ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလမ်းစကို ဘယ်လိုရှာမလဲ

ဒုက္ခသည်များအနေဖြင့် မိမိနေရပ်ကိုပြန်ရန် ဆန္ဒရှိသော်လည်း နယ်မြေဒေသ မအေးချမ်းသေးသောကြောင့် ၎င်းတို့၏ နေရပ်ပြန်ခရီးအိပ်မက်မှာ အလှမ်းဝေးနေဆဲပင်ဖြစ်သည်။
တိုက်ပွဲများရပ်တန့်မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်မည်ဖြစ်သဖြင့် တိုက်ပွဲများဖြစ်ပွားနေကြသည့် တပ်တော်နှင့် အေအေ နှစ်ဖက်လက်နက်ကိုင်များအနေဖြင့် အပစ်ခတ်ရပ်စဲကာ ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ထုတ်နိုင်ရေးကို စစ်ဘေးရှောင်များက လိုလားနေကြသည်။

By အောင်ထိန် 24 Oct 2020

By အောင်ထိန် | DMG

ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ကျော်မျှသာ လိုတော့သည်။

လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လူထု၏ မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပြီး၊ တစ်နည်းဆိုရသော် ၂၀၂၀ အလွန် အစိုးရသစ်ကို ရွေးချယ်ခြင်းလည်းဖြစ်သည်။
ရွေးကောက်ပွဲစနစ်အရ လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရသည့်ပါတီမှ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး စသည့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းခွင့်ရမည် ဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခများမှာ လျော့နည်းလာခြင်းမရှိဘဲ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်စစ်ရေးအခြေအနေကလည်း တင်းမာနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှုရှိသော မြို့နယ်အချို့အပါအဝင် အခြား တိုက်ပွဲဖြစ်ပွားနေသော မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်က စစ်ရေးပဋိပက္ခများ၏ အတိမ်အနက်ကို မီးမောင်းထိုးပြလျက် ရှိသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာလည်း တိုးလာနေပြီး လူသေဆုံးမှုကလည်း နေ့စဉ် မြင့်တက်လျက်ရှိနေဆဲဖြစ်သည်။
စစ်ဘေးရှောင်များအရေးကို အမြဲစောင့်ကြည့်လျက်ရှိသော ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ အောက်တိုဘာလ (၁) ရက်နေ့အထိ စာရင်းအရ စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းကျော်အထိ ရှိလာနေပြီ ဖြစ်သည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ စစ်ဘေးရှောင်စခန်းမှာ လေးပေပတ်လည်မျှသာရှီသည့်  အခန်းကျဉ်းများထဲတွင် နေထိုင်လျက်ရှိပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခက်အခဲများနှင့်  ရင်ဆိုင်ကြုံတွေ့နေကြရဆဲ ဖြစ်သည်။

စစ်တွေမြို့ရှိ ဥဿလင်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ လာရောက်စစ်ဘေးရှောင်နေသည့်  ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာမှ ဦးရွှေကျော်ဝင်းက “အလှူရှင်တွေက ထောက်ပံ့ပေးတာတွေတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့အတွက် မလုံလောက်ဘူး။ ကျနော်တို့မှာ အလုပ်အကိုင်လည်းမရှိ။ အပြင်က ဟင်းတစ်နပ် စားချင်ပေမယ့် ပိုက်ဆံမရှိဘူး” ဟု ဆိုသည်။

ဒုက္ခသည်များအနေဖြင့် မိမိနေရပ်ကိုပြန်ရန် ဆန္ဒရှိသော်လည်း နယ်မြေဒေသ မအေးချမ်းသေးသောကြောင့် ၎င်းတို့၏ နေရပ်ပြန်ခရီးအိပ်မက်မှာ အလှမ်းဝေးနေဆဲပင်ဖြစ်သည်။
တိုက်ပွဲများရပ်တန့်မှ ဒုက္ခသည်များ နေရပ်ပြန်နိုင်မည်ဖြစ်သဖြင့် တိုက်ပွဲများဖြစ်ပွားနေကြသည့် တပ်တော်နှင့် အေအေ နှစ်ဖက်လက်နက်ကိုင်များအနေဖြင့် အပစ်ခတ်ရပ်စဲကာ ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ထုတ်နိုင်ရေးကို စစ်ဘေးရှောင်များက လိုလားနေကြသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရတို့ ပဏာမအပစ်ရပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးမှု လေးကြိမ်တိုင်တိုင် ပြုလုပ်ထားခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျိုင်းတုံ၌ စတုတ္ထအကြိမ် ပြုလုပ်ခဲ့ကြသည်။ သို့သော် အစိုးရ၊ တပ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ရလဒ်ကောင်းမပေါ်ထွက်ခဲ့သလို တင်းမာမှုများကလည်း ဖြေလျော့မသွားခဲ့ပေ။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိကအခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်ဖြစ်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုများနောက်ပိုင်း နှစ်ဖက် ဆက်လက်တွေ့ဆုံဆွေးနွေးရန် အချိန်နှင့် နေရာညှိနှိုင်းရာတွင် ပြေလည်မှုမရှိခဲ့သည်က တစ်ကြောင်း၊ COVID- 19 ကပ်ရောဂါ ဖြစ်လာသည့်အတွက် သွားရေးလာရေး အခက်အခဲတို့ကြောင့် တွေ့ဆုံဆွေးနွေးမှုများမှာ ရပ်တန့်ခဲ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရဆွေးနွေးမှုများ ကြန့်ကြာလာသွားခဲ့ချိန်တွင် ရခိုင်ပြည်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ မိုပိုပြင်းထန်လာခဲ့သည်။
အစိုးရက ရက္ခိုင့်တပ်တော်(AA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအ သင်းအဖြစ် ယခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကြေငြာခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မိုပိုအလှမ်းဝေးခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆  ရက်နေ့မှစ၍ COVID-19 ကူးစက်ရောဂါ တကျော့ပြန် ဖြစ်ပွားလာပြီး မမျှော်လင့်ဘဲ ကူးစက်မှုမြင့်တက်သွားကာ တစ်ပြည်နယ်လုံး စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တပ်မတော်က ယခု အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ နောက်ဆုံးအကြိမ်အထိ (၃) ကြိမ် တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုကို တိုးမြှင့်ရပ်စဲကြောင်း ကြေငြာခဲ့သည်။

