ယူနန်ဖွံ့ဖြိုးရေးအတွက် စတေးခံရမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း

ကျောက်ဖြူကနေ ကူမင်းအထိ တည်ဆောက်ထားတဲ့ ပိုက်လိုင်းကနေတစ်ဆင့် တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ပါတယ်။ ပညာရှင်တွေ တွက်ချက်ခန့်မှန်းခြေအရ မြန်မာနိုင်ငံဟာ နှစ်ပေါင်းသုံးဆယ် အတွင်း သဘာဝဓာတ်ငွေ့ရောင်းချငွေနဲ့ ပိုက်လိုင်းဖြတ်သန်းခအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရရှိနိုင်မှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

By မင်းထီး 18 Jan 2021

မင်းထီးရေးသားသည်

ရခိုင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့ တင်စားကြတဲ့ ကျောက်ဖြူမြို့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းရဲ့ မြောက်ဘက်အစွန်ဆုံးမှာတည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ (၁၆၅,၃၅၂)ဦး ရှိပါတယ်။

၂၀၀၉ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းတို့ကြောင့် လူသိများလာတဲ့ နေရာလည်း ဖြစ်ပါတယ်။

ပထဝီအရ ဘင်္ဂလားပင်လယ်အော်ကို နောက်ခံပြုထားပြီး အရှေ့ဘက်ရခိုင်ရိုးမတောင်ဝာန်းက စီးဆင်းလာတဲ့ မြစ်ချောင်းများက နေရာအများစုကိုကွေ့ပတ်ကာစီးဆင်းနေတာကြောင့် ရေထွက်ပစ္စည်းအလွန်ကြွယ်ဝတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

အင်္ဂလိပ်အစိုးရလက်ထက်က ပင်လယ်ထွက်ကုန် ပေါများရာဒေသဖြစ်တဲ့အတွက် ပုလဲမွေးမြူရေးနဲ့ ငါးလုပ်ငန်းကို ကျောက်ဖြူရဲ့အဓိကထွက်ကုန်လုပ်ငန်းအဖြစ် တည်ဆောက်လုပ်ကိုင်ခဲ့သော်လည်း မြန်မာနိုင်ငံ လွပ်လပ်ရေးရပြီးနောက် စစ်အစိုးရလက်ထက်မှာတော့ ကျောက်ဖြူမှာရှိတဲ့ ပုလဲနဲ့ငါးလုပ်ငန်းကို ပိတ်ပစ်လိုက်ပြီး ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်ပြင်က အဓိကထွက်တဲ့ ငါး၊ ပုစွန် စသည်တို့ ကုန်ချောလုပ်ငန်းကို ရန်ကုန်နဲ့ ဧရာဝတီသို့ ရွှေ့ပြာင်းခဲ့ပါတယ်။ ကျောက်ဖြူဒေသခံများဟာ  လယ်လုပ်ငန်းနဲ့ တံငါလုပ်ငန်းကို အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပါတယ်။

၂၀၀၉ က တည်ဆောက်လိုက်တဲ့ ဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်းစီမံကိန်းတွေကြောင့် ဒေသခံများပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနဲ့ သဘာဝပတ်ဝန်းကျင်တွေ ဖျက်ဆီးခံရခြင်းကြောင့် ဒေသတွင်းလူထုနဲ့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီများအကြား မကြာခဏ အငြင်းပွားမှုတွေရှိခဲ့တဲ့ ဒေသဖြစ်ပါတယ်။

