မြန်မာ့စစ်အာဏာသိမ်းမှုနှင့် ရက္ခိုင်ပြည်နိုင်ငံရေး ရေစီးကြောင်းများ

ယခုစာစုတွင် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်၊ မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီးနောက်မှသည် ယနေ့အချိန်ထိ ရက္ခိုင်ပြည်ရှိ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူများ မည်သို့ရပ်တည်တုန့်ပြန်ခဲ့ကြကြောင်း၊  မည်သည်ကြောင့် ထိုကဲ့သို့ တုန့်ပြန်ခဲ့ကြသည်များနှင့် ကိုယ်ပိုင်သီးခြားဆန်သော ရက္ခိုင်ပြည်နိုင်ငံရေး ရေစီးကြောင်းများမှာ မည်သည်တို့ဖြစ်သည်ကို  သုံးသပ်တင်ပြသွားမည်ဖြစ်သည်။

10 Jan 2022



DMG ၊ ဇန်နဝါရီ ၁၀
(အတွေးအမြင်ဆောင်းပါး/ဆုရဆောင်းပါး)

အနှစ်ချူပ် - ယခုစာစုတွင် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်၊ မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီးနောက်မှသည် ယနေ့အချိန်ထိ ရက္ခိုင်ပြည်ရှိ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူများ မည်သို့ရပ်တည်တုန့်ပြန်ခဲ့ကြကြောင်း၊  မည်သည်ကြောင့် ထိုကဲ့သို့ တုန့်ပြန်ခဲ့ကြသည်များနှင့် ကိုယ်ပိုင်သီးခြားဆန်သော ရက္ခိုင်ပြည်နိုင်ငံရေး ရေစီးကြောင်းများမှာ မည်သည်တို့ဖြစ်သည်ကို  သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။

ခြေဆင်း

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးသည် လွတ်လပ်ပြီး မြန်မာ့နိုင်ငံသမိုင်းတွင် ဆယ်စုနှစ် ၅ ခုခန့် အာဏာရှင်အုပ်ချုပ်မှုမှသည် ဒီမိုကရေစီအစိုးရတစ်ရပ်ကို မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ သို့သော် အစိုးရသည် စစ်တပ်မှရေးဆွဲထားသော ၂၀ဝ၈ ဖွဲ့စည်းပုံအရ ကြိုတင်သတ်မှတ်ထားသော အကူးအပြောင်း (imposed transition) အရသာ အာဏာကို ကျင့်သုံးရပေရာ စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် လုပ်ပိုင်ခွင့် မရှိသလောက်ဖြစ်ပေသည်။ တဖက်တွင် ပြည်နယ်အမျိုးသားနိုင်ငံရေးအင်အားစုများအနက် ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒနယ်အများစု အနိုင်ပိုက်ထားသော ရက္ခိုင်ပြည်တွင်လည်း ဒီမိုကရေစီအစိုးရဆီမှ အာဏာခွဲဝေမှုကို များစွာမျှော်လင့်ချက်ထားခဲ့ကြပေသည်။ သို့သော် အဆိုပါ မျှော်လင့်ချက်များမှာ ဖြစ်မလာခဲ့ပေရာ နှစ်ပေါင်းများစွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ဆာလောင်နေသော ရက္ခိုင်ပြည်သူလူထုအတွက် လွန်စွာစိတ်ပျက်ခဲ့ကြပေသည်။

နောက်တဖက်တွင် ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသာ အင်အားစုတစ်ရပ်မှာ ပြောင်းလဲနေသော အခြေအနေများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။ သည်တစ်ကြိမ်တွင်ကား ရက္ခိုင်ပြည်သူလူထုကြီးမှာ ၎င်းတို့လမ်းကြောင်းအတိုင်း လိုက်ကြဖို့ ပင်ပန်းကြီးစွာ စည်းရုံးစရာမလိုဘဲ သတိနှင့်အသိ ရလာခဲ့ပေသည်။ နိုင်ငံရေးလှုပ်ရှားမူတစ်ခုတွင် လူထုပါဝင်မှုမြင့်လာစေရန်မှာ ဆွဲဆောင်အားများ (pulled forces) နှင့်သာမက တွန်းပို့အား (pushed forces)တို့၏ သက်ရောက်မှုမှာလည်း အရေးကြီးလှပါသည်။ သည်လိုနှင့် နောင်နှစ်များအတွင်း တိုက်ပွဲကြီးများပေါ်ထွက်လာခဲ့ပြီး၊ ရက္ခိုင်သမိုင်းတွင်လည်း စစ်ရေးပဋိပက္ခကြောင့် လူသေပျောက်မှုနှင့် ဒဏ်ရာရအကျဉ်းကျခံရမှု အများဆုံးခုနှစ်များအဖြစ် မှတ်တမ်းဝင်သွားခဲ့တော့သည်။ နိုင်ငံ့တခြားဒေသ အများစုတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် အသီးအပွင့်များကို မြိန်ရှက်စွာစားသောက်နေကြစဉ် ရက္ခိုင်ပြည်သူထုကြီးမှာ အဆိုပါကိစ္စများ၏ ဆန့်ကျင်ဖက်အရာများကိုသာ ခါးသီးစွာဖြင့် အံကြိတ်ခံစားနေကြရပေသည်။ တနည်း (လွန်ခဲ့သော နှစ်အနည်းငယ်များအတွင်း) “ရက္ခိုင်ရိုးမကြီး” သည်ပင် အရှေ့နှင့်အနောက် ခွဲခြားဆက်ဆံနေသလားဟု စဉ်စားရပါတော့သည်။ ဤသည်ပင် မြန်မာ့စစ်အာဏာသိမ်းမှု နောက်ပိုင်းအကြောင်းအရာများအပေါ် ရက္ခိုင်ပြည်နိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထု၏တုန့်ပြန်မှုများကို ပုံသွင်းစေမည့် ခံယူချက်လည်းဖြစ်ပါသည်။

