ALP အကွဲအပြဲ (သို့မဟုတ်) အရှုပ်အထွေး

ရခိုင့်အချုပ်အခြာအာဏာကျရှုံးသွားပြီးနောက် ရခိုင်လူမျိုးများသည် မျိုးဆက်အလိုက် လက်နက်ကိုင်တော်လှန်လာခဲ့ကြသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်းတွေ့ရသည်။ ယင်းအထဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည်လည်း နှစ်ပေါင်း ၅၀ ကျော်အထိ သက်တမ်းရှိသော ဝါရင့်ရခိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။

By DMG 28 Jan 2022

ဂေါင် - ရေးသားသည်။

ရခိုင့်အချုပ်အခြာအာဏာကျရှုံးသွားပြီးနောက် ရခိုင်လူမျိုးများသည် မျိုးဆက်အလိုက် လက်နက်ကိုင်တော်လှန်လာခဲ့ကြသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်းတွေ့ရသည်။ ယင်းအထဲတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည်လည်း နှစ်ပေါင်း ၅၀ ကျော်အထိ သက်တမ်းရှိသော ဝါရင့်ရခိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည်။

သို့သော်လည်း လက်ရှိ ALP တွင် ထိပ်ပိုင်းခေါင်းဆောင်များအကြား မပြေလည်မှုဖြစ်ပေါ်နေသည့်အတွက် ပြည်သူများဘက်ကလည်း ဝေဖန်သံများကို ကျယ်လောင်စွာကြားနေရသည်။

ထိုအကြောင်းအရင်းမှာ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် “ရခိုင့်ကံကြမ္မာကို ဖန်တီးနိုင်ရေးအတွက် ရခိုင့်လက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့်လက်တွဲကာ လက်နက်ကိုင်လမ်းစဉ်ကို လက်ကိုင်ထားပြီး နည်းလမ်းပေါင်းစုံဖြင့် အောင်ပွဲရသည်အထိတိုက်ပွဲဝင်ရန် သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်”ဟု ထုတ်ပြန်ခြင်းမှ အစပြုခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ဥက္ကအဖြစ် ခိုင်ရဲခိုင့် ဒု ဥက္ကဌ အဖြစ် စောမြရာဇာလင်းတို့ ပါဝင်သည်။ ယင်းသို့ထုတ်ပြန်ပြီး ၆ ရက်အကြာ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံရေးဦးဆောင်ကော်မတီသစ်တစ်ခုကို ဖွဲ့စည်းကြောင်း ALP မှ ထပ်မံထုတ်ပြန်လာခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ဥက္ကဌ အဖြစ် ခိုင်စိုးနိုင်နှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်တို့ပါဝင်လာသည်ကို တွေ့ရသည်။ ယင်းအပြင် ပထမထုတ်ပြန်ချက်မှာ ခေါင်းဆောင်တချို့က ပါတီဖွဲ့စည်းပုံနှင့်မညီဘဲ ဖွဲ့စည်းလိုက်ခြင်းဟုလည်း ဆိုထားသည်။

ALP မှထုတ်ပြန်သည့် ၆ ရက်နေ့နှင့် ၁၂ ရက်နေ့ ထုတ်ပြန်ချက်များတွင်ပါရှိသည့် အဖွဲ့တာဝန်ရှိသူတို့မှာ ကွဲလွဲလျက်ရှိနေကာ နှစ်ဖွဲ့စလုံးက ပါတီ၏ တရားဝင်အသုံးပြုနေသော တံဆိပ်ကိုသုံး၍ ဖော်ပြထားကြသည်။

ပထမဆုံးကထုတ်ပြန်ခဲ့သော သစ်လွင်သောနိုင်ငံရေးဦးဆောင်အဖွဲ့ကိုဖွဲ့စည်းကြောင်းထုတ်ပြန်ခြင်းမှာ အိုမင်းအင်အားနည်းနေသည့် ALP ကို အသစ်တဖန်အင်အားစုစည်းကာ နိုင်ငံရေးလမ်းစဉ်သစ်အဖြစ် ရခိုင်ပြည်အတွင်းမှ နိုင်ငံရေးပါတီများ၊ တခြား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော ရက္ခိုင့်တပ်တော်(ULA/AA)၊ ရခိုင်အမျိုးသားကောင်စီ(ANC/AA)တို့နှင့်လက်တွဲကာ ရခိုင်လူထုမျှော်လင့်ထားသည့်တော်လှန်ရေးကို ပူးပေါင်းသွားရန်အတွက်ဖြစ်သည်။