လက်ရှိအစိုးလက်ထက်မှာ တည်ဆာက်ဖို့စီစဉ်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကြောင့် တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြတဲ့ နေရာဖြစ်လာပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ဒီဇင်ဘာလမှာ တည်ဆောက်ခွင့်တင်ဒါကို တရုတ်နိုင်ငံပိုင်(CITIC)ကုမ္ပဏီက- ၈၅ ရာခိုင်နှုန်း ၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်း) နဲ့ပေးအပ်ခဲ့ပါတယ်။ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်လားဆိုတဲ့ ဝေဖန်ရေးတွေပေါ်လာတာကြောင့် အစု ရှယ်ယာ ပြန်လည်ခွဲဝေရေးကို လက်ရှိအစိုးရလက်ထက်မှာ ပြန်လည်ညှိယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ တရုတ် ဘက်က ၇၀ ရာခိုင်နှုန်းကိုရယူကာ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းနဲ့ ပြန်လည်အတည်ပြုခဲ့တာပါ။ ရေနက် ဆိပ်ကမ်းကို အဆင့်သုံးဆင့်နဲ့တည်ဆောက်မှာဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျမဲ့ငွေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံနဲ့ တစ်ဆယ်ဘီလီယံကြားလို့ တွက်ချက်ထားကြပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းကို (CITIC–Myanmar Port Investment Limited)နဲ့ မြန်မာအစိုးရ ကျောထောက် နောက်ခံပြုထားပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကမှ အတည်ပြုပေးခဲ့တဲ့ (Kyaukpyu Special Economic Zone Deep Seaport Co.Ltd)က အဓိကတည်ဆောက်ကြမှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမှာဖြစ်ပြီး အဆင့်လိုက်တည်ဆောက်မှာဖြစ်တယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ ဦးဆက်အောင်က ပြောကြားဖူးပါတယ်။ မူဘောင်သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်မှာ ချုပ်ဆိုခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ ESIA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ဆန်းစစ်ချက်ပြုလုပ်ဖို့အတွက် နည်းပညာအကြံပေးအဖြစ် ကနေဒါနိုင်ငံပိုင် (HARTCH)ကုမ္ပဏီကို ငှားရမ်းထားတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျေးရွာအုပ်စုကိုးခုအတွင်း မြေဧကပေါင်း ၄၃၀၀ မှာ တည်ဆောက်မှာဖြစ်ပြီး ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ စက်မှုဇုန်စီမံကိန်းတို့ ပါဝင်မယ်လို့ ဆိုထားပါတယ်။

စက်မှုဇုန်စီမံကိန်းကိုတော့ တရုတ်နိုင်ငံပိုင် (CITIC)ဘက်က ၅၁ ရာခိုင်နှုန်းနဲ့ မြန်မာဘက်က ၄၉ ရာခိုင်နှုန်း အစုရှယ်ယာရရှိကြမှာဖြစ်ပြီး (CITIC-Group နဲ့ Myanmar Kyaukphyu Special Economic Zone Holding Public Company Limited) လက်အောက်က မြန်မာပုဂ္ဂလိကကုမ္ပဏီ ၄၂ ခုက ဦးဆောင်တည်ဆောက်မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းကနေ ကျောက်ဖြူထိ ဖောက်လုပ်မယ့် ရထားလမ်းရဲ့အစိတ်အပိုင်းဖြစ်တဲ့ မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း ဖြစ်နိုင်ခြေဆန်းစစ်မှု စာချွန်လွှာကို စီမံကိန်းအဆိုပြုကုမ္ပဏီဖြစ်တဲ့ China Railway Eryuan Engineering Group (CREEG)တို့ နေပြည်တော်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်း (Mr. Chen Hai)တို့လည်း တက်ရောက်ခဲ့ပြီး ဖြစ်နိုင်ခြေလေ့လာမှုအတွက် အချိန်တစ်နှစ်ခွဲကြာမယ်လို့ မြန်မာဘက်က ထုတ်ဖေါ်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂ နှစ်အတွင်း ရက္ခိုင်တပ်တော်(AA)နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲပေါင်း လေးထောင် ဝန်းကျင်လောက်အထိ ဖြစ်ခဲ့ကြပြီး ရေးကောက်ပွဲကာလ နိုဝင်ဘာ(၇)ရက်ကမှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမှုကို စတင်ရပ်တန့်ထားကြကာ အပြန်အလှန်နားလည်မှု ရယူနေကြပါတယ်။

