နားခိုစရာ မျှော်နေကြရှာတဲ့ ပေးဆပ်သူတွေ

“အခက်အခဲက အားလုံးအစုံပါပဲ။ ကျန်းမာရေးကိစ္စဆိုရင်လည်း WFP က ထောက်ပံ့ကြေးရမှပဲ သုံးရတာပါ။ ကိုယ့်မှာလည်း ကလေးတွေနဲ့ဆိုတော့ အလုပ်ရှာဖွေဖို့နည်းလမ်းလည်း မရှိဘူး။ ကလေးတွေ နေမကောင်းရင်လည်း ဆေးနှစ်ကြိမ်တိုက်ရမှာကို တစ်ကြိမ်ပဲတိုက်နေရတယ်”လို့ ဒေါ်မလှစိန်က အသံတုန်ရီစွာနဲ့ ပြောပြပါတယ်။

By နေမျိုးလင်း 29 Apr 2022

DMG ၊ ဧပြီ ၂၉

(ဆောင်းပါး)

မိုးဦးရာသီရောက်တော့မှာမို့ အခြေမခိုင်တဲ့အိမ်ပိုင်ရှင် ဒေါ်မလှစိန်တစ်ယောက် စိတ်ပူပန်နေရရှာတယ်။ အိမ်တစ်ခုလုံးကို ဝါးလုံးတွေနဲ့ပဲဆောက်လုပ်ထားပြီး တာလာပတ်ချာနဲ့ မိုးကာထားတဲ့အိမ်ဟာ မိုးဒဏ်၊လေဒဏ်ကို အံကြိတ်ခံနိုင်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်ဟာ သူ့စိတ်ကူးထဲမှာ ကိန်းအောင်းနေပါတော့တယ်။

အသက် ၃၉ နှစ်အရွယ်ဒေါ်မလှစိန်ဟာ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ သားသမီး ငါးဦးနဲ့အတူခိုလှုံနေတဲ့ မြိုတိုင်းရင်းသူ စစ်ဘေးရှောင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်တွေလိုပဲ မိုးရာသီမရောက်ခင် အမိုး၊အကာအောက်ကိုရောက်လိုသူတစ်ဦးပါ။

“စိုးရိမ်မှုတွေကတော့အများကြီးပဲ။ မိုးတစ်ခုတည်းမဟုတ်ဘူး။ လေပါတိုက်ခတ်လာရင် နေစရာရှိမှာ မဟုတ်တော့ဘူး။ စွတ်စွတ်စိုစိုနေရမှာတွေကို ကြောင့်ကြစိုးရိမ်မိပါတယ်”လို့ ဒေါ်မလှစိန်က စိုးရိမ်တကြီး ပြောပါတယ်။

ရခိုင်ပြည်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့တိုက်ပွဲကြောင့် လူပေါင်းသိန်းနဲ့ချီပြီး စစ်ဘေးရှောင်ဘဝကို ရောက်သွားခဲ့ပါတယ်။ လက်ရှိစစ်ပွဲရပ်တန့်နေတာကြောင့် အများစုမှာ နေရပ်ပြန်နိုင်ကြပေမယ့် စစ်ဘေးရှောင်(၇)သောင်းကျော်လောက်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။ အခုလည်း မိုးရာသီမတိုင်ခင် အမိုးအကာအောက် ရောက်ရှိရေးဟာ သူတို့ရဲ့ဆန္ဒအစစ်အမှန်ပါ။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)ကတော့ ရခိုင်ပြည်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူဦးရေ ၂၈၀၀၀ ကျော် နေထိုင်လျက်ရှိတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင် အရေးပေါ်ပြုပြင်ဖို့ လိုအပ်လျက်ရှိပါတယ်လို့ ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

“ဒီလိုပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း အရေးပေါ်လိုအပ်တာပါ”လို့ OCHA က ဆိုထားပါတယ်။

