ယိုယွင်းစပြုလာနေသည့် ဂေဟစနစ်များ

ဒီရေတောများသည် ကုန်းမြေနှင့် ရေပြင်တို့ ထိစပ်သည့်နေရာတွင် တည်ရှိသည့်အတွက် ကုန်းမြေကို ရေတိုက်စားသည့်ဒဏ်မှ ကာကွယ်ပေးသည်။ မုန်တိုင်းများတိုက်ခတ်လာပါကလည်း လေပြင်းများဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပေးကြရှာသည်။ ထို့အပြင် ဒီရေတောများသည် ငါးပုဇွန်များ၏ သားပေါက်ရာနေရာတစ်ခုလည်း ဖြစ်ပေသည်။ လူသားများအတွက် လိုအပ်လှသည့် ပရိုတင်းဓာတ်များစွာရနိုင်သည့် ငါးပုဇွန်များသည်လည်း ဒီရေတောထဲတွင် ဥချသားပေါက်ကြပေသည်။

By သီဟ 30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀

(ဆောင်းပါး)

ကျွနု်ပ်တို့၏ ကမ္ဘာလောကကြီး စတင်တည်ရှိခဲ့သည့်အချိန်မှစ၍ ယခုအချိန်အထိ တည်မြဲနေရခြင်းမှာ ဂေဟစနစ်ဆိုသည့် ထောက်တိုင်ကြီးကြောင့်ပင်ဖြစ်သည်။ ဂေဟစနစ်ဟုဆိုရာတွင် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုအားလုံးသည် အကျုံးဝင်နေသည်။

အကယ်၍ အဆိုပါဂဟေစနစ်ပျက်ယွင်းလာခဲ့မည်ဆိုပါက ကျွနု်ပ်တို့ နေထိုင်ရာကမ္ဘာကြီး၏ ရေရှည်တည်တံ့ရေးမှာ မတွေးဝံ့ဖွယ် အခြေအနေတွင် ရှိနေပေသေည်။ သို့သော် ကျွန်ုပ်တို့ လူသားများ၏ မဆင်ခြင်နိုင်သော မတော်လောဘများကြောင့် ကျွန်ုပ်တို့ မှီခိုနေထိုင်ရာကမ္ဘာကြီး၏ ဂဟေစနစ်များမှာ တစ်စထက်တစ်စ ယိုယွင်းလာနေပြီဖြစ်သည်။

ထင်ရှားသောဥပမာတစ်ရပ်အနေဖြင့်ဆိုရသော် ကျွန်ုပ်တို့လူသားများသည် အသက်ရှင်သန်ရန်အတွက် အောက်ဆီဂျင်ဟူသော လေထုကို ကြီးစွာလိုအပ်လှပေသည်။ သို့သော် အောက်ဆီဂျင်များကို အဓိကထုတ်လုပ်ပေးနေသည့် သစ်ပင်များကိုမူ ကျွန်ုပ်တို့ ဂရုစိုက်မှုမရှိသလောက် နည်းပါးလာလျက်ရှိသည်။ မိမိတို့၏ စားဝတ်နေရေးလိုအပ်ချက်အပြင် ကြီးပွားချမ်းသာလိုသော လောဘများဖြင့် သစ်တောများကို အလွန်အကျွံခုတ်ယူနေကြသဖြင့် ကမ္ဘာမြေ၏ အဖိုးတန် ရတနာများမှာ များစွာပျက်စီးနေကြရပြီဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ရွက်ပြတ်ရောနှောတော၊ သမပိုင်းအမြဲစိမ်းတောနှင့် အပူပိုင်းအမြဲစိမ်းတောများ ပါဝင်ပြီး စာရင်းအချက်အလက်များအရ ဇီဝမျိုးစုံမျိူးကွဲ မျိုးစိတ်စုစုပေါင်း ၁၁,၈၂၄ ရှိ၍ ၎င်းတို့အနက် ၈ မျိုးမှာ ဒေသရင်း မျိုးစိတ်များဖြစ်ကာ မြန်မာနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ရှိ သစ်တောနယ်မြေများတွင် မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အင်ဒိုချိုင်းနားကျား၊ အာရှဆင်နှင့် အာရှကြံ့သူတော်အများအပြား မှီတင်းနေထိုင်လျက်ရှိသည်။

မြန်မာ့ရွေးချယ်ခုတ်လှဲစနစ်(Myanmar Selection System)သည် လွန်ခဲ့သော ၁၉ ရာစုကတည်းကပင် မြန်မာနိုင်ငံ၌ စတင်အသုံးပြုခဲ့သည့် စဉ်ဆက်မပြတ်ထိန်းသိမ်းထားသော သစ်ထုတ်လုပ်ရေးဆိုင်ရာသိပ္ပံနည်းကျစီမံခန့်ခွဲမှု စနစ်တစ်ခုဖြစ်ပြီး မြေယာလုပ်ပိုင်ခွင့်နှင့် ပဋိပက္ခများ၊ ရေတိုအကျိုးအမြတ်သာ အလေးပေးသည့် တရားမဝင် သစ်ထုတ်လုပ်မှုများ၊ အထူးသဖြင့် လူကြိုက်အလွန်များသည့် မြန်မာ့ကျွန်းသစ် ပြည်ပသို့တင်ပို့ရောင်းချမှုများကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှအစပြု၍ သစ်တောအတန်းအစား အလွန်အမင်းကျဆင်းခဲ့ရကြောင်း ကျွမ်းကျင်သူများကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။

ထိုသို့ယုတ်လျှော့လာနေသော ကမ္ဘာမြေ၏ အဖိုးတန်ရတနာဖြစ်သည့် သစ်တောများထဲတွင် ဒီရေတောများသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာမြေ၏ သုံပုံနှစ်ပုံသည်ရေထုဖြစ်ကြပြီး ကျန်တစ်ပုံသည် ကုန်းမြေများဖြစ်ကြသည်။ အဆိုပါ ကုန်းမြေနှင့် ရေထုဆက်စပ်သည့်နေရာတိုင်းတွင် ဒီရေတောများတည်ရှိနေပြီး ကျွန်ုပ်တို့၏ ဂေဟစနစ်ကို များစွာအထောက်အကူပြုလျှက်ရှိသည်။

ဒီရေတောများသည် ကုန်းမြေနှင့် ရေပြင်တို့ ထိစပ်သည့်နေရာတွင် တည်ရှိသည့်အတွက် ကုန်းမြေကို ရေတိုက်စားသည့်ဒဏ်မှ ကာကွယ်ပေးသည်။ မုန်တိုင်းများတိုက်ခတ်လာပါကလည်း လေပြင်းများဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ပေးကြရှာသည်။ ထို့အပြင် ဒီရေတောများသည် ငါးပုဇွန်များ၏ သားပေါက်ရာနေရာတစ်ခုလည်း ဖြစ်ပေသည်။ လူသားများအတွက် လိုအပ်လှသည့် ပရိုတင်းဓာတ်များစွာရနိုင်သည့် ငါးပုဇွန်များသည်လည်း ဒီရေတောထဲတွင် ဥချသားပေါက်ကြပေသည်။

ထို့ကြောင့် ဒီရေတောများအကျိုးပြုပုံနှင့်ပတ်သက်၍ ရခိုင်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(RCA)၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်မောင်ကြည်က “ဒီရေတောတွေဟာ လူနေထိုင်စားသောက်ရေးအတွက် တကယ့် ရွှေတွင်းကြီးတစ်ခုပါပဲ။ လူတွေဂရုစိုက်မယ်ဆိုရင်ပေါ့”ဟု ဆိုသည်။

ထိုသို့အဖိုးတန်လှစွာသော ဒီရေတောများကို ကျွနု်ပ်တို့လူသားများသည် ထင်း၊ မီးသွေးအဖြစ် ပြောင်းလဲပစ်ကြသည်။ အချို့ကို ဆားကွင်းအဖြစ်ပြောင်းလဲပစ်ကြသည်။ အချို့ကို မြေဖို့ကာ အိမ်ယာစီမံကိန်းအဖြစ် ပြောင်းလဲပစ်ကြသည်။ ထိုသို့ပြောင်းလဲပစ်မှုများကြောင့် ဒီရေတောများသည် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် တဖြည်းဖြည်း ပြုန်းတီးလာနေလျှက်ရှိသည်။

ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတောဧကစုစုပေါင်း ၃၉၅,၇၂၆ ဧကရှိပြီး မောင်တောခရိုင်တွင် ၅၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။

“အရင်က ရခိုင်မှာ ဒီရေတောဧရိယာလေးသိန်းကျော်အထိရှိခဲ့ပေမယ့် အခုဆိုရင် နှစ်သိန်းကျော်လောက်က ကုန်သွားပြီ။ ထိန်းသိမ်းရကောင်းမှန်းမသိတော့ လုပ်ချင်တိုင်းလုပ်လိုက်တဲ့အတွက် တော်တော်လေးကုန်သွားပြီ” ဟု ဒေါက်တာ မောင်မောင်ကြည်က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒီရေတောများ တဖြည်းဖြည်းနည်းပါးလာနေရခြင်းမှာ ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်ကြသည့်အတွက်ဖြစ်ပြီး ထိုသို့လုပ်ကိုင်ကြသည့် အတွက် ရခိုင်ပြည်နယ်ရှိ ငါးသယံဇာတများမှာ တဖြည်းဖြည်းလျှော့ကျလာနေပြီဖြစ်သည်။

ကွင်းဆင်းစစ်ဆေးလေ့လာချက်များအရ လက်ရှိအခြေအနေတွင် ရခိုင်ကမ်းရိုးတန်းဒေသ၏ ငါးသယံဇာတတည်ရှိမှုမှာ အခြားကမ်းရိုးတန်းဒေသများ၏ ငါးသယံဇာတတည်ရှိမှုထက် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တွေမှာ လေ့လာခဲ့တဲ့ လေ့လာချက်တွေအရ အခြားကမ်းရိုးတန်းဒေသတွေမှာ ရေပေါ် ရေအောက်ငါးပိဿာချိန် ၁၀ ရတယ်ဆိုရင် ရခိုင်မှာက ၆ ပိဿာလောက်ပဲရတော့တယ်။ အခြားကမ်းရိုးတန်းတွေနဲ့ယှဉ်ရင် ရခိုင်ကမ်းရိုးတန်းက ငါးသယံဇာတတည်ရှိမှု အနိမ့်ဆုံးအခြေအနေကိုရောက်နေပြီ” ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းကပြောဆိုသည်။

ရခိုင်ကမ်းရိုးတန်းရှိ ငါးသယံဇာတများ လျှော့နည်းလာရခြင်းမှာ စနစ်မကျသည့်ငါးဖမ်းလုပ်ငန်းများကြောင့်အပြင် ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်များက ရခိုင်ဒေသတွင် ဒီရေတောများကို ခုတ်ထွင်ကာ ပုဇွန်ကန်များ အလွန်အကျွံပြုလုပ်ခြင်း၊ ဆားထုတ်လုပ်ခြင်းတို့ကြောင့် ငါးသားပေါက်သည့်နေရာများ ပျက်စီးကာ ယခုကဲ့သို့ ငါးသယံဇာတ ရှားပါးလာရခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာထွန်းသိန်းက ဆက်ပြောသည်။

အမ်းမြို့နယ်မှ ဒီရေတောထိန်းသိမ်းရေးလုပ်ကိုင်နေသူ ကိုမျိုးလွင်ကလည်း “ပုဇွန်ကန်တွေကို စက်အင်အား အလုံးအရင်းသုံးပြီး လုပ်ကြတဲ့အတွက် ဒီရေတောတွေပျက်စီးလာတယ်။ နောက်ပြီး ဒီရေတောတွေမှာ ငရုပ်ကောင်းစေ့ထက်သေးတဲ့ ပိုက်ကွက်တွေနဲ့ ငါးဖမ်းကြတယ်။ ဒီတော့ ငါးသားပေါက်လေးတွေကအစ အကုန်သေကုန်ကြရတယ်”ဟု ပြောသည်။

ထိုသို့ဒီရေတောဂေဟစနစ်များ ယိုယွင်းလာသည်နှင့်အမျှ ရေလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် သားငါးပုဇွန် ဖမ်းဆီးရရှိမှုမှာလည်း များစွာလျှော့ကျလာလျှက်ရှိကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

“အရင်ကဆိုရင် ချောင်းထဲက ဘယ်နေရာမှာမဆို ရှာလို့ရတယ်။ အခုကျတော့ ချောင်းတစ်ခုလုံးကုန်အောင် ကွန်ပစ်ရင်တောင်မှ ငါးတစ်ဆယ်သားလောက်ပဲရတော့တယ်” ဟု အမ်းမြို့နယ်မှ လက်လုပ်လက်စား ရေလုပ်ငန်းလုပ်ကိုင်သူ ကိုမျိုးမောင်က ပြောသည်။

ထို့အပြင် လက်ရှိတွင် ငါးများဖမ်းဆီးရရှိမှုမှာ ယခင်ထက် ပိုမိုလျော့နည်းလာနေပြီး ယခင်ကပေါပေါများများ ဖမ်းဆီး ရမိခဲ့သော ငါးမျိုးစိတ်များမှာလည်း ယခုအခါရှားပါးလာပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရေလုပ်ငန်းလုပ်ကိုင်နေသူ များကလည်း ဆိုသည်။

“ငါးလက်ခွါ၊ ငါးဆပ်ဖာတွေဆိုရင် အရင်တုန်းက တစ်လမှာ အကောင်ရေ ၁၀ အထက် ရကြတယ်။ အခုဆိုရင် တစ်လမှာ တစ်ကောင်ရဖို့က မသေချာတော့ဘူး” ဟု ကိုမျိုးမောင်ကပြောသည်။

ထိုသို့ ယိုယွင်းစပြုလာသည့် ရခိုင့်ဂေဟစနစ်နှင့် တိုးပွားလာနေသည့် လူဦးရေတို့ကြောင့် ရေရှည်ရှင်သန်ရေးအတွက် မိမိတို့ပတ်ဝန်းကျင်ရှိ ဂေဟစနစ်များကို အချိန်မီထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်သည်။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းပါးနေသေးသည်။ ယခုအချိန်တွင် လူဦးရေ၏သုံးပုံနှစ်ပုံခန့်မှာ ရေလုပ်ငန်းကို မှီခိုနေရသည့်အတွက် ရေနေသတ္တဝါတို့၏ မှီခိုရာ ဂေဟစနစ်ဖြစ်သည့် ဒီရေတောများ မပျက်စီးရေးအတွက်ကိုလည်း အထူးဂရုစိုက်ရန် လိုအပ်လှပေသည်။ ထိုသို့ အချိန်မီဂရုတစိုက် ထိန်းသိမ်းမှုများမလုပ်ဆောင်နိုင်ခဲ့သော် နောင်တွင် အဟာရပြည့်မှီသော ငါးများကို အဘယ်က ရရှိနိုင်ပါအံ့နည်း။

သီဟရေးသားသည်။

ဗီဒီယိုများ