စစ်ရှောင်စခန်းက ကလေးလေးယောက်အမေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်ဂျာယုန်

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/A) တို့အကြား တစ်ကျော့ပြန် တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လချီးယန်ကျေးရွာက ဒေါ်ဂျာယုန်အပါအဝင် တခြားဒေသခံတွေဟာ မိမိတို့ရွာကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး မြစ်ဆုံဆည်စီမံကိန်းအနီးမှာရှိတဲ့ တန်ဖရဲရွာက ကတ်သလစ် ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ ခိုလှုံခဲ့ကြရပါတယ်။

By ခင်သရဖီဦး 14 Sep 2019

မြစ်ကြီးနားမြို့က စိန့်ဂျိုးဇက်စစ်ဘေးရှောင်စခန်းမြင်ကွင်း

ခင်သရဖီဦး ရေးသားသည်။

စစ်ဘေးရှောင်စခန်းဆိုတာက ကျွန်မတို့လို သတင်းသမားတွေအတွက် သိပ်စိမ်းလှတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေဆီကိုတော့ အခုမှ ရောက်ဖူးတာပါ။ ပထမဆုံး မြစ်ကြီးနားမြို့၊ ပလန ရပ်ကွက်(၁) ပိတောက်မြိုင်ကျေးရွာက စိန့်ဂျိူးဇက်စစ်ရှောင်စခန်းကို ရောက်ရှိသွားပါတယ်။

အဲဒီနေ့က စစ်ရှောင်စခန်းမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ကလေးတွေကို အာဟာရဆန်ပြုတ် တိုက်ကျွေးနေပါတယ်။ စခန်းတစ်ခုလုံးက ကလေးတွေကတော့ ဆန်ပြုတ်ကို မြိန်ရှက်စွာ သောက်သုံး နေကြတာမြင်လိုက်ရတော့ စိတ်မကောင်းဖြစ်ခြင်းနဲ့ စိတ်ကြည်နူးခြင်းကို တပြိုင်နက်တည်း ခံစားလိုက်ရပါတယ်။

စခန်းတစ်နေရာမှာတော့ ဟောင်းနွမ်းနေတဲ့ အကျီလက်ပြတ် အပြာရောင်၊ ဆေးရောင်ပြယ်လွင့်နေပြီဖြစ်တဲ့ ခရမ်းရောင်ထဘီကိုဝတ်ဆင်ပြီး ဆံပင်တွေကိုစုကာ ကလစ်နဲ့ပင့်တင်ထားတဲ့ အသားဖြူဖြူ၊ ခန္ဓာပိန်ပိန်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပြုံးပြီးထိုင်နေတာကို မထင်မှတ်ဘဲတွေ့လိုက်ရပါတယ်။ သေချာ ကြည့်လိုက်တော့မှပဲ သူမနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကလေးနှစ်ဦးဆန်ပြုတ်စားနေတာကို ပြုံးပြီးကြည့်နေတာဖြစ်တယ်။

ကျွန်မလည်း စိတ်ဝင်စားတာနဲ့ ကိုယ့်ကိုမိတ်ဆက်ပြီး စကားပြောကြည့်တော့ သူမနာမည်က ဒေါ်ဂျာယုန်၊ အသက်က ၃၂ နှစ်၊ ကလေး (၄) ယောက်မိခင်ဖြစ်ကြောင်း ပြောပြပါတယ်။ သားအကြီးဆုံးက ၁၃ နှစ်၊ သားအလတ်နှစ်ယောက်က ၁၀ နှစ်နဲ့ ၈ နှစ်ဖြစ်ပြီး အငယ်ဆုံးသမီးလေးက ၂ နှစ်ကျော်အရွယ်ရှိနေပါပြီတဲ့။