ဒေါ်မလှစိန်ဟာ ကျောက်တော်မြို့နယ်၊ ခမောင်းကျေးရွာကဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကပင် ဝါးတောင်စစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လင်ယောကျ်ားဖြစ်သူလည်း ရောဂါကြောင့် စစ်ဘေးရှောင်စခန်းမှာ ကွယ်လွန်သွားပါတယ်။ အခုတော့ သူဟာ သမီးသုံးဦး၊ သားနှစ်ဦးနဲ့အတူ နေထိုင်ပါတယ်။ အငယ်ဆုံးသားလေးဟာ သုံးနှစ်ဖြစ်ပြီး အကြီးဆုံးသမီးဟာ ၁၃ နှစ်ဖြစ်ပါတယ်။

လင်ယောက်ျားလည်းမရှိတော့သလို စစ်ဘေးရှောင်ဘဝနဲ့နေနေရတဲ့ သူ့အဖို့ လောကဓံမုန်တိုင်းရဲ့ ရက်စက်မှုဒဏ်ကိုခံနေရပါတယ်။ စစ်ဘေးရှောင်ဘဝမှာ အလုပ်အကိုင်လည်း မယ်မယ်ရရမရှိတာကြောင့် ကူညီထောက်ပံ့ငွေတွေကိုပဲ အားကိုးပြီး နေနေရပါတယ်။ အရင်တုန်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်တွေထောက်ပံ့ခဲ့ပေမယ့် ရပ်ဆိုင်းထားတာ သုံးလလောက်ရှိပြီဖြစ်ပါတယ်။ အခုတော့ WFP ကထောက်ပံ့တဲ့ ငွေ ၁၈၀၀၀ ကျပ်ကိုပဲ အားကိုးပြီး နေနေရတယ်လို့ ဆိုပါတယ်။

“အခက်အခဲက အားလုံးအစုံပါပဲ။ ကျန်းမာရေးကိစ္စဆိုရင်လည်း WFP က ထောက်ပံ့ကြေးရမှပဲ သုံးရတာပါ။ ကိုယ့်မှာလည်း ကလေးတွေနဲ့ဆိုတော့ အလုပ်ရှာဖွေဖို့နည်းလမ်းလည်း မရှိဘူး။ ကလေးတွေ နေမကောင်းရင်လည်း ဆေးနှစ်ကြိမ်တိုက်ရမှာကို တစ်ကြိမ်ပဲတိုက်နေရတယ်”လို့ ဒေါ်မလှစိန်က အသံတုန်ရီစွာနဲ့ ပြောပြပါတယ်။

“အိမ်မှုကိစ္စတွေမှာလည်း ငါးပိမစုံ၊ ဆားမစုံ၊ ဟင်းချိုမှုန့်မရှိ အဲလိုမျိုးပါပဲ။ အခုထောက်ပံ့ငွေနဲ့တော့ သားသမီးတွေလည်းများတော့ လုံလောက်မှုမရှိပါဘူး”ဟု သူကဆက်လက်ပြောပါတယ်။

တိုက်ပွဲငြိမ်သက်နေပေမယ့် စစ်ဘေးရှောင်နေရပ်မပြန်ကြသေးတဲ့ အဓိကအကြောင်းအရင်းတွေလည်း ရှိပါတယ်။ ကျောက်တော်မြို့နယ် တင်းမကျေးရွာ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒေသခံတွေကတော့ စစ်ကောင်စီက နေရပ်ပြန်ခွင့်မပြုတာကြောင့် မပြန်နိုင်ဘဲ ဖြစ်နေကြတာပါ။ တခြားကျေးရွာတွေက စစ်ဘေးရှောင်တွေကတော့ မိုင်းအန္တရာယ်ကိုစိုးရိမ်တာနဲ့ နောက်ထပ် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် မပြန်ရဲဘဲဖြစ်နေကြတာပါ။

ဧပြီလ ၂၀ ရက်နေ့က ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့မှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင်နေအိမ် ၉၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ DMG က ကောက်ယူထားတဲ့ စာရင်းအရသိရပါတယ်။ အခက်အခဲမြောက်များစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေမှာ အခုလို မထင်မှတ်ပဲလေပြင်းတိုက်ခတ်လိုက်တော့ တစ်ပူပေါ်နှစ်ဆင့်ဆိုသလို ဖြစ်သွားပါတယ်။

