ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်လွှတ်တော်တွင်း ANP ၏လားရာနှင့် တပ်မတော်၏ အခန်းကဏ္ဍ

ANP အနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဦးဆောင်နိုင်ရန်နှင့် ပြည်နယ်အစိုးရကို ထိန်းကျောင်းရန်အတွက် ဘေးကျပ်နံကျပ်ဖြစ်နေပြီး တပ်မတော်နှင့် ပူးပေါင်းရေးလမ်းစဉ်ကိုသာ လက်ကိုင်ထားရမည့် အခြေအနေဖြစ်သည်။

24 Nov 2020

By - မင်းထွန်း | DMG

ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် မြို့နယ်ကိုးမြို့နယ်နှင့် မြို့နယ်လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၀ အုပ်စုတို့တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၆ သိန်းကျော်ရှိရာ ၁၂ သိန်းကျော် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် (၁၇) မြို့နယ်ရှိသည့်အနက် ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့သည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး ရွေးကောက်ပွဲကို တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်သည့်မြို့နယ်များမှာ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်များမှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၀ အုပ်စုတို့ ဖြစ်သည်။

ထို့ကြောင့် ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်လေးခုနှင့် တစိတ်တပိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်လေးခုတို့မှ လူဦးရေလေးသိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုသားပါတီ(ANP)က ပြည်သူ့လွှတ်တော်တွင် လေးနေရာ၊ အမျိုးသားလွှတ်တော်တွင် လေးနေရာ၊ ပြည်နယ်လွှတ်တော်တွင် ခုနှစ်နေရာ၊ စုစုပေါင်း ၁၅ နေရာ အနိုင်ရရှိခဲ့သည်။ ရခိုင့်ဦးဆောင်ပါတီ(AFP)က ပြည်သူ့လွှတ်တော်တွင် တစ်နေရာ၊ ပြည်နယ်လွှတ်တော်တွင် နှစ်နေရာ၊ စုစုပေါင်း သုံးနေရာ အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ပြည်သူ့လွှတ်တော်တွင် နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် တစ်နေရာ၊ ပြည်နယ်လွှတ်တော်တွင် လေးနေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ရှစ်နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်များတွင် တစ်နေရာစီအနိုင်ရရှိခဲ့သည်။

NLD အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်ရွေးကောက်ပွဲကထက် ယခုနှစ်တွင် မဲဆန္ဒနယ်ပိုမို အနိုင်ရရှိခဲ့သည်ဆိုသော်လည်း ရခိုင်တွင်မူ အမာခံနယ်မြေများဖြစ်သည့် တောင်ကုတ်နှင့် မာန်အောင်မြို့နယ်များကို ဆုံးရှုံးခဲ့ရပြီး ယင်းမြိုနယ်များတွင် လွှတ်တော်သုံးရပ်လုံး၌ ပြိုင်ဘက် ANP ပါတီအား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အမာခံနယ်မြေများ လက်လွှတ်ရခြင်းသည် NLD ပါတီမှ ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးမှုနှင့် ၎င်းအဖွဲ့၏ ရွေးကောက်ပွဲအပေါ် လွှမ်းမိုးသက်ရောက်မှုကြောင့် ဖြစ်ကြောင်း NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“အဓိကတော့ ကျနော်တို့ကိုယ်စားလှယ်လောင်းသုံးဦး ဖမ်းဆီးခံထားရတယ်။ နောက်ပါတီဝင်ခုနှစ်ဦးကို ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခြင်းအတွက် သတိပေးခြိမ်းခြောက်ခံထားရတယ်။ အဲတော့ ကျနော်တို့ဟာ တခြားနိုင်ငံရေးပါတီများနည်းတူ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်ဘူး။ မဲဆန္ဒရှင်တွေမှာလည်း လက်နက်ကိုင် အင်အားစုတစ်ခုရဲ့ မလိုလားမနှစ်သက်တဲ့ပါတီ သဘောမျိုး သက်ရောက်သွားတဲ့အတွက် သူတို့ရဲ့လွတ်လပ်တဲ့ မဲဆန္ဒပေးမှု ထိခိုက်သွားနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