ရခိုင်ပြည်နယ်ဟာ အနာဂတ်ကာလမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပြိုင်အဆိုင် တည်ဆောက် လုပ်ကိုင်ကြမယ့် အာရှကုန်သွယ်ရေးနယ်မြေ ဖြစ်လာပါလိမ့်မယ်။ စစ်တွေမြို့မှာ တည်ဆောက်ထားတဲ့ အိန္ဒိယနိုင်ငံ ကျောထောက်နောက်ခံပြု ကုလားတန်ရေနက်ဆိပ်ကမ်းကနေတစ်ဆင့် အိန္ဒိယနိုင်ငံထုတ်ကုန်တွေဟာ အာဆီယံနိုင်ငံတွေကို ဝင်ရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ မဟာအိမ်မက်ဖြစ်တဲ့ (Belt and Road Initiative –BRI)လမ်းကြောင်းရဲ့ အရေးအကြီးဆုံးနေရာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို (China Myanmar Economic Corridor –CMEC) ရဲ့ လက်အောက်က ပြုလုပ်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး မြေအောက်သယံဇာတများစွာနဲ့ ပင်လယ်ပြင်ကြီးကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံအတွက် ဝင်ငွေများစွာကို ရှာဖွေပေးထားပါတယ်။ ၂၀၀၉-၂၀၁၀ မှာ စတင်တည်ဆောက်ခဲ့တဲ့ ရွှေဂက်စ်စီမံကိန်းကနေ နှစ်သုံးဆယ်အတွင်း သဘာဝဓာတ်ငွေ့ပမာဏ ၆ ဒသမ ၅ ထရီလျံကုပပေ ထုတ်ယူရရှိနိုင်မယ်လို့ တောင်ကိုးရီးယားနိုင်ငံပိုင် (Daewoo International) ကုမ္ပဏီက ကြေညာထားပါတယ်။

ကျောက်ဖြူကနေ ကူမင်းအထိ တည်ဆောက်ထားတဲ့ ပိုက်လိုင်းကနေတစ်ဆင့် တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ပါတယ်။ ပညာရှင်တွေ တွက်ချက်ခန့်မှန်းခြေအရ မြန်မာနိုင်ငံဟာ နှစ်ပေါင်းသုံးဆယ် အတွင်း သဘာဝဓာတ်ငွေ့ရောင်းချငွေနဲ့ ပိုက်လိုင်းဖြတ်သန်းခအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရရှိနိုင်မှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒီငွေကြေးပမာဏဟာ အခု ရခိုင်ပြည်ကထုတ်ယူရောင်းချနေတဲ့ ငွေကြေးပမာဏသာဖြစ်ပြီး နောက်ထပ်တူးဖေါ်နေတဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေ၊ ရေနံပိုက်လိုင်း၊ အခုတည်ဆောက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်၊ အိန္ဒိယနိုင်ငံပိုင် စစ်တွေကုလားတန်စီမံကိန်းတွေကရရှိမယ့် အကျိုးအမြတ်တွေ မပါသေးပါဘူး။  ကျောက်ဖြူမြို့ မဒေးကျွန်းကနေ တရုတ်နိုင်ငံကူမင်းထိ မိုင်ပေါင်းငါးရာကို တည်ဆောက်ထားတဲ့ ရေနံပိုက်လိုင်းဟာ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့နိုင်ပြီး ရေနံဖြတ်သန်းခအဖြစ် မြန်မာနိုင်ငံက ရေနံစိမ်းတစ်စည်အတွက် တစ်ဒေါ်လာရရှိပါတယ်။

အကြမ်းဖျင်းအားဖြင့် တွက်ကြည့်ပါက ရခိုင်ပြည်နယ် ကျောက်ဖြူမှာရှိနေတဲ့ တရုတ်စီမံကိန်းတစ်ခုတည်းက တစ်နှစ်ကို အမေရိကန်ဒေါ်လာတစ်ဘီလီယံခွဲ (၁ ဒသမ ၅ ဘီလီယံ)ခန့် ရရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။

သို့သော်လည်း ရခိုင်ပြည်သူတွေဘဝကတော့ ရွံ့ဗွက်ကြားထဲက ရုန်းမထွက်နိုင်ကြသေးသလို စီမံကိန်း တည်ရှိရာ မဒေးကျွန်းမှာ ခုအချိန်ထိ ဖုန်းလိုင်းမမိသေးပါဘူး။