အာဏာသိမ်းမှုနှင့် လက်တလောတုန့်ပြန်မှုများ

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းလိုက်ရာ မြန်မာ့နိုင်ငံရေးမှာ အခင်းအကျင်းအသစ်တစ်ခုဆီသို့ ကူးပြောင်းလာခဲ့သည်။ သို့သော် ရက္ခိုင်ပြည်အနေအထားအားဖြင့်ဆိုလျှင် (၂၀၂၀ နိုဝင်ဘာလအတွင်း) အလွတ်သဘော အပစ်ရပ်ထား (informal ceasefire) သော အခြေအနေမှာ ဆက်လက်တည်ရှိနေသကဲ့ပင်ဖြစ်နေပြီး၊ ဗမာပြည်နိုင်ငံရေးအပြောင်းအလဲ၏ နောက်ဆက်တွဲများမှာ လ အနည်းငယ်ကြာမှ တဖြည်းဖြည်း သက်ရောက်လာခဲ့ပေသည်။ သို့သော် ယခုကဲ့သို့ ဆက်စပ်မှုကြီးမားလှသော ကမ္ဘာကြီးတွင် နေရာတစ်ခုတွင်ဖြစ်သော အပြောင်းအလဲများမှာ တခြားနေရာတစ်ခုတွင် သက်ရောက်မှုရှိမည်မှာ သေချာလှသကဲ့သို့၊ ရက္ခိုပြည်ကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးနှင့် တခြားနယ်ပယ်အသီးသီးတွင် ဗမာပြည်နှင့် တခြားနယ်စပ်များကို မှီတည်မှုများနေသော ဒေသဆိုလျှင် သက်ရောက်မှုပိုများလှပေသည်။ တဖက်တွင် ထိုကဲ့သို့ သက်ရောက်မှုများထဲတွင် ဆိုးကျိုးကိုလျှော့ချပြီး၊ ကောင်းကျိုးကို မြှင့်တင်ရန် အရေးကြီးလှပါသည်။

သိသာသည့်အချက်တစ်ခုမှာ စစ်အာဏာသိမ်းမှုပြီးနောက် ရက္ခိုင်ပြည်ထဲတွင် NLD ပါတီဝင်များနှင့် ထောက်ခံသူများက ကန့်ကွတ်ဆန္ဒပြပြီး၊ ဖမ်းဆီးခံရမှုများ ရှိခဲ့သော်လည်း၊ သိသာသည့် လူထုလှုပ်ရှားမှုများ ဖြစ်မလာခဲ့သဖြင့် ထိုမှ သက်ရောက်သည့် ဆိုကျိုးများကို တာဆီးနိုင်ခဲ့သည်ဟု ယူဆ၍ရပေသည်။ တစ်ဖက်တွင် ရခိုင်ပြည်သူလူထုအား စစ်အာဏာသိမ်းမှုကို ထောက်ခံနေသည်ဟု ဗမာပြည်နှင့် နိုင်ငံတကာသိုင်းအဝိုင်းမှ စွပ်စွဲချက်များထွက်ပေါ်လာခဲ့သော်လည်း၊ အဆိုပါ ယူဆချက်များမှာ အခြေခိုင်ပြီး အလေးထားလောက်သည့် အတိုင်းအတာအထိ ရောက်မလာခဲ့ပေ။  

ထိုကဲ့သို့ မဖြစ်လာခဲ့ခြင်းမှာလည်း အဓိကအကြောင်းအရင်းများ (၄) ခုကြောင့် ဖြစ်နိုင်ပါသည်။ ပထမ တစ်ချက်မှာ စစ်အာဏာမသိမ်းမီ နှစ်အနည်းငယ်ကတည်းက ရခိုင်ပြည်သူလူထုသည် စစ်ဘေးဒဏ်ကို အလူးအလိမ့် ခံခဲ့ကြရပြီး၊ စစ်အာဏာသိမ်းမှုသည်ပင် ရခိုင်လူထုအတွက် (ပိုဆိုးသည့် အခြေအနေထက်) စစ်ရေး၊ နိုင်ငံရေးအားဖြင့် တစ်စုံတစ်ရာတည်ငြိမ်သည့် အခြေအနေကိုသာ ဦးတည်စေခဲ့သည်။ ဒုတိယတစ်ချက်မှာ NLD ၏ ရခိုင်ပြည်စစ်ပွဲတွင်း ရပ်တည်ချက်နှင့် အဓိက ဆက်စပ်နိုင်ပေသည်။ သိကြသည့်အတိုင်း ဒီချုပ်အစိုးရသည် စစ်ပွဲအတွင်းတွင် ရခိုင်ပြည်သူလူထု၏ ဘေးဒုက္ခများကို ကျင့်ဝတ်အရ မစာနာခဲ့ရုံမျှမက (not just morally)၊ နိုင်ငံရေးနှင့် သံတမာန်နည်းအားဖြင့်ပင် (but also in political and diplomatic means) မြန်မာစစ်ကို အားပေးထောက်ခံခဲ့သည်။ ထို့ကြောင့် စစ်တပ်က NLD အစိုးရထံမှ အာဏာသိမ်းလိုက်ခြင်းကို ဒီမိုကရေစီစနစ်မှ စစ်အာဏာရှင် စနစ်သို့ ဆုတ်ယုတ်မှုထက် မိမိတို့ မကြိုက်သည့် ရန်သူနှစ်ယောက်ကြားတွင်ဖြစ်သော ပြသာနာအဖြစ် မကျေနပ်မှုဖြင့် ဝမ်းသာပီတီဖြစ်ရသည်များပင် ရှိခဲ့ကြသည်။ တတိယ အကြောင်းရင်းတစ်ခုမှာ ရခိုင်ပြည်သူလူထု၏ အားပေးထောက်ခံမှုကို အခိုင်အမာရရှိထားသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့် သက်ဆိုင်ပေသည်။ အဖွဲ့ချုပ်ခေါင်းဆောင်များမှလည်း ယခုအပြောင်းအလဲသည် ပြင်းထန်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့သော ရက္ခိုင်ပြည်သူလူထုအတွက် အခါကောင်းသော အနားယူချိန်ဖြစ်ပြီး၊ ပြန်လည်တည်ဆောက်ရေးနှင့် အင်အားဖြည့်တင်းရေးတို့အတွက် တည်ငြိမ်မှုရှိခြင်းသည် ပိုအရေးပါသည်ဟု ယူဆကြဟန်တူပါသည်။ (နောက်ပိုင်းကာလများတွင် ရက္ခိုင့်တပ်တော်မှ တခြားဒေသများတွင် စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ခိုက်ရာတွင်ပါဝင်လာခဲ့ပြီး၊ တချို့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force- PDF) များကို ထောက်ပံ့ကူညီမှုရှိလာခဲ့ရာ ရက္ခိုင့်တပ်တော်၏ ရပ်တည်မှုကို ပိုနားလည်လာကြဟန်တူပါသည်) နောက်ဆုံးတစ်ချက်မှာ ရန်ကုန်ကဲ့သို့ ဒေသများကိုရောက်ရှိနေသည့် ရခိုင်လူငယ်လူရွယ်များသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရာတွင် တက်ကြွစွာပါဝင်ခဲ့ခြင်းဖြစ်ပေသည်။ အဆိုပါ လူငယ်များ၏ ထိုကဲ့သို့ ရပ်တည်ချက်မှာ ရက္ခိုင်လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်ကျေပွန်မှုကိုလည်း အတိုင်းအတာတစ်ခုထိ ပေါ်လွင်စေခဲ့သည်။ အဆိုပါ အချက်များကြောင့် ရက္ခိုပြည်နိုင်ငံရေး အင်အားစုများနှင့် ပြည်သူများ၏ စစ်အာဏာသိမ်းမှုကို တုန့်ပြန်သည့်ပုံစံကို ဝေဖန်မှုများရှိခဲ့သော်လည်း အလေးထားလောက်အောင်ထိ မသိသာလှပေ။