သို့သော်လည်း NLD သည် ဂွ၊ သံတွဲမြို့နယ်များတွင် ယခင်ကထက်ပိုမိုအားကောင်းခဲ့ပြီး ရခိုင်ပါတီများကို ဖြတ်ကျော်၍ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်လွှတ်တော်တွင် မည်သို့သော အခင်းအကျင်းများဖြစ်ပေါ်လာမလဲနှင့် ANP အနေဖြင့် ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်မည် လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးရှိပြီး ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာသည် ပြည်နယ်အစိုးရအဖွဲ့တွင် တိုက်ရိုက်ပါဝင်မည်ဖြစ်သဖြင့် လွှတ်တော်ထဲတွင် ၁၄ ဦးကျန်ရှိမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP က ၂၂ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၉ ဦး၊ USDP က ၃ ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦး ဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သားကိုယ်စားလှယ်က ၁၂ ဦး ဖြစ်သဖြင့် စုစုပေါင်း ၄၇ ဦးရှိသော်လည်း လာမည့် တတိယအကြိမ်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၄ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်ငါးဦး စုစုပေါင်း ၁၉ ဦးသာ ရှိမည်ဖြစ်သည်။

ထိုအခြေအနေက ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် အစိုးရအား ထိန်းကျောင်းမှုပိုင်းတွင် ပိုမိုအားနည်းလာ နိုင်ကြောင်း ရခိုင်တွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိထားသည့် ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက သုံးသပ်သည်။

“အခုက ၁၀ ယောက်ကျော်ရှိတဲ့ အခင်းအကျင်းမျိုးဖြစ်သွားတဲ့အတွက် အစိုးရကို ထိန်းကျောင်းမှုအပိုင်းရော၊ နောက်ဖြစ်ပေါ်လာတဲ့ လွှတ်တော်အခင်းအကျင်းပါ ပိုပြီး အခက်အခဲရှိလာမယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။

ယခုလွှတ်တော်သက်တမ်းတွင် NLD ပါတီမှ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်းကို လွှတ်တော်မှစွပ်စွဲပြစ်တင်ပြုလုပ်ရာ၌ တပ်ကပူးပေါင်းပါဝင်ခဲ့သဖြင့် လွှတ်တော်၏ စွပ်စွဲပြစ်တင်မှု အထမြောက်ခဲ့သည်။ သို့သော် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအား လွှတ်တော်မှ စွပ်စွဲပြစ်တင်ပြုလုပ်ရာတွင်မူ တပ်မတော်၏ ပူးပေါင်းပါဝင်မှု မရရှိခဲ့သဖြင့် မဲအရေအတွက် သုံးပုံနှစ်ပုံကို မပြည့်မြောက်ခဲ့၍ စွပ်စွဲပြစ်တင်မှု မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် ပြည်နယ်အစိုးရကို ထိန်းကျောင်းရန် တပ်မတော်သည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။

“ရခိုင်လွှတ်တော်မှာ တပ်က ပူးပေါင်းပါဝင်မှုအားကောင်းတဲ့အခါ အစိုးရကို စွပ်စွဲပြစ်တင်လုပ်လို့ ရခဲ့တယ်။ တပ်က ပူးပေါင်းမပါဝင်ရင် စွပ်စွဲပြစ်တင်လုပ်လို့မရဘူး။ အခုက လာမယ့်အစိုးရဖွဲ့တဲ့အချိန်မှာ ပြည်နယ်အစိုးရ ဘယ်သူဖြစ်လာမယ်မှန်း မသိနိုင်သေးတဲ့အတွက် ပြောရမှာခက်တယ်” ဟု လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ဆိုရလျှင် ရခိုင်ပြည်နယ်တွင် NLD အစိုးရဖြစ်လာပါက ပြည်နယ်လွှတ်တော်မှ အစိုးရကို ထိန်းကျောင်းနိုင်ရန်အတွက် တပ်မတော်၏ ပူးပေါင်းပါဝင်မှုသည် ဆက်လက်အရေးပါနေအုံးမည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရသည်။

ဗီဒီယိုများ