သို့သော် Covid-19 ရောဂါ ပြန့်ပွားမှုကို အဓိက ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကမူ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် အကြုံးမဝင်ခဲ့ပေ။ အကြောင်းမှာ တပ်မတော်၏ အပစ်ရပ်ကြေငြာချက် (၃)ကြိမ်စလုံးတွင် AA ရှိသည့် နေရာများကို ချန်လှပ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

တပ်မတော်က တခြားပြည်နယ်များတွင် ပစ်ခတ်တိုက်မှုကိုရပ်စဲပြီး ရခိုင်ပြည်နယ်အတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းကို တိုးမြင့်လာသော စစ်ဘေးရှောင်အရေအတွက်က သက်သေခံလျက်ရှိသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနေသည်မှာ လက်ရှိတွင် (၂)နှစ်နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲအဖြစ် အရပ်သားသေဆုံးသူ ၃ဝဝ ရာခန့်နှင့် ဒဏ်ရာရရှိသူ ၆၀၀ ကျော်အထိရှိခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နိုင်ရေး တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ အပစ်အခတ်ရပ်စဲရေး ပဏာမအပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန်လိုအပ်ပြီး Bilateral လက်မှတ်တိုးရန်အတွက် AA တည်ရှိမှုကို တပ်မတော်က အသိမှတ်ပြု/မပြုက အရေးကြီးကြောင်း နိုင်ငံရေးလေ့လားသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“အပစ်အခတ်ရပ်စဲမယ်ဆိုရင်လည်း တပ်မတော်အနေနဲ့ အေအေကို ရခိုင်မှာရော ကချင်မှာလည်း တည်ရှိခွင့်မပေးဘဲ လက်နက်ချရမယ့် တောင်းဆိုချက်မျိုးဆိုရင် အေအေကလည်း လက်ခံမှာ မဟုတ်တဲ့အခါမှာ အေအေကလည်း တုန့်ပြန်မှာ။ ဒီဟာဆိုရင်စစ်ပွဲက အဆုံးသတ်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

တပ်မတော်အနေဖြင့် AA နှင့်ပတ်သက်၍ တစ်စုံတစ်ရာ အသိအမှတ်ပြု၍ ဆွေးနွေးမည်ဆိုလျှင် ဖြေရှင်းရန်  နည်းလမ်းရှာနိုင်မည်ဖြစ်ပြီး အသိအမှတ်မပြုနိုင်ပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများလျော့ပါးစေရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ အနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော NCA လက်မှတ်ရေးထိုးခြင်း ငါးနှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်တွင် တိုက်တွန်းထားသည်။

မည်သို့ပင်ဆိုစေ လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးကာနီးအချိန်သို့ ရောက်ရှိနေသော်လည်း ရလဒ်မထွက်သေးသည့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် မေးခွန်းထုတ်မှုများ ရှိဆဲဖြစ်သည်။
လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒအများစုရှိ ပြည်သူများ မဲပေးခွင့်မရသော်လည်း အသစ်တက်လာမည့် အစိုးရက ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အခင်းအကျင်းသစ်ကို မလွဲမသေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

၂၀၂၀ အလွန်တက်လာမည့် အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်၏ အခြေအနေအပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ရေးပြဿနာကို ဖြေရှင်းရန်အတွက်  ပြတ်သားသည့်မူဝါဒများ ချထားသင့်ကြောင်းဆိုလာသူက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းဖြစ်သည်။

“အာဏာရရှိရင် ဘာမှမလုပ်တော့ဘူးဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ မိမိတို့အာဏာရတဲ့အခါ နိုင်ငံအတွက် တကယ့်ကိုအရေးကြီးတဲ့ ဒီကိစ္စတွေကို သူတို့ဘက်က မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်ဖို့လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများက ငြိမ်းချမ်းရေးကိုလုပ်ဆောင်ရန် ဆောင်းဆိုနေကြသော်လည်း ယင်းကိစ္စကို အကောင်အထည်ဖော်ရန်မှာမူ အစိုးနှင့်တပ်မတော်မှာ တာဝန်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်များကို တန်းတူဆက်ဆံကာ ငြိမ်းချမ်းရေးစကားဝိုင်းသို့ ဖိတ်ခေါ်မည်ဆိုလျှင် အပစ်အခက်ရပ်စဲရေးလမ်းကြောင်း ပွင့်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုသည်။
စစ်ဘေးဒုက္ခသည်များကမူ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ကို မလိုလားသောကြောင့် ၂၀၂၀ အလွန် အစိုးရသစ်လက်ထပ်တွင် အေးအေးချမ်းချမ်းနေထိုင်မှုရရှိရန် မျှော်လင့်နေကြသည်။

စစ်တွေမြို့၊ အလိုတော် ပြည့်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသည့် ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာမှ ဒေါ်မဆန်းရီက “အေးချမ်းဖို့လုပ်ပေးမယ့် အစိုးရကိုလိုချင်တယ်။ ဆူဆူညံညံနဲ့ ဒီလိုပြေးနေရမယ့် လူမျိုးကိုတော့ မလိုချင်ဘူး” ဟု ပြောသည်။

ဗီဒီယိုများ