သို့သော်လည်း သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကြေညာချက်တွင် ထိပ်ပိုင်းခေါင်းဆောင် ရာထူးနေရာဖော်ပြချက်ကြောင့် အချင်းချင်းကြား သဘောထားကွဲလွဲမှုများဖြစ်ကာ ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့နှင့် ပါတီဒု-ဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်နှင့် ခိုင်ကျော်လှိုင်တို့ ဦးဆောင်သောအဖွဲ့တို့ နှစ်ခြမ်းကွဲသွားကြခြင်းလည်းဖြစ်သည်။

ထုတ်ပြန်ချက်တွေရဲ့ အငြင်းအခုန်က ဘာလဲ

ALP သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိပြုလုပ်ခဲ့သော ရဲဘော်အဆင့်ကနေ တပ်မှူးအစုံ ပါတီဝင်များမျက်နှာစုံညီအစည်းအဝေးမှ ဆုံးဖြတ်ချက်အတိုင်း ဥက္ကဋ္ဌ ခိုင်ရဲခိုင်ဦးစီးသော ၅ ဦးကော်မတီကိုဖွဲ့စည်းခဲ့ကာ ယင်းကော်မတီမှ နောင်လာမည့် ဗဟိုကော်မတီသစ်ကိုရွေးချယ်ခဲ့သည်ဟု သိရသည်။

ယင်းကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က ရွေးချယ်ပြီးတော့။ CEC ၈ ဦးနှင့် ဗဟိုကော်မတီဝင် ၂၅ ဦး ပေါင်း ၃၃ ဦးကို ရွေးချယ်တင်မြှောက်လိုက်ခြင်းဖြစ်ကြောင်း ခိုင်ရဲခိုင်ဦးစီးသောအဖွဲ့မှ ဗိုလ်ချုပ်ခိုင်စိုးမြက DMG ကိုပြောသည်။

“အဲဒီမှာ တချို့လူတွေက အဲဒီစာရင်းမှာမပါလာ။ ပါလာတဲ့သူကတွေကလည်း အဓိကနေရာမှာ မပါဆိုတော့ တချို့က အဲဒါကိုစိတ်ခံစားမှုဖြစ်ပြီးတော့ ဝိရောဓိအသွင်ဆောင်တဲ့ပုံစံမျိုးနဲ့ မကျေနပ်ချက်နဲ့ သူတို့သဘောထားကို ဆန္ဒစောပြီးတော့ထုတ်ပြန်လိုက်တာ” ဗိုလ်ချုပ်ခိုင်စိုးမြက ပြောသည်။

ယင်းကိစ္စကို ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ဦးစီးသောအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ALP တွင် ပါတီဖွဲ့စည်းပုံအရ ညီလာခံ ၄ နှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း ၅ ကြိမ်မြောက်ကျင်းပရမည့်အချိန်တွင် စစ်ရေးပဋိပက္ခတို့ကြောင့်မကျင်းပနိုင်ခဲ့သည့်အတွက် နောက်ဆုတ်ခဲ့ရကြောင်းနှင့် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၄ ညီလာခံဆုံးဖြတ်ချက်အရ ဗဟိုကော်မတီကိုဖျက်သိမ်းခြင်း ကြေညာထားတာမရှိသေးကြောင်းနှင့် ဖျက်သိမ်းရန်အတွက် ပါတီ CEC မျက်နှာစုံညီနှင့်ကြေညာရမည်ဟု DMG ကို ရှင်းပြသည်။

ယင်းအပြင် အသစ်ဖွဲ့စည်းမှုတွင် ပါဝင်သင့်ပါဝင်ထိုက်သူတို့ကို ဆွေးနွေးခြင်းတို့မရှိဘဲ ဥက္ကဋ္ဌ ခိုင်ရဲခိုင်ဦးစီးသောအဖွဲ့မှ စစ်တွေမြို့ရှိလူတစ်စုက ၎င်းတို့သဘောအတိုင်းထုတ်ပြန်လိုက်ခြင်းဟု ဆိုသည်။

“ပါသင့်ပါထိုက်တဲ့ တပ်မှူးတွေပါရမယ်ဆိုပြီး ကျနော်ကတက်တက်ကြွကြွနဲ့တိုက်တွန်းခဲ့တာဖြစ်တယ်။ သို့သော် အခုလုပ်လိုက်တဲ့ဟာတွေက ကျနော်တို့ကိုထည့်မတွက်ပဲ ဘယ်သူတွေကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသဖြင့် ဘယ်နေရာထားမယ်ဆိုတာကို ညှိနှိုင်းဆွေးနွေးမှုမလုပ်ခဲ့တာ။ သူတို့သဘောနဲ့ ၃၊ ၄ ယောက်က ထုတ်လိုက်တာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကပြောသည်။