နိုင်ငံရေးပါတီများ၏ တုန့်ပြန်မှုနှင့် အနာဂတ်အကျပ်အတည်း

ပြင်ထန်သောစစ်ပွဲများကို ရင်ဆိုင်ရပြီးနောက် ရက္ခိုင်ပြည်သူများမှာ ပို ရယ်ဒီကယ်ဖြစ်လာကြသကဲ့သို့၊ နိုင်ငံရေးပါတီများထက် တော်လှန်ရေးအင်အားစုများကိုသာ ပို အလေးပေး အာရုံစိုက်ထောက်ခံလာကြသည်။ ဤသည်ပင် ၂၀၁၅ နောက်ပိုင်းတွင် ရင်ဆိုင်ရသော ရခိုင်နိုင်ငံရေးပါတီများ၏ ပထမအကျပ်အတည်း တစ်ခုဖြစ်ပေသည်။ သို့သော် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု တစ်ခုဖြစ်ပေါ်လာရာ နောက်ထပ် ရပ်တည်မှု အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လာကြရပြီး၊ အဆို အဖြစ်အပျက်အား  တုန့်ပြန်ပုံများမှာလည်း တူမယောင်နှင့်ကွဲကြသည်။

ရက္ခိုင်ပြည်နိုင်ငံရေးလောကတွင် လူသိများသော ပါတီ (၃) ခုသာရှိပြီး၊ ၎င်းတို့မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိူးသားပါတီနှင့် ရခိုင်ဦးဆောင်ပါတီ တို့ဖြစ်ပါသည်။ (အတိုကောက်အားဖြင့် ရခိုင်ဒီချုပ်၊ ရခိုင်အမျိုးသားနှင့် ရခိုင်ဦးဆောင် ဟုသာ “ညွှန်း” ပါမည်။) အဆိုပါ ပါတီနိုင်ငံရေးအင်အားစု (၃) ခုအနက် ဒီမိုကရက်တစ်အယူအဆများအား ပိုမိုလက်ခံထားဟန်ရှိသော ရခိုင်ဒီချုပ်ပါတီသည် စစ်အာဏာသိမ်းမှုအား ပိုမိုပြင်းထန်စွာ ကန့်ကွတ်ခဲ့သည်ကို တွေ့ရပြီး၊ တခြား ပါတီနှစ်ခုမှာ ဒီချုပ်နှင့်စစ်တပ်ကြား အာဏာလုမှုအဖြစ် အာဏာနိုင်ငံရေးရှုထောင့်မှသာ ချဉ်းကပ်ခဲ့သည်ကို တွေ့ရပေသည်။ ထိုကဲ့သို့ တုန့်ပြန်မှုကွဲပြားကြသည်ကို အဓိကအားဖြင့် အောက်ပါ ရှုထောင့် (၃) ခုမှ ကြည့်မြင်နားလည်နိုင်ပေသည်။ ပထမအချက်မှာ စစ်အာဏာသိမ်းမှုကို ဒီမိုကရေစီဖြစ်မှု၊ အာဏာရှင်ဖြစ်မှုဟူသော စနစ်ရှုထောင့် (system perspective)  နှင့် အကျိုးစီးပွားအား တိုက်ရိုက်ထိခိုက်မှု၊ မထိခိုက်မှုဟူသော အကျိုးစီးပွါးရှုထောင့် (interest perspective) ဟူသော ချဉ်းကပ်နည်းများမှ အခြေတည်၍ ချဉ်းကပ်ရာမှ ကွာခြားခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

ထို့နောက် ပို၍ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရလျှင် အဆိုပါ နိုင်ငံရေးပါတီများ၏ လာရာမှာလည်း ယခုကဲ့သို့ ရပ်တည်ချက်လားရာအပေါ် သက်ရောက်မှုရှိခဲ့ကြောင်းကိုလည်း လေ့လာတွေ့ရှိရပေမည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ရခိုင်ဒီချုပ်ပါတီသည် တခြားသော ရခိုင်နိုင်ငံရေးပါတီများထက် ဒီမိုကရေစီအရှိန်အဝါရှိခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အခိုင်အမာ မဟာမိတ်အဖြစ်လည်း တောက်လျှောက်ရပ်တည်ခဲ့သည်။ ထိုသည်ကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်ခဲ့ခြင်းဖြင့်လည်း သက်သေထူခဲ့ပြီး၊ ယခုစစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့်လည်း ခေါင်းဆောင်တချို့မှာ တိမ်းရှောင်နေကြရသည်။ သို့သော် (၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှ “ပြည်ခိုင်ဖြိုးအစိုးရကာလ” ဟု ဆိုနိုင်သော) ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲကာလများကြားတွင် ပေါ်ပေါက်လာသော ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ခေါင်းဆောင် ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင်ဦးဆောင်ပါတီနှင့် အဆိုပါ ပါတီမှသည် ထပ်ဆင့်ဖြစ်ပေါ်လာသော ရခိုင်အမျိုးသားပါတီတို့မှာ ဒီမိုကရက်တစ်ခံယူချက်နှင့် ဒီချုပ်အစိုးရနှင့် ဆက်ဆံရေးတို့တွင် ရခိုင်ဒီချုပ်ပါတီနှင့် ကွဲပြားလှပေသည်။ ဤသည်မှာ သမိုင်းကြောင်းနှင့် နိုင်ငံရေးရပ်တည်ချက် (historical and political standpoint) အရ သုံးသပ်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်လည်းဖြစ်ပေသည်။

ထိုကဲ့သို့ တုန့်ပြန်မှု ကွဲပြားကြရခြင်း၏ တတိယအချက်တစ်ခုကို ခေါင်းဆောင်မှုဆက်ဆံရေး (leadership relations) အမြင်မှ နားလည်နိုင်ပါသည်။ ပြောရလျှင် အဆိုပါ ပါတီ နှစ်ခု (ရခိုင်အမျိုးသားနှင့် ရခိုင်ဦးဆောင်ပါတီ) ၏ ခေါင်းဆောင်များမှာလည်း ဒီချုပ်အစိုးရ ခေါင်းဆောင်များနှင့် အဆင်မပြေသော ဆက်ဆံရေးများရှိခဲ့သည်ကို တွေ့ရပါသည်။ အထူးသဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ရက္ခိုင်ပြည်အတွင်း၌ အများစုအနိုင်ရသော ရခိုင်အမျိုးသားပါတီနှင့် တစ်နိုင်ငံလုံးတွင် အများစုအနိုင်ရသော ဒီချုပ်ပါတီတို့ကြားမှလာသော အာဏာခွဲဝေမှုဆိုင်ရာ ပွတ်တိုက်မှုပင်ဖြစ်သည်။ တဆက်တည်းတွင် လက်ရှိ ရခိုင်ဦးဆောင်ပါတီ၏ ခေါင်းဆောင်ဖြစ်သော ဒေါက်တာအေးမောင်အား ဖမ်းဆီးထောင်ချခြင်းမှာလည်း ဒီချုပ်အစိုးရနှင့် ပိုအလှမ်းဝေးစေခဲ့သည်။ နောက် ဒီချုပ်အစိုးရ၏ (၅) နှစ်သော အုပ်ချုပ်မှုကာလအတွင်း ရက္ခိုင်ပြည်ရှိ မွတ်ဆလင်ပြဿနာအပြင် ရက္ခိုင့်တပ်တော်နှင့် လက်နက်ကိုင်ပဋိပက္ခကို ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများနှင့် သေချာစွာ ပူးပေါင်းမဖြေရှင်းနိုင်ခဲ့ရာ၊ ပိုကြီးသော မကျေနပ်မှုများနှင့် အငြိုးအတေးများကိုသာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် စစ်အာဏာသိမ်းမှုကို ကြည့်မြင်သော ရှုထောင့်၊ သမိုင်းနှင့် နိုင်ငံရေးခံယူချက်၊ ခေါင်းဆောင်မှုဆက်ဆံရေး စသော အချက် (၃) ခုသည် ရခိုင်နိုင်ငံရေးပါတီများအား ကွဲပြားသော တုန့်ပြန်မှုကို ဖြစ်စေခဲ့သည်ဟု ကောက်ချက်ချနိုင်သည်။

သို့သော် ရခိုနိုင်ငံရေးပါတီများ၏ လက်ရှိ စစ်ကောင်စီနှင့် နီးကပ်သော ဆက်ဆံရေးသည် ပါတီများ၏ ရှင်သန်မှုအတွက်သာ အဓိကကျပြီး၊ ရက္ခိုင်ပြည်သူလူထု လိုလားသော နိုင်ငံရေးကိုယ်ပိုင်ပြဠာန်းခွင့်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့မှာလည်း ဖြစ်လာနိုင်ခြေ လွန်စွာနည်းပေသည်။ လက်ရှိ အပစ်ရပ်ထားသော ကာလအတွင်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်မူကို ရက္ခိုင်ပြည်လူထုမှ အင်တိုက်အားတိုက် မကန့်ကွတ်ကြသော်လည်း ရက္ခိုင်ပြည်ထဲတွင် တကျော့ပြန်စစ်ပွဲများ ဖြစ်ပေါ်လာပါက ရက္ခိုင်ပြည်နိုင်ငံရေးပါတီများမှာ အနေအထားတစ်ခုသို့ ပြောင်းရန်လိုအပ်ပြီး၊ ရပ်တည်မူ အကျပ်အတည်း (existential crisis) တစ်ခုနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိပေသည်။

ရက္ခိုင်ပြည်နိုင်ငံရေး၏ ကိုယ်ပိုင်ဖြစ်တည်မှု

ဗမာပြည်နိုင်ငံရေးကို X Factor ထားပြီး၊ ရက္ခိုင်ပြည်နိုင်ငံရေးကို အီးကွေးရှင်းတစ်ဖက်၏ Y Factor အဖြစ် တိုက်ရိုက်အချိုးကျ ယူဆပါလျှင် မှန်သောအဖြေကို ရရှိရန်ခက်လှပေသည်။ သို့သော် နိုင်ငံတကာအသိအမှတ်ပြု အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခု၏ နယ်မြေအတွင်း ရှိနေဆဲဖြစ်သော ရက္ခိုင်ပြည်အနေဖြင့် အလုံးစုံသီးခြားဖြစ်တည်မှုကို ဖန်တီးရန်လည်း ခက်ခဲလှပါသည်။ လက်ရှိ နည်းပညာတိုးတက်မှု (technological development) နှင့် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ၏ အရှိန်အဝါအောက်တွင်ရောက်ရှိသော ကမ္ဘာကြီးအနေဖြင့်လည်း ယခင် နှစ်ပေါင်း ၁၀ဝ နှင့် နှိင်းယှဉ်လိုက်လျှင် ပို၍စုစည်းတူညီလာသည်ကို တွေ့ရှိရပေသည်။ ဤသည်ကို ပညာရှင်များကြားတွင် “သမိုင်းသည် ဦးတည်ချက်တစ်ခုတည်းကို ဦးတည်နေသည် (History is Directional)” ဟု ယူဆကြသည်များလည်းရှိကြသည်။ သို့သော် တခြားတဖက်တွင်လည်း ပို၍ကွဲပြား၊ သို့သော် စုံလင်သော စုဖွဲ့မှုများကိုလည်း ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့ရှိနေကြရပေရာ သမိုင်းကို အလွှာလိုက်မြင်သည်က ပိုပြည့်စုံသည်ဟု ယူဆကြရသည်များလည်းရှိသည်။

ထိုကဲ့သို့ ထောင်စုနှင့်ချီသော မေးခွန်းများကို မရောက်မီ ရက္ခိုင်ပြည်နိုင်ငံရေးသည် မည်သည့် ဦးတည်ချက်သို့ သွားနှင့်နေသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှပေသည်။ ပြောရလျှင် ရက္ခိုင်ပြည်ဖြစ်ပေါ်နေသော ရေစီးကြောင်းအပြောင်းအလဲများသည် ဗမာပြည်နှင့်မတူသလို၊ ကမ္ဘာ့ရေစီးကြောင်းတချို့နှင့်လည်း ကွဲပြားလှပေသည်။ အဆိုပါ ဦးတည်ချက်များကို (၁) အာဏာစီးကြောင်း (streaming of power) နှင့် (၂) တိုင်းပြည်နှင့် အမျိုးသားဝိသေသ သဘောသဘာဝ (meaning of nation and national characteristics) အပေါ် အမြင်ဟူသော ရေစီးကြောင်းနှစ်ခုဖြင့် အနှစ်ချူပ်နိုင်သည်။ အပြင်သဘောအရ ပြောရလျှင် ပထမ ရေစီးကြောင်းမှာ ဗမာပြည်နိုင်ငံရေးနှင့် ကွဲပြားပုံကို ဖော်ညွှန်းပြီး၊ ဒုတိယရေစီးကြောင်းမှာ ကမ္ဘာ့နိုင်ငံရေးစီးကြောင်းနှင့် မတူညီမှုရှိသည်ကို ရည်ညွှန်းပေသည်။ သို့သော် အတွင်းသဘောအရ ပြောရလျှင် အဆိုပါ ရေစီးကြောင်းနှစ်ခုစလုံးမှာ ရက္ခိုင်ပြည်နိုင်ငံရေး၏ ပကဓိ လိုအပ်ချက်ကို အခြေပြုပြီး ဖြစ်တည်လာကြရခြင်းဖြစ်ပါသည်။  

ပထမရေစီးကြောင်းမှာ ဗမာပြည်နှင့် ရက္ခိုင်ပြည်နိုင်ငံရေးကို ကွဲပြားစေသော စီးကြောင်းဖြစ်ပါသည်။ အာရက္ခတို့၏ နောက်ဆုံးခေတ် မြောက်ဦးဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးပြီးသည်မှ နှစ်ပေါင်း ၄၀ ခန့် ရခိုင်တို့သည် ဗမာပဒေသရာဇ်အုပ်ချုပ်မှုကို ပုန်ကန်ပြီး၊ အချုပ်အချာအာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့ကြသည်များရှိခဲ့သည်။ သို့သော် ယင်းနောက် ဗြိတိသျှအုပ်ချုပ်ရေးနှစ်ပေါင်း ၁၀ဝ ကျော်နှင့် ဂျပန်အုပ်ချုပ်ရေးကာလများတွင် ရက္ခိုင်ပြည်နိုင်ငံရေးအင်အားစုများသည် ဗမာပြည်နှင့် သီးခြားဖြစ်တည်မှု အားနည်းခဲ့ကြသကဲ့သို့၊ လွတ်လပ်ပြီး ဖဆပလခေတ်တိုင်အောင် အတွေးအခေါ်နှင့် ရုပ်ဝတ္ထုအားဖြင့် ဗမာပြည်မ၏ နိုင်ငံရေးရေစီးကြောင်းနောက်သို့သာ လိုက်ခဲ့ကြရသည်။ ထိုမှသည် ၁၉၆၀ ကျော်၊ ၁၉၉၀ ခုနှစ်များ၊ ၂၀ဝဝ ခုနှစ်များတွင်မှသာ အမျိုးသားရေးဝါဒကို သီးသန့် အခြေပြုသော တော်လှန်ရေးအင်အားစုများ ပေါ်ထွက်လာခဲ့သော်လည်း အင်အားအရ မိမိပြည်တွင်းတွင် ကောင်းစွာ မထူထောင်နိုင်ပေရာ ကိုယ်ပိုင်နိုင်ငံရေးလမ်းကြောင်းတစ်ခုမှာ မထွက်ပေါ်လာနိုင်ခဲ့ပါ။ တဖက်တွင် ပါတီနိုင်ငံရေးအင်အားစုများမှာလည်း သူ့အင်အားနှင့် အယူအဆများအရကိုယ်၌ ဗမာပြည်နိုင်ငံရေး အင်အားစုများ၏ လွှမ်းမိုးမူအောက်မှ မလွတ်ကင်းနိုင်ခဲ့ပါ။ သို့သော် (နောက်ဆုံးဖြစ်သော) ၂၀ဝ၉ ခုနှစ်တွင် ထူထောင်ခဲ့သော ရက္ခိုင့်တပ်တော်မှ “အာရက္ခအိပ်မက်” “ရက္ခိတလမ်းစဉ်”၊ ကဲ့သို့ ကိုယ်ပိုင်အိမ်မက်၊ ကိုယ်ပိုင်လမ်းကြောင်းများဖြင့် ဦးဆောင်ပြီး၊ ရက္ခိုင်ပြည်ထဲတွင်လည်း စစ်ရေးအရ အားကောင်းသော၊ နိုင်ငံရေးအရ အာဏာ၊ ဩဇာရှိသော အင်အားစုအဖြစ်ပေါ်ထွက်လာရာ ရက္ခိုင်ပြည်၏ ကိုယ်ပိုင်သီးခြားဆန်သော နိုင်ငံရေးလမ်းကြောင်းတစ်ခုမှာ ဖြစ်ထွန်းလာသည်။

သည်လိုနှင့် ရက္ခိုင်ပြည်နှင့် ဗမာပြည်နိုင်ငံရေး၏ အာဏာစီးကြောင်းကွဲပြားမှုကို စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုသိသာစွာ တွေ့ရှိလာရသည်။ ရက္ခိုင်ပြည် နိုင်ငံရေး၏ အာဏာစီးကြောင်းမှာ အာဏာကျင့်သုံးရန်လိုအပ်သော အင်စတီးကျူးရှင်းများ (power seeking institutions) ကို စတင်ဖန်တီးနေချိန်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ ရဲတပ်ဖွဲ့ ဖွဲ့စည်းရေးနှင့် တခြားသော အစိုးရယန္တရားများကို ကြိုးပမ်းထူထောင်နေရသည့် အချိန်ဖြစ်ပေသည်။ အဆိုပါ ဖန်တီးမှုများ၏ အမြင့်ဆုံး ရည်မှန်းချက်မှာလည်း လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်သော နိုင်ငံတော် (independent and sovereign state) ဖန်တီးရန် ဖြစ်ပါသည်။ သို့သော် တဖက်တွင် ဗမာပြည်နိုင်ငံရေး၌ တည်ရှိနေဆဲ နိုင်ငံတော်အစိုးရ (state government) ဆန့်ကျင်ရေးသည်ပင် နိုင်ငံရေးရေစီးကြောင်းဖြစ်နေသည်။ ထို့ကြောင့် ဗမာပြည်နိုင်ငံရေး၏ ကြွေးကြော်သံများမှာ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုပေးရေး၊ ဒီမိုကရေစီရရှိရေး၊ (လူတိုင်းဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သော) ဥပဒေစိုးမိုးမှုရရှိရေးနှင့် လူ့အခွင့်အရေးများကို ကျင့်သုံးခွင့်ရရှိရေးကဲ့သို့ အာဏာကန့်သတ်သော အင်စတီကျူးရှင်းများ (power checking institutions) တည်ဆောက်ရေးပင်ဖြစ်ပါသည်။ အဆိုပါ ကြိုးပမ်းမှုများ၏ အမြင့်ဆုံး ပန်းတိုင်မှာလည်း ဒီမိုကရေစီကျပြီး၊ ဥပဒေစိုးမိုးမှုရှိသော လူ့အဖွဲ့အစည်း (democratic and law bounded society) ဖန်တီးရန် ဖြစ်သည်။ အဆိုပါ ကွဲပြားမှုများအား အနှစ်ချုပ်ရပါလျှင် နိုင်ငံတော်အင်စတီကျူးရှင်းများ (state institutions) ရှိနှင့်ပြီးဖြစ်သော ဗမာလူ့အဖွဲ့အစည်းတွင် အာဏာကို ကန့်သတ်ရန်ကြိုးပမ်းနေချိန်ဖြစ်ပြီး၊ အဆိုပါ အင်စတီကျူးရှင်းများ မပြည့်စုံသေးသော ရက္ခိုင်လူ့အဖွဲ့အစည်းတွင် အာဏာကိုတည်ဆောက်ရန် ကြိုးပမ်းနေချိန်ဖြစ်ပေသည်။ အဆိုပါ ဆန့်ကျင့်ဖက် ဦးတည်ချက်များ ရှိနေခြင်းသည်ပင် ရက္ခိုင်ပြည်နိုင်ငံရေးနှင့် ဗမာပြည်နိုင်ငံရေးတို့၏ အာဏာစီးကြောင်းအပေါ် အမြင်ကွဲပြားမှုကို ဖြစ်စေသည်။

ထို့အပြင် ရက္ခိုင်ပြည်နိုင်ငံရေး၌ ဒုတိယ ရေစီးကြောင်းတစ်ခုဖြစ်ပေါ်နေသည်မှာ တိုင်းသား၊ ပြည်သား (Nation) အပေါ်အခြေပြုသော အမျိုးသားဝိသေသ၊ ရပ်တည်ချက်များပြောင်းလဲလာခြင်းဖြစ်ပြီး၊ ဤသည်ပင် တခြားသော ကမ္ဘာ့နိုင်ငံများ (အထူးသဖြင့် အနောက်နိုင်ငံများ) တွင် ဖြစ်ပေါ်နေသော ရေစီးကြောင်းများနှင့် မတူခြင်းပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ကမ္ဘာပေါ်ရှိ  ဝါရင့်ဒီမိုကရေစီ နိုင်ငံကြီးများဖြစ်သော အမေရိကန်နှင့် ယူကေအပြင် အကြီးမားဆုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယတို့တွင် လက်ယာစွန်းကို အခြေပြုကာ ပေါ်ပျူလစ်အမျိုးသားရေးဝါဒ ထွက်ပေါ်လာပြီး၊ ကမ္ဘာပေါ်ရှိ လစ်ဘရယ်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနုန်းများကို ခြိမ်းခြောက်စိန်ခေါ်လျှက်ရှိပေသည်။ အဆိုပါ ရေစီးကြောင်းများကို သိသာစေသည်မှာ  အမေရိကန်၌ ၂၀၁၆တွင် ဒေါ်နယ်ထရန့်သမ္မတဖြစ်လာခြင်းနှင့် ယူကေအနေဖြင့် ပြည်သူ့ဆန္ဒခံယူပွဲ (Brexit)  မှ တဆင့် ဥပရောပသမဂ္ဂမှ ထွက်လိုက်ခြင်းအပြင်၊ အိန္ဒိယတွင် ဝန်ကြီးချူပ် မိုဒီဦးဆောင်သော ဟင်ဒီအမျိုးသားရေးဝါဒ ထွန်းကားလာခြင်းတို့အပြင် ပြင်သစ်၊ ပိုလန်၊ ဟန်ဂေရီနှင့် ကမ္ဘာ့တခြားဒေသများတွင် လက်ယာစွန်း အမျိုးသားရေးဝါဒများ ထွန်းကားလာခြင်းတို့ဖြင့် ဖြစ်ပါသည်။ အဆိုပါ လက်ယာစွန်းအမျိုးသားရေးဝါဒမှာ တိုင်းပြည်၊ အမျိုးသား (Nation) ဖြစ်တည်မှုကို နယ်မြေနှင့် နိုင်ငံရေးဝိသေသ အခြေပြုမဟုတ်ဘဲ၊ လူမျိုး၊ ဘာသာ ဖြစ်တည်မှုအပေါ်တွင်သာ အခြေပြုသတ်မှတ်ခြင်းဖြစ်ပြီး၊ တိုင်းပြည်တခုထဲတွင်ပင် အဆိုပါ လူမျိုး၊ သာသာနှင့် ကွဲပြားသူများမှာ ချန်လှပ်၊ ခွဲခြားခြင်းခံကြရသည်။ တနည်း ဖယ်ချန် အမျိုးသားဝိသေသ (exclusive national identity) ကို အခြေပြုတည်ဆောက်ခြင်းပင် ဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရက္ခိုင်ပြည်၌ အမျိုးသားဝိသေသ အပေါ်အမြင်မှာ အထက်ပါ ရေစီးကြောင်းနှင့် မတူသည်ကို လေ့လာတွေ့ရှိရပေသည်။ ဆိုလိုသည်မှာ မိမိတို့ တိုင်းပြည်၊ အမျိုးသား (Nation) ဖြစ်တည်မှုကို လူမျိုး၊ သာသာဟူသော ယဉ်ကျေးမှုယူနစ်များအပေါ်အခြေခံခြင်းထက် နိုင်ငံရေးဦးတည်ချက်နှင့် လမ်းကြောင်း၊ အာရက္ခနယ်မြေထက်တွင်နေထိုင်ကြကုန်သော တိုင်းပြည်သားဖြစ်မှုကို အခြေပြုသတ်မှတ်လာကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖြစ်လာရသည်မှာလည်း အံဩစရာကောင်းသည်မှာ ရက္ခိုင်ပြည်နိုင်ငံရေးတွင် ပိုရယ်ဒီကယ်ကျသော တော်လှန်ရေးအင်အားစုများမှ အသာစီးရလာသောကြောင့် ဖြစ်သည်။ ၂၀၁၂ နှစ်ခုနှစ်တွင် မွတ်ဆလင်အသိုင်းအသိုင်းနှင့် မည်မျှပင် ပဋိပက္ခများရှိခဲ့လင့်ကစား၊ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပြင်းထန်သော စစ်ပွဲများကို ဖြတ်သန်းပြီးနောက် အသိုင်းအဝိုင်းနှစ်ခုကြားတွင် ပို၍ အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုသို့ ပြောင်းလဲလာသည်ဟု ကောက်ချက်ချ၍ ရပေသည်။ ထိုကဲ့သို့ ဖြစ်စေသည်မှာ အဓိက ဘုံရန်သူ (common enemy) နှင့် ဘုံဖိနှိပ်ခံရမှု (common suffering) ကြောင့်ဖြစ်ပြီး၊ ဘုံဦးတည်ချက် (common vision) တစ်ခု ရရှိရန်တော့ ကြိုးဖမ်းရပါဦးမည်။ နောက် တခြားသော လူနည်းစု လူမျိုးစုများနှင့် ပို၍ရင်းနှီးပြီး၊ အပြုသဘောဆောင်သော ဆက်ဆံရေးကို ထူထောင်လာသည်ကိုလည်း တွေ့ရှိရသည်။ အစဉ်အလာအတိုင်းဆိုလျှင် ရခိုင်လူမျိုးအခြေပြုနိုင်ငံရေး အင်အားစုများမှာ အာရက္ခပြည်ရှိ တခြားသော လူနည်းစုများကို နိုင်ငံရေးအားဖြင့် အလေးပေး အသိအမှတ်ပြုဆက်ဆံမှု အားနည်းခဲ့ကြသည်။ သို့သော် ယခုတော်လှန်အင်အားစုဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ပါတီနိုင်ငံရေးအင်အားစုများထက် ပို၍ အလေးသာလာရာမှ လူနည်းစုများမှာ နိုင်ငံရေးနှင့်တည်ရှိမှုအားဖြင့် ပိုအသိအမှတ်ပြု ခံလာကြရပေသည်။

ထိုကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာရခြင်းမှာ အဓိကအားဖြင့် အချက် (၄) ချက် ရှိနိုင်ပါသည်။ ပထမတစ်ချက်မှာ တော်လှန်ရေး ခေါင်းဆောင်များကိုယ်၌ ပါတီနိုင်ငံရေး ခေါင်းဆောင်များထက် ပို၍ကျယ်ပြန့်သော ခံယူချက်နှင့် အမြင်ရှိသောကြောင်းဖြစ်သည်။ ဆိုလိုသည်မှာ ယခင် ရခိုင်တော်လှန်ရေးခေါင်းဆောင်များနှင့် မတူဘဲ လက်ရှိ ခေါင်းဆောင်များသည် ယခု တော်လှန်ရေးအား အာရက္ခတိုင်းပြည်ရှိ အဖိနှိပ်ခံလူမျိုးတိုင်း၏ လွတ်မြောက်ရေးအဖြစ် သတ်မှတ်လိုခြင်းဖြစ်သည်။ ပါတီနိုင်ငံရေးလမ်းကြောင်း ထက် တော်လှန်ရေးလမ်းကြောင်းအတွင်း လူနည်းစုများ၏ ပူးပေါင်းပါဝင်မှု ပိုလိုအပ်ခြင်းသည်ပင် ဒုတိယအချက် ဖြစ်နိုင်ပေသည်။ ဆိုလိုသည်မှာ ပါတီနိုင်ငံရေးခေါင်းဆောင်များမှာ (လူနည်းစုများ၏ မဲ ရရှိစရာ မလိုဘဲ) လူများစု ရခိုင်လူမျိုးများထံမှ မဲရရှိလျှင် နိုင်ငံရေးအာဏာရရှိနိုင်သော်လည်း တော်လှန်ရေးခေါင်းဆောင်များမှာ တောင်ပေါ်၊ တောင်နား နေ လူနည်းစုများ၏ ထောက်ခံပူးပေါင်းမှုရရှိရန် အရေးကြီးလှပေသည်။ ထို့အပြင် မွတ်ဆလင်အသိုင်းအဝိုင်းနှင့် ပတ်သတ်လျှင် ပါတီနိုင်ငံရေးခေါင်းဆောင်များမှ သာမာန်ရခိုင်လူမျိုးများအား လူမျိုး၊ ဘာသာအရ မဲဆွယ်ရန်သာ အသုံးပြုလိုကြပြီး၊ တော်လှန်ရေးခေါင်းဆောင်များမှာ  ရက္ခိုင်ပြည်ရှိ မူဆလင်အသိုင်းအဝိုင်းကိစ္စသည် အနာဂတ် နိုင်ငံရေးမျှော်ရည်ချက် (political vision) အရ အရေးပါပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် အလေးထားရမည့် ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူကြဟန်ရှိသည်။ ထို့အပြင် ပါတီနိုင်ငံရေးနှင့် တော်လှန်ရေး ကြားတွင်း ထားရှိသော အမြင့်ဆုံးနိုင်ငံရေး ရည်မှန်းချက်သည်လည်း လူနည်းစုမူဝါဒများအပေါ်တွင် သက်ရောက်မှုရှိနိုင်ပါသည်။ ဤသည်ပင် တတိယအချက်ဖြစ်သည်။ ဆိုလိုသည်မှာ လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်တွင်ဖြစ်စေ၊ အနာဂတ်တွင် ဖွဲ့စည်းပုံအသစ်တစ်ခု အောက်တွင်ဖြစ်စေ ပါတီနိုင်ငံရေးသမားများ၏ လက်တွေ့ကျသော အမြင့်ဆုံးကြွေးကြော်သံမှာ ဖက်ဒရယ်အောက်ရှိ ကိုယ်ပိုင်ပြဌာန်းခွင့်သာဖြစ်နိုင်ပြီး၊ လက်နက်ကိုင်တိုက်ခိုက်ပြီး အကောင်အထည်ဖော်နေကြသော တော်လှန်ရေးသမားများအတွက်မူ ကွန်ဖက်ဒရေးရှင်းမှသည် လုံးဝ လွတ်လပ်ရေးအထိ ကြွေးကြော် ရည်မှန်းနိုင်ပေသည်။ ထိုကဲ့သို့ နိုင်ငံရေး ရည်မှန်းချက် မြင့်လေလေ အာရက္ခဒေသတွင်းရှိ လူနည်းစုများအတွက် ပိုကျယ်ပြန့်သော နိုင်ငံရေး အာဂျင်ဒါများထားရှိရန်လိုအပ်ပြီး၊ သူတို့၏ ထောက်ခံမှုကို ရရှိရန် ပိုအရေးကြီးလှပေသည်။ နောက်ဆုံး အချက်တစ်ခုမှာ (သာမာန် နိုင်ငံရေးပါတီတစ်ခုထက်) ပိုမြင့်သော နိုင်ငံရေးရည်မှန်းချက်အတွက် ကြိုးပမ်းနေသော တော်လှန်ရေးအဖွဲ့တစ်ခုအတွက် အာရက္ခဒေသရှိ လူတိုင်းအား ကိုယ်စားပြုသည်ရန် ပိုအရေးကြီးလှပေသည်။ သို့မှသာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ပို အသိအမှတ်ပြု အလေးထားဆက်ဆံခြင်းကို ခံရနိုင်ဖွယ်ရှိပေသည်။ အချုပ်အားဖြင့် ဆိုရလျှင် အဆိုပါ အချက် (၄) ခုသည်ပင် သာမာန်နိုင်ငံရေးပါတီတစ်ခုနှင့် တော်လှန်ရေးအင်အားစုတစ်ခုကြားတွင် အာရက္ခဒေသရှိ လူမျိုး၊ ဘာသာအားဖြင့် လူနည်းစုများအပေါ်ထားရှိသော မူဝါဒနှင့် လုပ်ဆောင်ချက် ကွဲပြားမှုကို ဖြစ်စေသည်ဟု ယူဆနိုင်ပြီး၊ ထိုကဲ့သို့ ကွဲပြားမှုသည်ပင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရက္ခိုင်ပြည်နိုင်ငံရေးရှိ တိုင်းပြည်နှင့် အမျိုးသားဝိသေသ ဖြစ်တည်မှုကို တိုးတက် အပြောင်းအလဲဖြစ်စေခဲ့သည်ဟု မှတ်ယူနိုင်ပါသည်။

သို့ဖြစ်ပါ၍ ယခုနှစ်ပိုင်းများအတွင်း ရက္ခိုင်ပြည်နိုင်ငံရေး၏ ကိုယ်ပိုင်သီးခြားဖြစ်တည်မှုကို စီးပွါးရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အပြောင်းအလဲများထက် အဆိုပါ (၁) အာဏာစီးကြောင်း (streaming of power) နှင့် (၂) တိုင်းပြည်နှင့် အမျိုးသားဝိသေသဘောသဘာဝ (meaning of nation and national characteristics) အပေါ်မြင်များကို အခြေပြု၍ လေ့လာသိရှိနိုင်သည်။ အဆိုပါ ရေစီးကြောင်းများမှာလည်း နောက် နှစ်ကာလများအထိ သည်အတိုင်းပင် စီးဆင်းနေပေလိမ့်မည်။

#ကျော်လင်း_ရေးသားသည်
(DMG တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် မဂ္ဂဇင်းတွင် ပထမဆုရရှိခဲ့သည့် ဆောင်းပါးဖြစ်သည်။ ကျော်လင်းသည် စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆောင်းပါးများကို ရေးသားသည်။)

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