အရင်းရှင်ကုမ္ပဏီတွေနဲ့ ပြည်ထောင်စုအစိုးရကသာ အရာရာကိုပိုင်စိုးထားကြတာကိုတွေ့ရပြီး မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဖြစ်တဲ့ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးမရရှိတာ၊ ပြည်နယ်ဒေသ သယံဇာတ ပိုင်ရှင်များ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်းစီမံပိုင်ခွင့် ဆုံးရှုံးနေရတာ၊ မျှတတဲ့သယံဇာတ အကျိုးအမြတ်များ ခွဲဝေမှုမရှိတာ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံရေးသမားတွေကို ကိုလိုနီပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချမှုတွေသာတိုးလာကာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လက်နက်ကိုင်ပဋိပက္ခ အကြာရှည်ဆုံးသို့ ရောက်ရှိနေပြီး မွဲတေနေဆဲ၊ ဆင်းရဲနေဆဲ ဖြစ်ပါတယ်။

ဗဟိုဦးစီမှုလွန်ကဲပြီး တိုင်းပြည်အတွက်အဖြေမဟုတ်တဲ့ ခြေ/ဥကြားမှာ စီမံကိန်းဧရိယာအတွင်းက ပြည်သူတွေဟာ မြေယာတွေကို ပိုင်ဆိုင်မှုဆုံးရှုံးတာတွေနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ တည်ဆဲ မြေယာ ဥပဒေ၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေတွေဟာ စီးပွားရေးသမားတွေနဲ့ အစိုးရကို ကြိုက်သလို စီမံခွင့်၊ လုပ်ဆောင်ခွင့်ပေးထားပြီး ဒေသခံလူထုတွေရဲ့ ရိုးရာဓလေ့အရ မြေပိုင်ဆိုင်မှုတွေကို လုံးဝအသိအမှတ်ပြုမထားတဲ့အတွက် စီမံကိန်းဒေသက တောင်သူလယ်သမားတွေအတွက် မြေယာပိုင်ဆိုင်မှုများ ဆုံးရှုံးနေရပြီး ဆင်းရဲတွင်းကို ဆွဲခေါ်နေသလိုသာ ဖြစ်နေပါတယ်။

ဒါကြောင့်လည်း စီမံကိန်းဒေသကလူထုဟာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကြောင့် သူတို့တွေရဲ့လူမှုဘဝ ချမ်းသာဖွံ့ဖြိုးလာမယ်လို့ ဘယ်သူမှမယုံကြည်ကြသလို အထူးသဖြင့် ကျောက်ဖြူမှာတည်ဆောက်ထားတဲ့ စီမံကိန်းတွေအနက် တရုတ်ရဲ့စီမံကိန်းတွေဟာ ဒေသခံတွေကို မျက်ကွယ်ပြုထားပြီး မကြာခဏ ဆန္ဒထုတ်ဖေါ် ကြတာတွေ အငြင်းပွားမှုဖြစ်တာတွေကို တွေ့မြင်နေရပါတယ်။

စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းတဲ့အခါမှာလည်း အစိုးရဘက်က တာဝန်ယူမှု အားနည်းခဲ့ကြ သလို ဌာနဆိုင်ရာတစ်ချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း မထိန်းချုပ်ထားနိုင်တာကိုတွေ့ရပြီး ရင်းနှီး မြှုပ်နှံမှုတွေလုပ်တဲ့ နိုင်ငံတိုင်းမှာ နာမည်ဆိုးထွက်တဲ့တရုတ်ကတော့ သူ့သဘာဝအတိုင်း ဒေသခံလူထုနဲ့ လုံးဝအဆင်မပြေပါဘူး။

ဒီတစ်ခေါက်ပြုလုပ်မယ့် ကျောက်ဖြူ-မန္တလေး ရထားလမ်းပိုင်းမှာ ဘာတွေကို အဓိကထားပြီး  ဖြစ်နိုင်ခြေ ဆန်းစစ်မလဲ။ ဒါဟာအလွန်အရေးပါတယ်လို့ ပြောရပါမယ်။

