အမြောက်ဆံမိုး ရွာသွန်းခဲ့သော ကင်းဆိပ်ရွာ

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မောင်မြတ်သူလင်း (၄)နှစ်၊ ဒေါ်အေးယဉ်နု (၆၀)နှစ်တို့မှာ နေရာတွင်သေဆုံးခဲ့သည်။ ချောင်းသစ်ကျေးရွာမှ ကင်းဆိပ်ကျေးရွာတွင် အလုပ်လုပ်ကိုင်နေသည့် ဦးလှအောင်သိန်း (၃၅)နှစ်မှာလည်း လည်ပင်းတွင်ကျည်စထိမှန်ကာ မြောက်ဦးဆေးရုံ၌ သေဆုံးသွားခဲ့သည်။

By ဂေါင် 31 Aug 2022

DMG ၊ သြဂုတ် ၃၁

(ဆောင်းပါး)

လက်နက်ကြီးကျည်များသည် ငါးမိနစ်ခြားတစ်ကြိမ်စီ ကျေးရွာအနီးပတ်ဝန်းကျင်သို့ ကျရောက်လာနေသည်။ ရွာသူရွာသားတို့မှာလည်း နေအိမ်တွင်မနေရဲကြတော့ဘဲ ခြေဦးတည့်ရာသို့ပြေးကာ အုတ်အော်သောင်းတင်း ဖြစ်လျက်ရှိသည်။ ထိုအချိန်တွင် ငါးကြိမ်မြောက်ကျရောက်လာသော လက်နက်ကြီးကျည်မှာ ရွာလယ်လမ်းမကြီးပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်ခဲ့သဖြင့် ထိုပြေးသည်ပြေးလုပ်နေသည့် ရွာသားများမှာ အစုလိုက်အပြုံလိုက် ပြိုလဲကျသွားခဲ့ကြသည်။

ထိုဖြစ်ရပ်ဆိုးမှာ သြဂုတ်လ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့ ညနေ ၄ နာရီကျော်အချိန်တွင် မြန်မာစစ်တပ်၏ မြောက်ဦးမြို့အခြေစိုက် ခမရ ၃၇၇၊ ခမရ ၅၄၀ တို့မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ကင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

လက်နက်ကြီး ပထမတစ်လုံးမှာ ကင်းဆိပ်ကျေးရွာအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဒုတိယအလုံးမှာ ရွာကန်ဘောင်ရိုးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ တတိယအလုံးမှာ ရွာပြင်ရှိအုန်းပင်ကို ထိမှန်ခဲ့သည်။ စတုတ္ထအလုံးမှာလည်း ရွာပြင်သို့ကျရောက်ခဲ့သည်။

နောက်ဆုံးကျရောက်လာသော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ကာ စစ်ပွဲနှင့်မသက်ဆိုင်သည့် ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို စုစုပေါင်း ၁၀ ဦးကို ထိမှန်သွားခဲ့သည်။

“မြေးလေးက ဘာမှမသိသေးပါဘူး။ ကျနော်တို့မှာ ဘာမှအပြစ်မှလည်း မရှိပါဘူး။ အခုလိုဖြစ်ရပ်မျိုးဖြစ်သွားတာ အလွန်ကြေကွဲရပါတယ်”ဟု လက်နက်ကြီးကျည်ထိမှန်၍သေဆုံးခဲ့ရသည့် အသက် ၄ နှစ်အရွယ် မောင်မြတ်သူလင်း၏ အဘိုးဖြစ်သူ ဦးထွန်းလှကျော်ကပြောသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မောင်မြတ်သူလင်း (၄)နှစ်၊ ဒေါ်အေးယဉ်နု (၆၀)နှစ်တို့မှာ နေရာတွင်သေဆုံးခဲ့သည်။ ချောင်းသစ်ကျေးရွာမှ ကင်းဆိပ်ကျေးရွာတွင် အလုပ်လုပ်ကိုင်နေသည့် ဦးလှအောင်သိန်း (၃၅)နှစ်မှာလည်း လည်ပင်းတွင်ကျည်စထိမှန်ကာ မြောက်ဦးဆေးရုံ၌ သေဆုံးသွားခဲ့သည်။

