ရခိုင်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ်အစည်းအဝေးကို ဇန်နဝါရီလအတွင်း ခေါ်ယူမည်

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ်များ မေးမြန်းထားသည့် လက်ကျန်မေးခွန်းများကို အစိုးရမှ လာရောက်ဖြေကြားပေးရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမြသန်းက ပြောသည်။

16 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၁၆ ၊ စစ်တွေ

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ကိုယ်စားလှယ်များ မေးမြန်းထားသည့် လက်ကျန်မေးခွန်းများကို အစိုးရမှ လာရောက်ဖြေကြားပေးရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးမြသန်းက ပြောသည်။

“ဇန်နဝါရီလ ဒုတိယအပတ်လောက်မှာ ခေါ်ဖို့ ခန့်မှန်းထားပါတယ်။ (၁၅) ကြိမ်မြောက်ခေါ်ဖို့ အစီစဉ်ရှိတယ်။ နောက်ဆုံးအကြိမ်ပေါ့” ဟု ဦးမြသန်းက ပြောသည်။  

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တစ်ခု၏ သက်တမ်းသည် ငါးနှစ်ဖြစ်သောကြောင့် လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လွှတ်တော်သက်တမ်းက အကျုံးဝင်မည်ဖြစ်သည်။

“နောက်ဆုံးအကြိမ်းဖြစ်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ မေးထားတဲ့ မေးခွန်းတွေကို အစိုးရအဖွဲ့က လာဖြေပေးရမှာပေါ့။ မေးခဲ့တဲ့မေးခွန်းတွေမှာ လက်ကျန်တွေ ရှိသေးတယ်ပေါ့လေနော်၊ နောက် ဓာတ်မြေသြဇာ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းစတဲ့ ဥပဒေကိုလည်း ပြဌာန်းဖို့ရှိတယ်။ နောက် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြောင်းလည်း  အတည်ပြုသွားဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း နောက်ဆုံးအစည်းအဝေးအတွက် မေးခွန်းများနှင့် အဆိုများကို လွှတ်တော်အစည်းအဝေးမကျင်းပမီ (၁၀) ရက်ကြိုတင်၍ မေးခွန်းများမေး၍ ရနိုင်သဖြင့် မေးခွန်းသစ်များလည်း တက်လာနိုင်သည်။

အစိုးရအနေဖြင့် မေးခွန်းများနှင့် ပတ်သက်ပြီး ပုံမှန်ဖြေကြားမှုများရှိသော်လည်း အဆိုနှင့်ပတ်သက်ပြီး ဆောင်ရွက်ရာတွင် မဆောင်ရွက်နိုင်ခြင်းများရှိသည့်အတွက် တချို့အဆိုများကို ဆောင်ရွက်ပေးရန် ပြည်နယ်လွှတ်တော်အနေဖြင့် စာထုတ်ထားကြောင်းလည်း ဦးမြသန်းက ဆိုသည်။   

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာက ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်လည်း ပြည်နယ်လွှတ်တော် သက်တမ်းမကုန်ဆုံးမီ တင်သွင်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့်ပတ်သက်၍ လျှင်မြန်စွာ အကောင်ထည်ဖော်ဆောင်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်သွင်းခဲ့သည်။

“အဆိုနဲ့ပတ်သက်ပြီးကျတော့ လွှတ်တော်က အတည်ပြုထားတဲ့ အဆိုအချို့ကို ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိနေတယ်လို့လည်း သိရတယ်။ တချို့အဆိုတွေကျတော့ သူတို့ဆောင်ရွက်ဖို့အတွက် စာထုတ်ထားတယ်။ ဆောင်ရွက်လို့ရမယ့်အဆိုတွေ ဆောင်ရွက်ပေးဖို့ပေါ့။ ပြည်ထောင်စုက ဆောင်ရွက်မယ့် အဆိုတွေကျတော့ အခက်အခဲရှိတာပေါ့”ဟု ဆိုသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၅ နှစ်တာကာလအတွင်း အဆို လုံးဝမတင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော်၏ စာရင်းအရသိရသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးရှိပြီး ယင်းအထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးနှင့် ရွေးကောက်ခံနိုင်ငံရေးပါတီအသီးသီးမှ တက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးအထိ ရှိသည်။  

ဗီဒီယိုများ