သူမရဲ့ဗိုက်ထဲမှာလည်း ရှစ်လကျော်ပြီဖြစ်တဲ့ ငါးယောက်မြောက်သားလေးရဲ့ကိုယ်ဝန်ကို လွယ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒေါ်ဂျာယုန်ရဲ့ လေသံကိုနားထောင်ရတာ သိပ်အားမပါလှပါဘူး။ ဒေါ်ဂျာယုန်ရဲ့ ပုံပန်း သဏ္ဍာန်ကိုကြည့်ရတာ ကလေးမွေးဖို့အတွက် အင်အားရှိမှရှိပါ့မလားလို့တောင် သံသယဝင်မိပါတယ်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/A) တို့အကြား တစ်ကျော့ပြန် တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လချီးယန်ကျေးရွာက ဒေါ်ဂျာယုန်အပါအဝင် တခြားဒေသခံတွေဟာ မိမိတို့ရွာကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး မြစ်ဆုံဆည်စီမံကိန်းအနီးမှာရှိတဲ့ တန်ဖရဲရွာက ကတ်သလစ် ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ ခိုလှုံခဲ့ကြရပါတယ်။ လက်ရှိနေထိုင်နေတဲ့ စိန့်ဂျိုးဇက်စစ်ဘေးရှောင်စခန်းကိုတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကမှ ပြောင်းရွှေ့လာခဲ့ကြတာဖြစ်တယ်လို့ ဒေါ်ဂျာယုန်က ပြောပါတယ်။

ဒေါ်ဂျာယုန်ရဲ့ ယောက်ျားဟာ လွန်ခဲ့တဲ့ (၆)လခန့်က နေအိမ်ကနေထွက်သွားခဲ့ပါတယ်။ အဲဒီကတည်းက ယောက်ျားနဲ့ အဆက်အသွယ်မရရှိတော့ဘူးလို့ ဒေါ်ဂျာယုန်ကဆိုပါတယ်။ ဒေါ်ဂျာယုန်တစ်ယောက် စစ်ဘေးရှောင်စခန်းမှာ အလုပ်အကိုင်မရှိဘဲ မပေါ့မပါးဘဝနဲ့ ကလေး (၄) ယောက်ကို စောင့်ရှောက်ရင်း စိတ်အားငယ်စွာနေထိုင် နေရတာပါ။

စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၁၃၇၄ ယောက်ရှိပါတယ်။ ကျန်းမာရေးအတွက် သူနာပြုတစ်ယောက်ထိုင်တဲ့ ဆေးပေးခန်းတစ်ခုပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီဆေးပေးခန်းက နေ့အချိန်မှာပဲ ဖွင့်လှစ်တာဖြစ်သလို ကိုယ်ဝန်ဆောင်တွေကို ကြည့်ရှုစောင့်ရှောက်ပေးဖို့လည်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ စခန်းကနေ ဆိုင်ကယ်နဲ့တစ်နာရီလောက် သွားရတဲ့ ကျေးလက်ကျန်းမာရေးဌာနကိုပဲ အားကိုးနေကြရတာပါ။

မြစ်ကြီးနားမြို့က စိန့်ဂျိုးဇက်စစ်ဘေးရှောင်စခန်းမြင်ကွင်း

ဒီစခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အဲဒီကျေးလက်ကျန်းမာရေးဌာနကို ဆိုင်ကယ်နဲ့ပဲ သွားကြတာလားလို့ ဒေါ်ဂျာယုန်ကိုမေးကြည့်တော့ “ကိုယ်ဝန်လအများကြီးနဲ့ဆိုတော့ …….. အခုက သိပ်မကြောက်တော့ဘူး။အရင်ကတော့ စိုးရိမ်တယ်လေ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ သွားရတာပဲ”လို့ပြောရင်း သူမရဲ့စကားကို ရပ်တန့်လိုက်ပါတယ်။

ခဏနေတော့ ဒေါ်ဂျာယုန်ရဲ့ခေါင်းထဲမှာ ကျွန်မကိုပြောပြဖို့ အတွေးစတစ်ခုထပ်ဝင်လာပြန်ပါတယ်။

“ဒီမှာက အရင်ကတည်းကမွေးတယ်လေ။ လက်သည်တွေရှိတယ်။ အရင်ကလေးတွေကိုလည်း မွေးဖူးတယ်၊ လက်သည်တွေနဲ့လေ။ အခုလည်း သူတို့နဲ့မွေးရမယ်” လို့ ညှိုးငယ်နေတဲ့ မျက်နှာထားနဲ့ သူမက ပြောပါတယ်။

ဒေါ်ဂျာယုန်ဟာ ဆေးရုံတက်ရောက်ပြီး ကလေးမွေးဖွားချင်ပေမဲ့ သူမရဲ့လက်ရှိဘဝက စိတ်ကူးနဲ့တစ်ခြားစီဖြစ်လို့နေပါတယ်။ ငွေကြေး၊ ဆေးရုံတက်ရင် ပြုစုစောင့်ရှောက်ပေးမယ့်သူ၊ အရွယ်မရောက်သေးတဲ့ အိမ်က ကလေးတွေကို ကြည့်ရှုပေးမယ့်သူ စတာတွေဟာ သူမအတွက် ဗလာနတ္ထိဖြစ်လို့နေပါတယ်။

“ကျွန်မကတော့ ဆေးရုံမှာမွေးချင်တယ်။ ဒါပေမဲ့ ကလေးတွေကို စောင့်ရှောက်ဖို့လူကမရှိဘူး။ ဒီတော့ ကျွန်မ အတွက်မလွယ်ဘူး။ ပြီးတော့ ဆေးရုံမှာမွေးလို့ရှိရင်လည်း ကျွန်မကိုစောင့်ရှောက်ဖို့အတွက် လူကလိုမှာပဲလေ။ ဒါကြောင့် တစ်ဖက်ကတော့ ဒီမှာပဲမွေးချင်တယ်။ ဒီမှာမွေးမှ ကျွန်မကလေးတွေကို ကျွန်မကြည့်လို့ရမယ်လေ” လို့ ဒေါ်ဂျာယုန်က ဆိုပါတယ်။

အခုလိုပြောဆိုတာဟာ စစ်ဘေးရှောင်စခန်းက ငွေကြေးမရှိ၊ ယောကျ်ားဖြစ်သူမရှိ၊ အလုပ်အကိုင်မရှိတဲ့ ကလေး (၄)ယောက်ရဲ့အမေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ ရင်တွင်းစကားသံပါပဲ။ တကယ်လို့ တစ်စုံတစ်ယောက်က ဆေးရုံမှာကလေးမွေးဖို့အတွက် ကူညီထောက်ပံ့ပေးမယ်ဆိုရင်တောင် ဒေါ်ဂျာယုန်အတွက်က အတော့်ကို စဉ်းစားရအုံးမယ့် အနေအထားပါ။

စိန့်ဂျိုးဇက်စစ်ဘေးရှောင်စခန်းက စခန်းနေလူတစ်ယောက်ကို WFP က တစ်လမှာ ကျပ်တစ်သောင်းခွဲ ကူညီထောက်ပံ့ပေးထားပါတယ်။ WFP ကလွဲရင် တခြားကူညီထောက်ပံ့မှုတွေ မရှိဘူးလို့ စခန်းတာဝန်ခံ ဆီကနေ သိခဲ့ရပါတယ်။ ထောက်ပံ့ငွေတစ်ခုတည်းနဲ့ ဘယ်လိုမှ လောက်ငှမှုမရှိတာကြောင့် စစ်ဘေးရှောင် စခန်းက အလုပ်လုပ်နိုင်တဲ့အရွယ် အမျိုးသား၊ အမျိုးသမီးတွေဟာ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်ရင်း ဝင်ငွေရှာဖွေပြီး စားသောက်နေထိုင်ကြရပါတယ်။

မြစ်ကြီးနားမြို့က စိန့်ဂျိုးဇက်စစ်ဘေးရှောင်စခန်းမြင်ကွင်း

ဒါပေမဲ့ လင်ယောက်ျားမရှိဘဲ သားသမီး (၄) ယောက်နဲ့ ဘဝကိုဖြတ်သန်းနေရတဲ့ ဒေါ်ဂျာယုန်အတွက်ကတော့ အလုပ်လုပ်ဖို့ လုံးဝအဆင်မပြေလှပါဘူး။ ဒါကြောင့် WFP က ထောက်ပံ့တဲ့ လူ (၅) ယောက်စာကိုပဲ ခြိုးခြံ ချွေတာပြီး စားသောက်နေရပါတယ်။

“ဆေးခန်းပြတာကတော့ တစ်ခါပြရင်း သောင်းဂဏန်းကုန်တယ်။ ဒါကြောင့် အများကြီးတော့ အဆင်မပြေဘူး။ စစ်ရှောင်တွေဆိုပြီးတော့ အခမဲ့ကုပေးတာမရှိဘူးလေ။ သွားပြရင် ပိုက်ဆံက ကုန်တာပဲ” လို့ ဒေါ်ဂျာယုန်က ဆေးခန်းပြရတဲ့အခြေအနေကို စိတ်ပျက်စွာနဲ့ပဲ ပြောဆိုပါတယ်။

စိန့်ဂျိုးဇက်စစ်ရှောင်စခန်းအနေနဲ့လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် စခန်းနေသူတွေ တခါတရံ အရေးပေါ်ဖြစ်လာတဲ့အခါ စခန်းကသုံးဘီးနဲ့ ပြည်သူ့ဆေးရုံသို့ ပို့ပေးတာထက်ပိုပြီး ကူညီနိုင်စွမ်းမရှိဘူးလို့ စခန်းတာဝန်ခံ ဦးခွန်တောင်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြန်ပေါ်လာခဲ့တဲ့ (၈) နှစ်တာကာလအတွင်း စစ်ဘေးရှောင်စခန်းမှာ ခိုလှုံ နေသူတွေထဲ အမျိုးသမီးအများဆုံးပါဝင်နေပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ်အတွင်း စစ်ရှောင်စခန်းပေါင်း ၁၃၆ ခုရှိပြီး လူဦးရေ ၉၇၆၀၀ ကျော်ရှိနေတဲ့အထဲ အမျိုးသမီးအရေးအတွက်က ထက်ဝက်ကျော်ပါဝင်နေတယ်လို့ သိရပါတယ်။

အဲဒီထဲမှာမှ ဒေါ်ဂျာယုန်တို့လို အမျိုးသမီး ဘယ်နှယောက်များရှိလေမလဲ။ ဒေါ်ဂျာယုန်ကတော့ ငြိမ်းချမ်းရေးရမှ မိမိတို့ရွာကလေးကို ပြန်ဖို့စိတ်ကူးထားတယ်လို့ ပြောပါတယ်။

“ကျမကတော့ အခုလည်း ယောကျာ်းလေးပဲမွေးမှာ။ ဆရာဝန်ပြောတာတော့ ယောကျာ်းလေးလို့ပြောတယ်။  မိန်းကလေးပဲ လိုချင်တာလေ” လို့ ဒေါ်ဂျာယုန်တစ်ယောက် သူ့ဗိုက်ကလေးကိုပွတ်သပ်ရင်း သွားပေါ်အောင် ရယ်ပြီး ပြောလိုက်ပါတယ်။

ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေနဲ့ တွေ့ကြုံနေရပါစေ ဒေါ်ဂျာယုန်ကတော့ သူမရဲ့ကလေးတွေကို ချစ်မြဲချစ်လျက်၊ ဂရုစိုက်မြဲစိုက်လျက်ဆိုတာ အထက်က သူမပြောတဲ့ စကားက သက်သေအဖြစ်နဲ့ရှိနေပါတယ်။

(ဒေါ်ဂျာယုန်ထံက ဓာတ်ပုံရိုက်ကူးခွင့် မရရှိတာကြောင့် စာဖတ်ပရိသတ်များကို ဒေါ်ဂျာယုန်ရဲ့ ဓာတ်ပုံများဖြင့် တင်ပြနိုင်ခြင်းမရှိခဲ့ပါ။)

ဗီဒီယိုများ