မောင်မြတ်သူလင်း၏မိခင်ဖြစ်သူ မဦးဝင်းခိုင်(၂၆)နှစ်နှင့် ဦးစံရွှေမောင်(၆၃)နှစ်၊ ဒေါ်ဦးစောညွန့်(၅၅)နှစ်၊ ဒေါ်မချေ(၄၅)နှစ်၊ မစုစု(၃၂)နှစ်၊ ဦးမောင်မောင်သန်း(၃၅)နှစ်၊ ဦးထွန်းကျော်လှ(၄၀)နှစ်တို့မှာလည်း ကျည်စထိမှန်ဒဏ်ရာများရရှိကာ လက်ရှိမြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေကြရသည်။

“လက်နက်ကြီးကျည်က ရွာအလယ်တည့်တည့်လမ်းမမှာ ကျရောက်ပေါက်ကွဲပြီး အစတွေကလွင့်စဉ်ပြီး ထိသွားကြတယ်။ အဲဒီမှာ အမျိုးသမီးကြီးတစ်ဦးက ဝမ်းဗိုက်ပွင့်ထွက်ပြီး အူတန်းလန်းနဲ့ တိုက်ရိုက်သေဆုံးတယ်။ နောက်ထပ် ရင်ဘတ်တွေ၊ လက်တွေ၊ ပေါင်မှာထိမှန်သူ၊ ခြေကျိုးသူတွေအများကြီးဘဲ”ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကင်းဆိပ်ကျေးရွာသား ကိုအောင်အောင်(အမည်လွှဲ)ကပြောသည်။

မောင်မြတ်သူလင်းကို မိခင်ဖြစ်သူ မဦးဝင်းခိုင်မှ ပွေ့ချီထွက်ပြေးစဉ် လက်နက်ကြီးကျည်စထိမှန်ကာ ကလေး၏ နားထင်ကိုဖောက်ထွက်ပြီး ဦးနှောက်သွေးကြေားပြတ်၍ သေဆုံးခဲ့သည်ဟု ကိုအောင်အောင်က ပြောပြသည်။ မိခင်ဖြစ်သူ မဦးဝင်းခိုင်မှာလည်း ဒဏ်ရာရရှိကာ မြောက်ဦးဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။ မောင်မြတ်သူလင်း၏ ဖခင်မှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ရှိနေသည်။

ကင်းဆိပ်ရွာတွင် တိုက်ပွဲဖြစ်ခြင်းမရှိခဲ့

သြဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့၏မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ရက္ခိုင့်တပ်တော်(AA)က အခြေပြုထားသည့်နေရာသို့ စစ်ကောင်စီတပ်က ဝင်ရောက်လာသဖြင့် လက္ကာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက DMG ကို ပြောဆိုထားသည်။ ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ မြောက်ဦးအခြေစိုက် ခမရ ၃၇၇၊ ခမရ ၅၄၀ မှ လက်နက်ကြီးများဖြင့် အချက် ၃၀ ခန့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

သို့သော် ကင်းဆိပ်ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းအပေါ် ဦးခိုင်သုခက “အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့လုပ်တာဟာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒါဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။ သူရဲဘောကြောင်တဲ့သူတွေရဲ့ လုပ်ရပ်ဖြစ်တယ်”ဟု ပြောသည်။

ထိုသို့ အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ရည်ရွယ်ရှိရှိပစ်ခတ်ခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျုးလွန်ခြင်းဖြစ်၍ ယင်းပြစ်မှုအတွက် တန်ပြန်ပေးဆပ်ရမည်ဟုလည်း AA က စစ်ကောင်စီကို ကြုံးဝါးထားသည်။

ကင်းဆိပ်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ၍ တုန့်ပြန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပါ။ ယင်းဖြစ်စဉ်အပေါ် စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်သည်ကိုလည်း မတွေ့ရသေးပေ။

မေလ ၁၉ ရက်နေ့က စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက AA သည် ယခုအချိန်တွင် တိုက်ပွဲခေါ်နေပြီး ခြိမ်းခြောက်ပြောဆိုခြင်းများရှိနေသော်လည်း ရခိုင်ပြည်သူများ ဒုက္ခမရောက်စေလို၍ သည်းခံနေရကြောင်းပြောကြားခဲ့သည်။

“အခုဖြစ်နေတာနဲ့ပတ်သက်လို့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက သတိပေးထားသည်။

တိုက်ပွဲနေရာနှင့် ကင်းဆိပ်ရွာတို့၏ မြေပြင်အနေအထား

လက္ကာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် တိုက်ပွဲဧရိယာနှင့်မသက်ဆိုင်သည့် ကင်းဆိပ်ကျေးရွာသို့ မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း မြို့ခံများနှင့် ရွာသားများက ပြောဆိုကြသည်။

ကင်းဆိပ်ကျေးရွာသည် မြောက်ဦးမြို့နှင့်နီးကပ်ပြီး အနောက်ဖက်တွင်ရှိသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ကာကျေးရွာမှာ မြောက်ဦးမြို့နှင့် (၈)မိုင်ကျော်ကွာဝေးပြီး မြောက်ဘက်တွင်တည်ရှိသည်။

“အခုက တိုက်ပွဲဖြစ်တာကတော့ မြောက်ဦးမြို့ရဲ့မြောက်ဘက်မှာ၊ လက်နက်ကြီးပစ်တာက အနောက်ဖက်ကို ပစ်တာဖြစ်နေတယ်။ ဆိုတော့ အဲဒီလိုပစ်တာဟာ မတော်တဆမဟုတ်သလို စစ်ကူပစ်တာလည်း မဟုတ်ဘဲ တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိပစ်တာလို့ပဲ သုံးသပ်တယ်”ဟု မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရကမိန့်သည်။

ပြီးခဲ့သည့်သုံးလခန့်ကလည်း ကင်းဆိပ်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့၍ ရွာသားများ ထွက်ပြေးခဲ့ကြရသည်။ ယခုလက်နက်ကြီးပစ်ခတ်မှုသည် ULA ၏ အုပ်ချုပ်ရေးရုံးများကို စစ်ကောင်စီက လိုက်လံပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု မြောက်ဦးဒေသခံများက ထင်ကြေးပေးကြသည်။

တာဝန်ယူမှု၊ တာဝန်ခံမှု

ယခင်က နှစ်နှစ်ကျော်ကြာပြင်းထန်ခဲ့သော ရခိုင်စစ်ပွဲသည် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် နှစ်ဘက်တပ်များ Gentleman agreement ဖြင့် အပစ်အခတ်ရပ်နိုင်ခဲ့သော်လည်း ယခုအခါတွင် ဒုတိယအကျော့အနေဖြင့် တိုက်ပွဲပြင်းထန်လာနေသည်။

တိုက်ပွဲနယ်မြေများမှာ ပလက်ဝ၊ မောင်တော၊ မြောက်ဦး၊ ရသေ့တောင်အပြင် တောင်ကုတ်မြို့နယ်အထိပါ ပျံ့နှံ့လာခဲ့သည်။

လက်နက်ကြီးကျရောက်မှုကြောင့် ရခိုင်ဒေသခံများ သေဆုံးမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာဖြေရှင်းချက်မပေးဘဲ တိတ်ဆိတ်နေသည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည်ကို မြင်တွေ့နေရကြောင်း ရခိုင်လူထုကဝေဖန်နေကြသည်။

ကင်းဆိပ်ကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုမှာ လက်နက်ကိုင်ထားသည့် စစ်သားများ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်(Geneva Conventions)ဂျီနီဗာကွန်ဗေးရှင်းကို ချိုးဖောက်ခြင်းဟုလည်း ပြောဆိုကြသည်။

“မြန်မာစစ်တပ်ဘက် တာဝန်ယူဖြေရှင်းတာတော့ အခုထိမတွေ့သေးဘူး။ ဒီနေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာထက် စစ်သားတွေလုပ်တဲ့ အလုပ်မဟုတ်ဘူး၊ စစ်တပ်ကလုပ်တဲ့ အလုပ်မဟုတ်ဘူးလို့ သုံးသပ်လို့ရတယ်”ဟု မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရကမိန့်ဆိုသည်။

ယခုဖြစ်စဉ်တွင် စစ်ရေးပဋိပက္ခနှင့် လုံးဝမသက်ဆိုင်သည့် အမျိုးသမီးများ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ စစ်သားတိုင်းသည် စစ်ပွဲအတွင်း ကာကွယ်ပေးရမည့်ကျင့်ဝတ်ရှိပြီး ယခုဖြစ်ရပ်သည် အရုပ်ဆိုးကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ဝေဖန်သည်။

ရခိုင်အမျိုးသမီးများကွန်ရက် (ဥက္ကဋ္ဌ) ဒေါ်ညိုအေးက “ကင်းဆိပ်ကိုကြည့်ရင် လူမျိုးတုန်း သတ်ဖြတ်ချင်နေတာလားလို့တောင် မှတ်ထင်နေရတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှလည်းမရှိဘူး။ နောက်ဆိုရင် ဒီထက်စိုးရိမ်စရာတွေဖြစ်လာပြီးတော့ လုံခြုံမှုမရှိသလို ဖြစ်လာမယ်လို့မြင်တယ်”ဟု ဆိုသည်။

ယခင်တိုက်ပွဲပြင်းထန်ခဲ့သည့် ကာလကလည်း ရခိုင်နှင့် ပလက်ဝဒေသတို့တွင် စစ်ပွဲနှင့်မသက်ဆိုင်သည့် နေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သဖြင့် မင်းပြား၊ ပန်းမြောင်းအပါအဝင် မြို့နယ်အနှံ့မှဒေသခံများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြသည်။

စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တရားဝင်လက်မှတ်ရေးထိုးထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို အကာကွယ်ပေးခြင်းအပိုဒ်(၉)(ဍ)တွင် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုတို့ကို လုံးဝအကာအကွယ်ပေးရမည်ဟု ဆိုထားသည်။

ရပ်ရွာများအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်မှုမှာ လူမဆန်သောလုပ်ရပ်ဖြစ်သဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် ကိုထွန်းနိုင်လင်းက “ကင်းဆိပ်ဖြစ်စဉ်ကတော့ အပြစ်မဲ့ပြည်သူတွေကို ယမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာဟာ အကြမ်းဖက်လို့သတ်မှတ်လို့ရတဲ့ တပ်မတော် ဖြစ်နေပြီ”ဟု ဝေဖန်သည်။

အလားတူ ရက္ခိုင်အစည်းအရုံး(ဂျပန်)ကလည်း စစ်ကောင်စီသည် ယခုလအတွင်း လူနေရပ်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခြင်း၊ အရပ်သားများကိုဖမ်းဆီးခြင်း၊ ကုန်စည်စီးဆင်းမှုများကို နည်းမျိုးစုံဖြင့်ဟန့်တားခြင်း စသည့်စစ်ရာဇဝတ်မှုများကို အတင်းရဲစွာကျူးလွန်လျက်ရှိနေသည်ဟု သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ကင်းဆိပ်ကျေးရွာသားများအခြေအနေ

လက်နက်ကြီးကျရောက်မှုကြောင့် ယခင်ကစည်ကားခဲ့သောကင်းဆိပ်ရွာမှာ လက်ရှိတွင် ခြောက်သွေ့ တိတ်ဆိတ်နေတော့သည်။ ထိုဖြစ်စဉ်ကြောင့် ကျေးရွာသားများမှာ ရွာအတွင်းဆက်မနေရဲတော့ဘဲ မြောက်ဦးမြို့ပေါ်ရှိ ဝါဈေး၊ ပေါင်းဝ စသည့်ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးနေအိမ်များတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေကြသည်။

လက်နက်ကြီးထိမှန်၍ ဒဏ်ရာရ၊ သေဆုံးသူများ၏ မိသားစုဝင်များမှာ အခုလက်ရှိအခြေအနေတွင် ၎င်းတို့၏ နစ်နာမှုများအပေါ် မည်သို့လုပ်ဆောင်သွားမည်ကို မစဉ်းစားနိုင်သေးဘဲ လူနာများ ဒဏ်ရာသက်သာလာမည့် အရေးကိုသာ မျှော်လင့်ဆုတောင်းနေရသည်။

ဦးထွန်းလှကျော်မှာ သေဆုံးသွားသည့် သူ့မြေးလေးအကြောင်းကိုသတိရလျက် “တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့မှာ အချင်းချင်းပစ်ကြပါ။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော့်မြေးလေးသေဆုံးသွားတာ သိပ်ဝမ်းနည်းမိတယ်”ဟု ဆို့နင့်ကြွေကွဲသည့်အသံဖြင့် ပြောပြသည်။

ဂေါင် - ရေးသည်

ဗီဒီယိုများ