တရုတ်ကတော့ သူ့ဗျူဟာအတိုင်း မြန်မာနိုင်ငံအတွင်းက သူ့စီမံကိန်းတွေကို နိုင်ငံတစ်ကာဝေဖန်မှု ကျဆင်းဖို့ အတွက် လုပ်ဆောင်ဖို့ အဆင်သင့်ရှိပါတယ်။ ဥပမာ- ရခိုင်ပြည်ကနေ ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်ဆလင်များအရေးကို ခေါင်းစဉ်တပ်ပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲခြေလှမ်းဟာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်မှာရှိတဲ့ သူ့စီမံကိန်းတွေကို အနောက်နိုင်ငံတွေရဲ့ ဝေဖန်သံကို လျှော့ချဖို့ထက် မပိုနိုင်ပါဘူး။

လာမယ့်အစိုးရသစ်ကလည်း ဒီချုပ်ပါတီပဲဖြစ်တဲ့အတွက် တပ်မတော်နဲ့ ခုအချိန်ထိ ရွေးကောက်ပွဲကိစ္စကို တပ်ဘက်က အပြည့်အဝလက်မခံသေးသလို စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကလည်း ထင်သလောက် မလွယ်ကူနိုင်ဘူးလို့ ခန့်မှန်းရပါမယ်။

ဆိုတော့ ကျောက်ဖြူစီမံကိန်းဟာ ရခိုင်လူထုကြားနဲ့ ပြည်ထောင်စုအစိုးရကြားက ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ လိုအပ်သလို ရခိုင်ပြည်ငြိမ်းချမ်းရေးနဲ့ သယံဇာတခွဲဝေသုံးစွဲရေးကလည်း တိုက်ရိုက်အချိုးကျလိမ့်မယ်လို့ စာရေးသူအနေနဲ့ သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ကို ပြည်ထောင်စုက ခွဲဝေပေးတဲ့ ဘတ်ဂျက်ဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းနှစ်ရာ မပြည့်ပါဘူး။ လက်ရှိအချိန်မှာ ဒေါ်လာသန်းတစ်ထောင်ကျော်ရှာပေးထားနိုင်ပြီး ဆင်းရဲတွင်းထဲမှာ ချောင်ပိတ်ထားတာတွေ ကိုရပ်တန့်ပြီး ရခိုင်လူထုတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်ပါမှ တိုက်ရိုက်အချိုးကျတဲ့ နိုင်ငံရေးစီမံကိန်း ဖြစ်လာမယ်လို့ မြင်ပါတယ်။

စီမံကိန်းရဲ့ ပွင့်လင်းမြင်သာမှုဆိုတာထက် စီမံကိန်းက ရခိုင်လူထု ဘယ်လောက်ထိသုံးစွဲခွင့်ရှိသလဲဆိုတာသာ မူတည်ပါလိမ့်မယ်။ ဒီအကောင်အထည်ဖေါ်မှုမှာ အစိုးရအနေနဲ့ စစ်မှန်တဲ့စေတနာကသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအပေါ်လည်း အများကြီးမူတည်နေပါသေးတယ်။

ဒီလေ့လာဆန်းစစ်မှုက ပထမအရေးအကြီးဆုံးဖြစ်သလို မြေယာ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုထိခိုက်နစ်နာမှု၊ အလုပ်အကိုင်စတာတွေကတော့ ဒုတိယဦးစားပေးဆန်းစစ်ရမယ့်အရာတွေ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် လာမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့၊ ရထားလမ်း စီမံကိန်းတွေဟာ ရခိုင်ပြည်ကို တိုက်ရိုက်အကျိုးပြုစေနိုင်တဲ့ ပြုပြင်မှုကို မလုပ်နိုင်ဘူးဆိုရင်တော့ ဒီစီမံကိန်း တွေဟာ ယူနန်ကောင်းစားရေးနဲ့ ပြည်ထောင်စုကိုလိုနီဝါဒကို အသက်သွင်းခြင်းထက် မပိုနိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဗီဒီယိုများ