စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့်ချင်းမှာ နေအိမ် ၁၂၀၀ ကျော် မီးလောင်ပျက်စီး

စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်လို့ လုံးဝပျက်စီးသွားတဲ့နေအိမ်အတွက် ကျပ်သိန်း ၅၀၊ တစ်ချို့တစ်ဝက်ပျက်စီးတဲ့အိမ်တွေအတွက် သိန်း ၂၀ နဲ့ နေအိမ်မပျက်စီးပေမယ့် ပြုပြင်ရမယ့်အပိုင်းတွေရှိတဲ့ နေအိမ်တွေကို ၅ သိန်း ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

09 Jun 2021

DMG ၊ ဇွန် ၉

(သတင်းဆောင်းပါး)

မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ပြည်နဲ့ချင်းပြည်နယ် ပလက်ဝမြို့မှာ ကျေးရွာ ၄၅ ရွာမီးရှို့ခံခဲ့ရပြီး နေအိမ်ပေါင်း ၁၂၁၀ မီးလောင်ပျက်စီးသွားခဲ့တာရှိတယ်လို့ ရခိုင်တိုင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။

မီးလောင်ဆုံးရှုံးသွားတဲ့အထဲမှာ ဘူးသီးတောင်မြို့နယ်က နေအိမ် ၁၆၃ လုံး၊ ကျောက်တော်မြို့နယ်က ၃၉၉ လုံး၊ ရသေ့တောင်မြို့နယ်က ၁၆၄ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ လုံးနဲ့ မြောက်ဦးမြို့နယ်က၂၀၉ လုံး၊ မင်းပြားမြို့နယ်က ၂၈ လုံးအပြင် ပလက်ဝမြို့နယ်က ၂၄၄ လုံး ပါဝင်တယ်လို့ အဲဒီစာရင်းက သိရပါတယ်။

အခုမီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကစပြီး မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ၂ နှစ်တာ စစ်ရေးပဋိပက္ခတွေကြား တိုက်ပွဲဖြစ်စဉ်တွေနဲ့ဆက်စပ်ပြီး မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေဖြစ်တယ်လို့ ရခိုင်တိုင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ပထမအချက်က တိုက်ပွဲတွေအတွင်းမှာ ကောက်ရတဲ့အခါကျတော့ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်တွေ ရှိတယ်ပေါ့။ နောက်တစ်ခုက ဒီအချက်အတွေကောက်တဲ့အခါမှာ ကျနော်တို့ ချက်ချင်းဖြစ်ပြီးတဲ့ ဖြစ်ဖြစ်ချင်းမှာ သိရတဲ့စာရင်းဇယားတွေရှိတယ်။ ဒါက ဖြစ်ပြီးသွားတဲ့အချိန်ပေါ့နော်။ အဲဒီဖြစ်ပွားတဲ့ ကျေးရွာအနီးအနားမှာ ကျနော်တို့ ဝန်ထမ်းတွေက တိုက်ရိုက်ဆက်သွယ်ပြီးတော့ သွားရောက်ပြီးတော့ ရရှိလာတဲ့ အချက်တွေပါတယ်။ နောက်တစ်ခုက ဖြစ်ဖြစ်ချင်းမှာ မသိရဘူး။ အချိန်အတိုင်းအတာကြာပြီးမှပဲ သွားရောက်ပြီးမှပဲ မြေပြင်ကွင်းဆင်းပြီးတော့ သွားရောက်ကောက်ထားတဲ့ အချက်တွေဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေက ကျနော်တို့ တိုက်ရိုက်မကောက်နိုင်တဲ့အခါမှာ အတည်ပြုဖို့ ခက်ခဲတာပေါ့နော်။ ဒါပေမယ့်လည်း တခြားသတင်းပေးတွေ၊ မေးမြန်းချက်တွေ အဲဒါအကုန်လုံးကိုပေါင်းစပ်ပြီးတော့မှ ပြန်စိစစ်တာပေါ့။ အဲဒီတော့ အခုပြောတဲ့ အရေအတွက်တွေက လုံးဝမတိကျလို့ ဆိုနိုင်ပေမယ့် အနီးစပ်ဆုံးတော့ ဖြစ်မယ်လို့ ယူဆပါတယ်ဗျာ” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ကျေးရွာတွေအတွက် ပြည်နယ်စစ်ကောင်စီက ကျပ်သိန်း ၅၀ တန် နေအိမ်တွေဆောက်လုပ်ပေးနေပြီး လက်ရှိမှာ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက မီးလောင်ပျက်စီးသွားတဲ့ နေအိမ် ၁၉၀ ကျော် ဆောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေ ပြန်လည်နေရာချထားရေးနဲ့ပတ်သက်လို့ လုံးဝပျက်စီးသွားတဲ့နေအိမ်အတွက် ကျပ်သိန်း ၅၀၊ တစ်ချို့တစ်ဝက်ပျက်စီးတဲ့အိမ်တွေအတွက် သိန်း ၂၀ နဲ့ နေအိမ်မပျက်စီးပေမယ့် ပြုပြင်ရမယ့်အပိုင်းတွေရှိတဲ့ နေအိမ်တွေကို ၅ သိန်း ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

“ပထမတစ်လကတော့ စားရေးရိက္ခာပေါ့။ ကျနော်တို့မှာတော့ ပဲ၊ ဆီ၊ ဆန်၊ ဆား အစရှိသည်ဖြင့် အခြေခံ မရှိမဖြစ်လိုအပ်တဲ့ အစားအစာတွေပေါ့။ တစ်လစာပေးပါတယ်။ လယ်ကိုင်းရှိတဲ့သူတွေအတွက်လည်း ထွန်းစက်တွေ စီစဉ်ထားပြီးဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သူတွေအတွက် နေရပ်ပြန်လည်အခြေချမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနဲ့ သူတို့ရဲ့မူလအခြေအနေထိ ဖန်တီးပေးနိုင်မယ့် ကိစ္စနှစ်ရပ်ကို စဉ်းစားသင့်တယ်လို့ ဦးဇော်ဇော်ထွန်းက ထောက်ပြပြောဆိုပါတယ်။

“နေရပ်သာပြန်သာပြန်သွားကြတယ်။ သူတို့အနေနဲ့ မူလအကြောက်တရားတွေ ထပ်ပြီးတော့ ရှိနေမယ်။ အကြောက်တရားဖြစ်ပွားစေတဲ့ အကြောင်းအရာတွေရှိနေမယ်။ မူလအခြေအနေသို့ ပြန်ရောက်ဖို့ အရမ်းအလှမ်းဝေးကွာနေမယ်ဆိုရင် သူတို့ရဲ့ ဒုက္ခတွေက လျော့ပါးသွားမှာမဟုတ်ပါဘူး။ ပုံစံပြောင်းသွားမှာပဲရှိတယ်။ IDPs camp တွေမှာရော့ ရွာပြန်ရောက်သွားမှာရော့ လျော့ပါးသွားမှာပဲရှိတယ်။ ပြန်လည်ကုစားပေးနိုင်တဲ့ အခြေအနေ ပြန်တွေ့ရမှာမဟုတ်ပါဘူး။ ဒါလေးတွေ သတိထားဖို့လိုပါတယ်။ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့က လက္ကာကျေးရွာမီးရှို့ခံရမှုကြောင့် နေအိမ် ၁၉၇ လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

အဲဒီနေ့က တိမ်ညိုကျေးရွာဘက်ကလာတဲ့ မြန်မာစစ်တပ်မှ စစ်ကြောင်းတစ်ခုမှာ လက္ကာကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပစ်ခတ်သံအချို့ထွက်ပေါ်လာပြီးနောက် လက္ကာရွာရဲ့တောင်ဘက်ခြမ်းက မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေပြောဆိုကြပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သားတွေ လုပ်ဆောင်တာမဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၀ ခုနှစ် မေလ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နေအိမ်မီးရှို့ခံရတာကြောင့် ငွေကျပ် သိန်းသုံးရာလောက် ဆုံးရှုံးသွားတယ်လို့ လက္ကာကျေးရွာက ဦးမောင်သိန်းတင်က ပြောပါတယ်။

“မီးလောင်မှုရဲ့ တန်ဖိုးကိုပြောရမယ်ဆိုရင် အိမ်တစ်လုံးက သိန်း ၁၈၀ ကျပ်ရှိတယ်။ နောက်ပြီး စပါးဂိုဒေါင်တစ်လုံးကလည်း သိန်း ၂၀ ကျပ်နဲ့တောင်မရဘူး။ စပါးကလည်း တောင်းနဲ့ပြောရရင် ၅၀၀ ကျော်ပါသွားတယ်။ အကုန်လုံးကိုပေါင်းလိုက်ရင် သိန်း ၃၀၀ ကျပ် ကျော် ပါသွားတယ်။ ” လို့ ပြောပါတယ်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက နေအိမ်တွေဆောက်လုပ်ပေးဖို့စီစဉ်နေတာကြောင့် လက္ကာကျေးရွာက ဒေသခံတချို့ဟာ လက်ရှိ ရွာမှာလာရောက်နေထိုင်နေကြပါတယ်။
ပြည်နယ်စစ်ကောင်စီက နေအိမ်တွေဆောက်လုပ်ပေးမယ်၊ ရွာပြန်သွားရင်လည်း ရိက္ခာသုံးလစာ ထောက်ပံ့ပေးမယ်ဆိုတာကြောင့် ရွာကိုပြန်လာတာဖြစ်တယ်လို့ နေအိမ်တွေ မီးလောင်ပျက်စီးသွားတဲ့ လက္ကာကျေးရွာက ဒေါ်ဦးဝင်းယဉ်က ဆိုပါတယ်။

“သူတို့ပြောတာက (ပြည်နယ်စစ်ကောင်စီ) တိုက်ပွဲတွေလည်း ရပ်ဆိုင်းထားတယ်။ ရွာကိုသွားလို့ရပြီ။ သူတို့က အိမ်တွေဆောက်ပေးမယ်။ ရွာမှာရောက်ရင် ရိက္ခာသုံးလစာထောက်ပံ့ပေးမယ်လို့ ပြောတယ်။ တိမ်ညိုစစ်ဘေးရှောင်စခန်း မီးလောင်တဲ့အခါ  ပြည်နယ်ကောင်စီက ပြောခဲ့တာရှိတယ်။ ဖြစ်လာမယ် မဖြစ်လာဘူးဆိုတာ ကျွန်မတို့လည်း မပြောနိုင်သေးဘူး။ သူတို့အဲလိုပြောခဲ့တယ်။ ကျွန်မတို့က အဲဒါတွေရမယ်လို့ ယုံကြည်ထားတယ်ပေါ့ ” လို့ ပြောပါတယ်။

လက္ကာကျေးရွာမှာ အိမ်ခြေသုံးရာကျော်နဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလကစပြီး ပီပင်ရင်း၊ တိမ်ညို၊ ဘူးရွက်မညိုး စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။

ဒါ့အပြင် လက္ကာကျေးရွာသား ၂၇ ဦးမှာ သံသယနဲ့ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃ ဦးဟာ စစ်ကြောရေးကာလတွေမှာ သေဆုံးသွားခဲ့ပါတယ်။

ကျန် ကျေးရွာသား ၂၀ ကျော်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေရတာ လက်ရှိမှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အခု ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတာကို ပြန်လည်ရုပ်သိမ်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မြန်မာနိုင်ငံအကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေငြာခဲ့ပါတယ်။

ဒါကြောင့် အကြမ်းဖက်နဲ့ တရားစွဲခံထားရသူတွေ ပြန်လည်လွတ်မြောက်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြပေမယ့် အဲဒီလူတွေဟာ ပြန်လွတ်လာတာမရှိဘဲ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ယောက်ျားဖြစ်သူ ပြန်လွတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီနှစ်မိုးရာသီမှာ လယ်ယာစိုက်ပျိုးဖို့ မျိုးစပါးတွေကို ပြင်ဆင်ထားတယ်လို့ ဦးခင်မောင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်သိန်းမယေက ဆိုပါတယ်။

“အဖေတစ်ယောက်ရှိတယ်။ အဖေကလည်း အသက်ကြီးပြီ။ အသက် ၈၀ နီးပါးရှိတယ်။ အဖေကိုလည်း အရမ်းသနားတယ်။ ယောကျ်ားမရှိဘူးဆိုတော့ အဖေက အကုန်လုံးကို လုပ်ပေးပါတယ်။ ကျမလည်း အရမ်းခံစားရတယ်။ မျိုးစေ့စပါးကိုလည်း ပြင်ဆင်ထားတယ်။ ယောကျ်ားပြန်လွှတ်ရင် စပါးပြန်စိုက်မယ်ဆိုပြီး မျိုးစေ့စပါးကို အဆင်သင့်လုပ်ထားပါတယ်။ ကျမလည်း ယောကျ်ားကို ပြန်လွတ်ဖို့ မျော်လင့်နေပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်မှာ တိုက်ပွဲကာလအတွင်း သံသယနဲ့ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပေဒပုဒ်နဲ့ တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်ထိရှိတယ်လို့ ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။

အခုလို ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့ လက္ကာကျေးရွာသားမိသားတွေလို တစ်ခြားဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကလည်း လိုလားနေကြပါတယ်။

ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ တိုက်ပွဲတွေရပ်တန့်နေတာ လက်ရှိမှာ ၈ လခန့်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဗီဒီယိုများ