မှတ်ပုံတင်ကျပြီး ရခိုင်နိုင်ငံရေးပါတီများ၏ ပါတီဝင်စာရင်းထက်ဝက်ကျော်ကို ပြန်တင်ခိုင်း

ရခိုင်ပြည်အတွင်းက ပါတီ ၅ ခုကို စစ်ကောင်စီရွေး/ကော်မှ မှတ်ပုံတင်ချပေးထားသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီတစ်ခုလျှင် ပါတီဝင်ဦးရေ ၁,၀၀၀ နှင့်အထက်ကို အမည်စာရင်းပေးထားရသည်။

By Admin 30 Sep 2023

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအား စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံးအား စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၃၀

မှတ်ပုံတင်ခွင့်ရရှိထားသည့် ရခိုင်က နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း ထက်ဝက်ကျော်မှာ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များ ကွဲလွဲမှုရှိသည့်အတွက် ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်တင်ရန် အသိပေးထားသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာရှိ ဦးသူရိန်ထွဋ်က‌ DMG ကို ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်းက ပါတီ ၅ ခုကို စစ်ကောင်စီရွေး/ကော်မှ မှတ်ပုံတင်ချပေးထားသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီတစ်ခုလျှင် ပါတီဝင်ဦးရေ ၁၀၀၀ နှင့်အထက်ကို အမည်စာရင်းပေးထားရသည်။

ပြည်နယ်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် ပါတီဝင်အင်အား ၁,၄၀၀ ကျော်စာရင်းကို ပေးထားရာ ယင်းအထဲမှ ၆၀၀ ကျော်မှာ လွဲမှားနေကြောင်း ပြည်နယ်ရွေး/ကော်က ပြောလာသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးလေသာကျော်က DMG ကို ပြောသည်။

“သူတို့ စစ်ဆေးချက်တွေအရ ကျနော်တို့ပါတီမှာ ပါတီဝင်အင်အား ၆၀၀ ကျော်က စာရင်းတွေကွဲလွဲနေတယ် ဆိုပြီးတော့ ပယ်ရှားခံရတယ်။ အဓိက ကွဲလွဲတာတော့ မှတ်ပုံတင်နံပါတ်တွေ၊ နာမည်တွေက ကွဲလွဲနေတဲ့အတွက် ပယ်ရှားခံရတာပါ” ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၆ ရက်နေ့က ပြည်နယ်ရွေး/ကော်မှ ပါတီတာဝန်ရှိသူများကို အစည်းအဝေးခေါ်ယူကာ ပါတီဝင်စာရင်းကို အသစ်ပြန်တင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြိုတိုင်းရင်းသားပါတီမှာလည်း ပါတီဝင်အင်အား ၁,၅၀၀ တင်ထားသည့် အထဲက လူ ၉၀၀ ကျော်၏စာရင်းမှာ အမည်နှင့် အကြောင်းအရာများ ကွဲလွဲနေကြောင်း ပြောဆိုလာသဖြင့် ပါတီဝင်စာရင်းပြည့်မီအောင် ပြန်လည်တင်ပြရန် ကြိုးပမ်းသွးမည်ဟု ပါတီဥက္ကဌ ဦးအေးထွန်းက ပြောသည်။

“မတင်နိုင်ရင်တော့ ပါတီက အလိုအလျှောက် ပျက်သွားမှာဖြစ်တဲ့အတွက် ပြန်တင်သွားမှာပါ။ မတင်နိုင်ရင်တော့ မနိုင်တဲ့ဝန်ကို မထမ်းနိုင်တဲ့အတွက် ပါတီ ဖျက်သိမ်းခံရဖို့ပဲရှိတော့တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီမှာလည်း ပါတီဝင်အင်အား ၁,၁၀၀ နီးပါး တင်ထားသည့်အထဲမှ ၇၀၀ ကျော်မှာ ကွဲလွဲမှုရှိသည်ဟု ရွေး/ကော်က ပြောကြားလာသည့်အတွက် ပြန်လည်စိစစ်နေသည်ဟု ပါတီဥက္ကဌ ဦးအေးကြိုင်က DMG ကို ပြောသည်။

မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်စာရင်းကို ရွေး/ကော်မှ စစ်ဆေးနေဆဲဖြစ်သည့်အတွက် လက်ရှိတွင် ကွဲလွဲမှုအခြေအနေကို မသိရသေးပေ။ အလားတူ ရခိုင့်ဦးဆောင်ပါတီမှ တင်ပြထားသည့် ပါတီဝင်စာရင်းမှာ ကွဲလွဲမှု ရှိ၊ မရှိကိုလည်း လက်ရှိတွင် မသိရသေးဘဲ တာဝန်ရှိသူထံ DMG က ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်က မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခုထဲတွင် ရခိုင်အမျိုးသားပါတီမှ လွဲ၍ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီများမှာ မှတ်ပုံတင်ခွင့် ရရှိထားခြင်းဖြစ်သည်။

လက်ရှိ လွဲမှားနေသည့် ပါတီဝင်စာရင်းများကို လာမည့် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်တင်ရမည် ဖြစ်သည်။ ယင်းကာလအတွင်းမှာ ပါတီဝင်အင်အားစာရင်းကို ပြင်ဆင်ပြီး မတင်ပြနိုင်လျှင် ကော်မရှင်က ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဌာန်းထားသည်။

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

#R007

ဗီဒီယိုများ