဲ့ အရပ်သား (၃) ဦးကျဆုံးသွားကာ ငွေကျပ်သိန်းပေါင်း ၂၈၂၁ ခန့် ဆုံးရှုံးသွားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုကို “အကြမ်းဖက်လုပ်ရပ်”ဟုလည်း ပြောဆိုခဲ့သည်။

“ဒီလုပ်ရပ်က ကျနော်တို့ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေပါတယ်” ဟု ဦးဇော်ဌေးက သြဂုတ်လ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် စာပိုဒ်(၇)၌ “နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအဆင့်တွင်လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတွင်လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှု မဖြစ်စေရန်အတွက် တာဝန်ယူရမည်” ဖြစ်ကြောင်းနှင့် ဖောက်ဖျက်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှု နောက်ပိုင်းတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများပြင်းထန်လာသည်။ တိုက်ပွဲများကြောင့် ရှမ်းမြောက်ဒေသတွင် အရပ်သားသေဆုံး ဒဏ်ရာရရှိမှုများလည်းရှိလာသည်။ ရခိုင်ပြည်နယ်တွင်လည်း မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ပိုပြင်းထန်လာပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်များသုံး၍ ရက္ခိုင့်တပ်တော်(AA)ကို တိုက်ခိုက်လာသည်။

သြဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့ နှစ်ရက်တာတိုက်ပွဲအတွင်းတွင် မင်ပြားမြို့နယ်တွင် အရပ်သား (၄)ဦး သေဆုံးသွားပြီး (၃)ဦးဒဏ်ရာရရှိသွားသည်။ ထို့အပြင် မြောက်ဦးမြို့နယ် (၁)ဦးနှင့် ရသေ့တောင်မြို့နယ်က (၁) ဦး ဒဏ်ရာရရှိသွားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် ဆိုးကျိုးများစွာဖြစ်ပေါ်နေသည်။ ပြည်နယ်မြို့တော် စစ်တွေအပါအဝင် မြောက်ပိုင်းမြို့နယ်များတွင် စစ်ဘေးရှောင် (၆)သောင်းကျော်အထိ ရှိလာနေပြီဖြစ်ကာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့တွင် အခက်အခဲများ ရှိနေကြသည်။ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာသော တိုက်ပွဲများကြောင့်လည်း ဒေသခံများ ဘေးလွတ်ရာနေရာများသို့ ဆက်တိုက်ဆိုသလို ထွက်ပြေးနေကြရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိမှုများ ရှိနေခြင်း၊ အရပ်သားများ ဖမ်းဆီးခံရမှု ရှိနေခြင်း၊ ပြည်သူများ ဒုက္ခရောက်နေမှုကြောင့် တိုက်ပွဲကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းပေါ်တွင် ဆွေးနွေးရန် ပြည်သူများ လိုလားကြသည်။

“နှစ်ဖက်အဖွဲ့အစည်းတွေဟာ စားပွဲဝိုင်းမှာ ပြေပြေလည်လည်နဲ့ ဖြေရှင်းလိုက်တာက အကောင်းဆုံးပဲ။ အဲလိုမှ ငြိမ်းချမ်းရေးအသံကိုရမယ်။ ဒီလို တိုက်နေလို့တော့ ငြိမ်းချမ်းရေးဖြစ်လာစရာ အကြောင်းမရှိဘူး”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌ ဦးမြသန်းက ပြောသည်။

အစိုးရနှင့် AA အကြား ပဏာမအပစ်အခတ်ရပ်စဲရေး (Bilateral) ချုပ်ဆိုနိုင်ရေး ကြိုးပမ်းမှုရှိသည်။ သို့သော် ရက္ခိုင့်တပ်တော်(AA)တည်ရှိမှုကို ရခိုင်ပြည်နယ်မှာ အသိအမှတ်မပြုနိုင်ဟု တပ်မတော်က ပြောဆိုထားသောကြောင့် အစိုးရနှင့် AA အကြား Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းမှုမှာ အခက်အခဲများ ရှိနေသည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက DMG ကို ပြောဆိုထားသည်။

“(Bilateral ထိုးဖို့)အဓိက ကျတဲ့အတားအဆီးက သူတို့ပြောနေတဲ့ စကားတွေလေ။ ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်နယ်မှာ သူတို့လက်မခံ။ လိုင်ဇာကို ပြန်ဆိုတာမျိုး။ ဆိုတော့ အဲဒါတွေက တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်း လုပ်လို့မရတဲ့၊ ဥပမာ ကျနော်တို့ဘက်ကလည်း ရက္ခိုင့်တပ်တော် ရခိုင်ပြည်နယ်မှာ ရှိကိုရှိရမယ် ဆိုတာကို လုံးဝပြောင်းလဲလို့ မရ” ဟု ၎င်းက ပြောသည်။

တပ်နေရာချထားရေးကိစ္စကို ညှိနှိုင်းမရလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်ဆွေးနွေးလို့ရမည်မဟုတ် ကြောင်းနှင့်AA တည်ရှိမှုကို လိုင်ဇာမှာသာ အသိအမှတ်ပြုမည့်စကားကို စွန့်လွှတ်မှသာလျှင် နှစ်ဦးနှစ်ဘက် ဆွေးနွေးလို့ အဆင်ပြေမည်ဟု ခိုင်သုခက ဆက်လက်ဆိုသည်။

“သူတို့ပြောတယ် ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတာ ဥပမာ- ရခိုင်ပြည် သူတစ်ရပ်လုံးက AA ကို အပြည့်အဝ ထောက်ခံနေတာ။ ရခိုင်လူထုရဲ့ဆန္ဒကို အသိအမှတ်ပြုပြီး လေးစားဖို့လိုတယ်။ ဒါမှ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဆွေးနွေးလို့ရမယ်။ အဲလို မဟုတ်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက အနှောင့်အယှက်ဖြစ်သွားနိုင်တယ် ”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ တပ်မတော်နှင့် AA တို့ တပ်နေရာချထားချထားရေးကိစ္စတွင် သဘောထားကွဲလွဲနေမှုကြောင့် Bilateral စာချုပ် ချုပ်ဆိုရန် အခက်အခဲရှိမည်ဖြစ်ကြောင်းနှင့် Bilateral စာချုပ်မရေးထိုးနိုင်လျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက DMG ကိုပြောဆိုထားသည်။

လက်ရှိတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရန်အတွက် နေရာညှိနှိုင်းမှု အခက်အခဲဖြစ်နေကြသည်။ AA ခေါင်းဆောင်များကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုထားသောကြောင့် အစိုးရအာဏာသက်ရောက်သည့် ဒေသများတွင် လုံခြုံရေးအခြေအနေ စိုးရိမ်ရသောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မသွားရောက်နိုင်ဟု AA ဘက်က ဆိုထားသည်။

သို့သော် အစိုးရဘက်က ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရာနှုန်းပြည့် လုံခြုံရေးအာမခံကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်အပါ အဝင် နေရာငါးခုကို တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲများ ပိုမိုဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟုလည်း နိုင်ငံရေးလေ့ လာသူတချို့က သုံးသပ်ကြသည်။

ဒုသမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားတစ်ဦး

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမလား၊ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား၊အသင့်ပဲ”ဟု သြဂုတ်လ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသည် ပိုမိုပြင်းထန်လာနေ ပြီး စစ်ပွဲကြားတွင် ပြည်သူများ မြေစာပင်ဖြစ်နေကြရသည်။ 

နေမျိုးလင်း

၂၄- ၈ - ၂၀၁၉

ဗီဒီယိုများ