- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
- ဆေးဝါးပြတ်လပ်၍ ပေါက်တောတွင် HIV လူနာ အမျိုးသားတစ်ဦး သေဆုံး
နေရပ်ပြန် မြိုလူမျိုးများ ပြန်လည်ထူထောင်ရေး စိန်ခေါ်မှုများ ရှိနေ
တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်အတွင်းက မြိုလူမျိုးများမှာ ယခုအခါ မိမိနေရပ် အသီးသီးသို့ ပြန်သွားကြပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာကြုံနေရကြောင်း သိရသည်။
15 Jul 2025

DMG ၊ ဇူလိုင် ၁၅
တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်အတွင်းက မြိုလူမျိုးများမှာ ယခုအခါ မိမိနေရပ် အသီးသီးသို့ ပြန်သွားကြပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာကြုံနေရကြောင်း သိရသည်။
မြို့လူမျိုးများမှာ ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ခက်ခဲနေသေးကာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေးပြဿနာနှင့် ရင်ဆိုင်နေကြရသည်။
" လက်ရှိမှာတော့ ကိုယ်ထူကိုယ်ထ လုပ်အားစိုက်ပြီး အခက်အခဲတွေကို ဖြေရှင်းကြတာ များပါတယ်။ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေကလည်း လက်လှမ်းမှီနိုင်မှု အားနည်းသလို အဝေးရောက် လူမှု့အဖွဲ့အစည်းတွေအနေနဲ့လည်း လက်လှမ်းမှီမှု အားနည်းပါတယ်" ဟု မြို တက္ကသိုလ် ကျောင်းသား/သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းနှင့် ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရပြီး မိခင်စာပေကိုတောင် မသင်ကြားနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
မြောက်ဦးမြို့နယ်၊ ပုဇဉ်းချောင်းကျေးရွာမှ နေရပ်ပြန် မြို့လူမျိုး ၁၀၀ ခန့်မှာလည်း ထိုသို့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
ယခုနေရပ်ပြန်သွားကြသည့် မြိုလူမျိုးများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေကြသူများဖြစ်ပြီး ရခိုင်တွင် အစောဆုံး စစ်ဘေးတိမ်းရှောင်ခဲ့ကြသူများလည်း ဖြစ်သည်။
လက်ရှိ အာရက္ခတပ်တော်က ရခိုင်နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်၍ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ စကာ နေရပ်အသီးသီးသို့ ပြန်သွားကြခြင်းဖြစ်သည်။
နှစ်ကာလကြာမြင့်စွာ စစ်ဘေးရှောင်နေကြရသဖြင့် စုဆောင်းထားသောအရာများမှာလည်း သုံးစွဲကုန်ခန်းသွားပြီဖြစ်ပြီး နေရပ်ပြန်ရောက်ရာတွင် ၎င်းတို့ ဘဝကို အစက ပြန်လည်စတင်နေကြရသည်။
"ကျနော်တို့ မြို တက္ကသိုလ်ကျောင်းသူ/သားများအသင်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီပေးခြင်းအားဖြင့် ရက္ခိုင်ပြည်ရှိ လူမျိုးပေါင်းစုံရဲ့ အခက်အခဲအကျပ်တည်းတွေကို တစ်ဖက် တလှမ်းကနေ ကူညီဆောင်ရွက်သွားဖို့ ကြိုးစားလျက်ရှိနေပါတယ်။ အခုချိန်မှာ အရေးကြီးတာတော့ ပြည်သူတွေရဲ့ အခက်အခဲကို တစ်ဖက်တစ်လှမ်းကနေ နိုင်ရာဝန်ကူထမ်းပေးကြဖို့ပါပဲ" ဟု မြို တက္ကသိုလ် ကျောင်းသား/သူများအသင်း၏ တာဝန်ရှိသူက ပြောသည်။
မြိုလူမျိုးများသည် ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့တွင် နေထိုင်လျက်ရှိပြီး လူဦးရေ ၅၀,၀၀၀ ကျော်ရှိသည်။
နဂိုကတည်းက ဆင်းရဲမွဲတေမှုနှင့် လူမှုဘဝကိုဖြတ်သန်းနေကြရသည့်အထဲ စစ်ရေးကြား အခက်အခဲအကျပ်အတည်းများဒဏ်ကို ထပ်မံကြုံတွေ့ခဲ့ရသဖြင့် ပို၍ ဒုက္ခရောက်ခဲ့ကြရသည်။
ရခိုင်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေကြရသူ ၆ သိန်းကျော်ရှိပြီး စစ်ကောင်စီ၏ လေကြောင်း၊ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် နေရပ်မပြန်နိုင်သေးကြဘဲ စားဝတ်နေရေး၊ ကျန်းမာရေး စသည့် အခက်အခဲများကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။