ထိုသို့မထုတ်ပြန်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလက စစ်တွေမြို့တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြရာ၌ သဘောထားကွဲသွားခဲ့ခြင်းဖြစ်သလို သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ကိုထုတ်ပြန်ပြီးနောက် ယင်းသို့ကွဲလွဲသွားရခြင်းလည်းဖြစ်သည်။

ALP သည် ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း လက်ထက်ကတည်းက လွတ်လပ်ရေးဆိုသည့်မဟာဗျူဟာကို လက်ကိုင် ထားခဲ့သည်။ သို့သော် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပါတီအတွင်းထိပ်ပိုင်းခေါင်းဆောင်များ သဘောထားကွဲလွဲမှုတို့ရှိခဲ့ပြီး လက်ရှိတွင် ညှိနှိုင်း၍မရသည့်အနေအထား ရောက်ရှိလာခြင်းလည်းဖြစ်သည်။

ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ကျနော်တို့ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ကအစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်မျိုးမချနိုင်ခဲ့ဘူး။ ဒီကိစ္စအငြင်းအခုန်နဲ့ပဲ အချိန်ကုန်ခဲ့တယ်။ နောက်အစည်းအဝေးက ရုပ်သိမ်းလိုက်တာ”ဟု ဆိုသည်။

ALP သည် ၂၀၁၂ ခုနှစ်တွင် စစ်တွေမြို့၌ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nation wide Cea sefire Agreement- NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။

ALP ရဲ့ ထူးခြားတဲ့ ၂၅ ရက်နေ့ ထုတ်ပြန်ချက်

ယင်းမှတခါ ဇန်နဝါရီ ၂၅ ရက်နေ့ရက်စွဲဖြင့် ပါတီအတွင်း ပြင်းထန်သည့်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

ALP တွင် ဥက္ကဋ္ဌကြီး ခိုင်ရဲခိုင်ရှိပါလျှက် ပါတီအမည်(အမှတ်တံဆိပ်၊ အောင်လံတော်နှင့် ဆက်စပ်သင်္ကေတများကို) အလွဲသုံးစားပြုလုပ်ပြီး ဒုဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်သည် မိမိကိုယ်ကိုယ် ဥက္ကဋ္ဌဟုခံယူကာ အပေါင်းအပါတချို့နှင့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပါတီသစ်တစ်ခုကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီအမည်ဖြင့်ဖွဲ့စည်းကာ ထုတ်ပြန်ခဲ့သည်ကိုတွေ့ရကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ခိုင်စိုးနိုင်အောင်နှင့် အပေါင်းအပါ နိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင်တို့သည် ပါတီမှပေးအပ်ခဲ့သည့်တာဝန်ကို တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ ပါတီ၏ဖွဲ့စည်းပုံဥပဒေကိုချိုးဖောက်နေသည့်အတွက် ALP မျက်နှာစုံညီ ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ၎င်းတို့ကို ALP မှ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီ ၂၅ ရက်နေ့ထုတ်ပြန်ချက်ကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “သူတို့ကပါတီစုံဖွဲ့ခဲ့တဲ့အပေါ်မှာ ပါတီဖွဲ့စည်းပုံနဲ့ မညီလို့ပြောခဲ့တယ်။ ဒါကိုကျနော်တို့အပေါ်မှာ အငြိုးအတည်းထားတာဖြစ်တယ်။ တော်လှန်ရေးမှာ အခုလိုအငြိုးအတေးထားတယ်ဆိုတာက အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်။ ဒီထုတ်ပြန်ချက်အတိုင်းဆိုရင် အဓိက ခိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင်တို့ကိုပစ်မှတ်ထားတာ။ ဒါကြောင့် တော်လှန်ရေးမှာ အခုလို အောက်လမ်းကသွားတာတွေကို ဂရုမစိုက်တော့ဘူး”ဟု ဆိုသည်။

ယင်းသို့မဖြစ်စေရေးအတွက် ၎င်းတို့အနေဖြင့် အကြိမ်ကြိမ်ညှိနှိုင်းမှုများ လုပ်ခဲ့ကြသေးသော်လည်း အဆင်မပြေခဲ့ကြောင်းဆိုသည်။ ယင်းကြောင့် လက်ရှိတွင် ခိုင်စိုးနိုင်အောင်ဦးစီးသောအဖွဲ့အနေဖြင့် ဇန်နဝါရီလ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့သည့် နိုင်ငံရေးဦးဆောင်ကော်မတီအဖွဲ့မူအတိုင်း ဆက်သွားမည်ဟုလည်း ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ကပြောသည်။

ALP အနေဖြင့် NCA ရေးထိုးပြီးနောက်ပိုင်းတွင် သဘောထားကွဲလွဲမှုတို့ကြောင့် လူအင်အားလျှော့နည်းခဲ့ရပြီး နောက်ပိုင်း ယခုကဲ့သို့ပါတီတွင်း အကွဲအပြဲပြဿနာများ ထပ်မံပေါ်ပေါက်လာရခြင်းမှာ ပါတီအတွက် အနှုတ်လက္ခဏာဖြစ်နေကြောင်းလည်း ပြင်ပမှရှုမြင်နေကြသည်။

ALP ကို ၁၉၆၈ ခုနှစ် နိုဝင်ဘာ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့ကာ ဌာနချုပ်ကို အိန္ဒိယနယ်စပ်တွင်ထားရှိပြီး ရွှေ့လျားဌာနချုပ်ကို ကရင်ပြည်နယ်တွင်ထားရှိခဲ့သည်။ စစ်ရေးလှုပ်ရှားမှုများကို ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်အတွင်းတွင် လှုပ်ရှားခဲ့သည်။ ALP ၏ လက်အောက်ခံဌာနချုပ်ခွဲကို အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ မဲဆောက်၊ ဘင်္ဂလားဒေ့ရှ် ဒါကာ၊ အန္ဒိယ နယူးဒေလီ၊ မလေးရှားနှင့် အမေရိကန်ဌာနခွဲများလည်းရှိကြောင်း သိရသည်။

စစ်ဘက်ဆိုင်ရာခန့်မှန်းအင်အား ၁၀၀ ခန့်နှင့် ပါတီအဖွဲ့ဝင် ၂၀၀၀ ခန့်ရှိပြီး ရခိုင်ပြည်သူများ လွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေးအပြည့်ရရှိရန် တောင်းဆိုထားကာ လက်ရှိဆက်ဆံရေးရုံးများကို ကျောက်တော်မြို့တွင် ဖွင့်လှစ်ထားသည်။

ALP လက်နက်ကိုင်အဖြစ် ALA တွင် လက်နက်ကိုင်တပ်မဟာများ တပ်ရင်း ၄ ခုရှိသည်။ NCA လက်မှတ် ရေးထိုးပြီးနောက် ALP သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော NCAs EAO အဖွဲ့(၁၀)ဖွဲ့ထဲတွင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင်လုပ်ကိုင်နေခဲ့သည်။

လက်ရှိ ALP အကျပ်အတည်း

လက်ရှိ ALP ၏ ထုတ်ပြန်ချက်အငြင်းအခုန်မှာ ပါတီ၏ဂုဏ်သိက္ခာကိုကျဆင်းစေပြီး ပြည်သူများအမြင်မှာလည်း ထောက်ခံမှု နဂိုကထက်လျှော့ကျသွားမည်ဖြစ်ကြောင်း ALP ခေါင်းဆောင်တို့က ဝန်ခံထားကြသည်။ ယင်းကြောင့် ပြည်သူတို့၊ EAO တို့နားလည်အောင် ဖြေရှင်းသွားမည်ဖြစ်သလို သစ်လွင်သော ရခိုင့်နိုင်ငံရေးလမ်းစဉ်ဖြင့်သာ ရှေ့ဆက်သွားမည်ဟု ခိုင်ရဲခိုင်ဦးစီးသောအဖွဲ့က ဆိုသည်။

“ဟိုဘက်ကိုလည်း ကျနော်တို့ပြောထားတယ်။ ဘာကြောင့်ဖြစ်ဖြစ် ကျွန်တော်တို့ ALP ရဲ့ဂုဏ်ပုဒ်ကို ကျစေတဲ့အပြုအမူကိုမလုပ်ဖို့ ကျွန်တော်တို့ပြောထားပြီးသားဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးပူးပေါင်းပါဝင်ပြီးသားဖြစ်တယ်။ ဒါကြောင့် စိတ်ခံစားချက်နဲ့ ဒီလိုမရလိုက်လို့ ဒီလိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့လက်မခံနိုင်”ဟု ဗိုလ်ချုပ် ခိုင်စိုးမြက ပြောသည်။

သစ်လွင်သော ရခိုင့်နိုင်ငံရေးဦးဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ ခိုင်မိုးလင်းလက်ထက်ကတည်းက တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့ကြသည့် ခိုင်စိုးနိုင်အောင်၊ စစ်ဦးစီးချုပ် ခိုင်ထွန်းဝင်း၊ ခိုင်မာယုတို့ကို ကာယကံရှင်တို့၏ သဘောထားကိုမမေးမြန်းခဲ့ဘဲ အကြံပေးအဖြစ်ထားလိုက်ခြင်းမှာ မဖြစ်သင့်ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ဆိုသည်။

“ဒါတွေဟာ တော်လှန်ရေးကို အပြီးသတ်မလိမ့်တပတ်နဲ့ အာဏာသိမ်းခံရတဲ့ ပုံစံမျိုးဖြစ်လာတာ။ ဒါကြောင့် ကျနော်တို့ ဒီဘက်က လုံးဝခွင့်လွှတ်လို့မရပါ။ ဒီဆုံးဖြတ်ချက်ကိုလည်း လက်ခံလို့မရတဲ့အတွက် ကျနော်တို့က ဒီဘက်ကဖွဲ့စည်းလိုက်ရတာဖြစ်တယ်။ အဓိကတော့ သစ်လွင်သော နိုင်ငံရေးဦးဆောင်အဖွဲ့ ဖွဲ့စည်းမှုအပေါ်မှာဖြစ်သွားတာ”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ခိုင်စိုးနိုင်အောင်၊ ခိုင်မာယုတို့ကို DMG က ဆက်သွယ်မေးမြန်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့၍ ၎င်းတို့၏သဘောထားများကို ဖော်ပြခွင့်မရခဲ့ပေ။

Statement တွေရဲ့ ကွာခြားချက်က ဘာဖြစ်လဲ

သဘောထားကွဲလွဲရခြင်းနှင့် ထုတ်ပြန်ချက် ၂ ခု၏ကွာခြားချက်မှာ ခိုင်စိုးနိုင်အောင် ဦးဆောင်သောအဖွဲ့က လက်နက်မစွန့်ဘဲ NCA ကိုအခြေခံပြီးသွားမည်ဖြစ်ပြီး လက်ရှိအနေအထားအရ NCA ကို မဖျက်သင့်ခြင်းမှာ NCA ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲတွင် ALP သည် ငယ်သည့်အဖွဲ့တစ်ခုဖြစ်သည့်အတွက်ဟု ခိုင်ကျော်လှိုင်ကရှင်းပြသည်။

“ဒါက နိုင်ငံတကာမှာ အသိသက်သေနဲ့ လက်မှတ်ရေးထိုးထားတဲ့အတွက် ဒီဟာမှာ NCA ကို ဖျက်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် ကျနော်တို့သွားရမှာက NCA အတိုင်းသွားပြီးတော့ မူလအတိုင်း အသစ်ပြန်ပြီးတော့ ရည်မှန်းချက်နဲ့သွားမယ်”ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် ခိုင်စောမြကတော့ ရခိုင့်ကံကြမ္မာကိုဖန်တီးနိုင်ရေး၊ ဘုံပန်းတိုင်ရောက်ဖို့အတွက် နိုင်ငံရေးကို နည်းပေါင်းစုံဖြင့်ဆင်နွှဲပြီး ကိုင်တွယ်သွားရန်အတွက်ဖြစ်ကြောင်း ဆိုသည်။

သို့သော်အခြားတစ်ဘက်တွင် ALP ၏ သစ်လွင်သောနိုင်ငံရေးလမ်းစဉ်က ရခိုင့်နိုင်ငံရေးပါတီ၊ ရခိုင့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော်ပြောဆိုခြင်းမှာ စဉ်းစားစရာအချက်များရှိနေသည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “လက်နက်ကိုင်ပါတီနဲ့ လက်နက်မကိုင်တဲ့ပါတီတွေ၊ NCA ထိုးထားတဲ့ အဖွဲ့နဲ့ NCA မထိုးထားတဲ့ လက်နက်ကိုင်တွေ ပူးပေါင်းဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

အကွဲအပြဲ သုံးသပ်ချက်

လက်ရှိတွင် အကွဲအပြဲဖြစ်နေကြသည့် ALP ပါတီထိပ်ပိုင်းခေါင်းဆောင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်နှင့် ဒုက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့အားလုံးမှာ ALP အပေါ်တွင် အနစ်နာခံသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း သိရသည်။

ခိုင်ရဲခိုင်မှာ ပါတီရပ်တည်နိုင်ရေးအတွက် မိဘပိုင်ခြံတို့ကိုရောင်းချကာ ပါတီကိုပံ့ပိုးမှုများရှိခဲ့သလို ခိုင်စိုးနိုင်အောင်မှာလည်း ပါတီပြန်လည်ထူထောင်သည့်အခါတွင် ရခိုင်ဒေသသို့ လက်နက်အပါအဝင် တခြားသောထောက်ပံ့မှုများရောက်ဖို့ နိုင်ရာဘက်မှ အနစ်ခံခဲ့သူများဖြစ်ကြောင်း ALP အသိုင်းအဝိုင်းထံမှ သိရသည်။

သို့သော်လည်း ALP သည် တော်လှန်ရေးတွင် လူမှန်နေရာမှဖြစ်တည်မှု အားနည်းခဲ့ခြင်း၊ လူငယ်ပိုင်း ပြုစုပျိုးထောင်မှုတို့တွင် လိုအပ်ချက်များရှိခဲ့ကြောင်းလည်း ဆိုကြသည်။ ယင်း၏အကျိုးဆက်အဖြစ် အဖွဲ့အစည်း၌ အဖွဲ့ဝင်များအချင်းချင်းကြား အမြင်မကြည်မှု၊ သံသယများရှိလာခြင်းလည်းဖြစ်သည်။

“ဒီမှာ လူပုဂ္ဂိုလ် ၂ ဖွဲ့ဖြစ်နေတော့ နှစ်ပိုင်းခွဲပြီးတော့ပြောမယ်။ ဥက္ကဋ္ဌရဲ့အားနည်းချက်က မဟာမိတ်ဆက်ဆံရေးအပိုင်း။ ဒီအပိုင်းမှာ စနစ်တကျအကောင်အထည်ဖော်မှုမရှိခဲ့ဘူး။ ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ရဲ့အားသာချက်က ALP စစ်ကြောင်း မဟာမိတ်တွေနဲ့ ဆင်းလာခဲ့တဲ့နောက်ပိုင်းမှာ သူကမဟာမိတ်ဆက်ဆံရေးလုပ်ပြီးတော့ ကျန်ရှိခဲ့တယ်။ ဆိုတော့ ဒီဟာမှာ အားသာရာဆိုတာရှိကြတယ်”ဟု ALA ၏ ရဲဘော်ဟောင်း ခိုင်လင်းအောင်က ဆိုသည်။

ဆက်လက်ပြီး “အခုသူတို့လုပ်နေတာလည်း မှားတယ်၊ မှန်တယ်မပြောလိုဘူး။ ဒါပေမယ့်လည်း ရခိုင့်တော်လှန်ရေးအတွက် နိုင်ရာတာဝန်ကနေ ခေါင်းဆောင်တွေလုပ်ခဲ့တယ်ဆိုတာကိုပဲ အသိအမှတ်ပြုတယ်လို့ ပြောချင်တယ်”ဟု ခိုင်လင်းအောင်က မှတ်ချက်ပေးသည်။

အခြားတစ်ဘက်တွင်လည်း ALP ခေါင်းဆောင်များ အကွဲအပြဲဖြစ်နေသည့်အပေါ်တွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖြင့် ညှိနှိုင်းအဖြေရှာကြရန် ရခိုင်ပြည်သူတို့အကြား တောင်းဆိုမှုများရှိနေကြသည်။

ဇန်နဝါရီလ ၁၅ ရက်ရက်နေ့က ရခိုပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ALP ကိစ္စနှင့်ပတ်သက်ပြီး ညီညွတ်ရေးပြန်လည်တည်ဆောက်ရာတွင် လိုအပ်ပါက ကူညီသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “သူတို့အချင်းချင်း သွေးကွဲမှုမဖြစ်ဘဲနဲ့ ဆွေးနွေးစကားပြောကြဖို့၊ တွေ့ဆုံအဖြေရှာကြဖို့လိုမယ်။ ALP အနေနဲ့ ဒီလိုဖြစ်နေမယ်ဆိုရင် တခြားသောလူတွေအတွက် ရယ်စရာဖြစ်သွားတယ်။ ဒါကြောင့် ALP တည်တံ့ရေးအတွက် ကောင်းမွန်တဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာစေချင်တယ်”ဟု ပြောသည်။

ဗီဒီယိုများ