“လေပြင်းတိုက်ခတ်တော့ အိမ်တွေပြိုကျသွားလို့ အဆင်မပြေဘူး။ နေအိမ်တွေက နေဖို့၊ထိုင်ဖို့မရအောင် ပြိုပျက်သွားတယ်”လို့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းက ကိုလှမောင်ကျော်ကဆိုပါတယ်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းက အခြားတစ်ဦးကလည်း အခုလိုအိမ်တွေပျက်စီးခဲ့တာကြောင့် စိတ်ထိခိုက်နေရပြီး ပြန်လည်ပြုပြင်ဖို့ဆိုရင်လည်း ‌ထောက်ပံ့ကူညီမှုနည်းပါးနေတာမို့ အခက်အခဲ ဖြစ်နေတယ်လို့ဆိုပါတယ်။ လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ မိုးရာသီမတိုင်ခင် နေအိမ်တွေကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“အခုနေတဲ့အိမ်တွေကို ဆောက်လုပ်ဖို့အတွက် သစ်၊ ဝါး၊ အမိုးအကာတွေလိုချင်ပါတယ်။ တကယ်အိမ်တွေ မဆောက်နိုင်ဘူးဆိုရင် မိုးရာသီမှာ အသက်ဘေးနဲ့ကြုံရနိုင်တယ်။ မိုး၊လေလာရင် စွတ်စွတ်စိုစိုနေရမယ်ဆိုတော့ ရောဂါတွေလည်း ဖြစ်မှာပေါ့”လို့ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာက စစ်ဘေးရှောင်လာတဲ့ ဦးအေးကျော်ကပြောပါတယ်။

မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်ခိုက် ခဲ့တာကြောင့် နေအိမ် ၃၀ ကျော်မှာ လုံးဝပျက်စီးသွားပြီး နေအိမ် ၁၅၀ လောက်မှာလည်း အိမ်ခေါင်မိုး ပွင့်ထွက်သွားတာတွေရှိတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ တော်တော်လေးဒုက္ခရောက်နေကြတယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

“မိုးသက်လေပြင်းတိုက်ခတ်ခဲ့တော့ ပျက်စီးသွားတဲ့အိမ်တွေကို အကူအညီပေးမယ့်သူက မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ ရှာဖွေပြီးဆောက်နေရတယ်။ ငွေကြေးနဲ့ အမိုးအကာအခက်အခဲရှိတယ်။ မိုးရာသီကလည်း နီးလာပြီ။ စစ်ဘေးရှောင်အိမ်တွေကလည်း သက်တမ်းရင့်ပြီးတော့ ဟောင်းနွမ်းဆွေးမြေ့နေပြီ။ မိုးရာသီဆိုရင် စိုးရိမ်စရာကောင်းတယ်”လို့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေစားဝတ်နေရေးအတွက် ICRC လို နိုင်ငံတကာအဖွဲ့အစည်းတွေကို အဓိက အားကိုးနေပြီး စစ်ကောင်စီကတော့ ဆန်ထောက်ပံ့မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်တွေအဆင်ပြေဖို့အတွက် ကူညီထောက်ပံ့မှုတွေလုပ်ဖို့လိုအပ်တယ်လို့ ဆရာတော်က ထောက်ပြပါတယ်။

“မိုးရာသီမတိုင်ခင် အမိုးအကာအောက်မှာ လုံလုံခြုံခြုံနေထိုင်နိုင်ဖို့ကို အစိုးရ(စစ်ကောင်စီ)ကို တိုက်တွန်းလိုပါတယ်”လို့ မြတန်ဆောင်း ဆရာတော်ကမိန့်ပါတယ်။

လေလာရင် ပြိုတော့မယ်သယောင်ရှိနေတဲ့ ဝါးလုံးလေးတွေနဲ့ဆောက်လုပ်ထားတဲ့ တဲအိမ်လေးကို ပိုင်ဆိုင်ထားသူ ဝါးတောင်စစ်ဘေးရှောင်စခန်းက ဒေါ်မလှစိန်ဟာ မိုးရာသီမတိုင်ခင် နေအိမ်တွေကို အမြန်ဆုံးဆောက်လုပ်ပေးစေချင်တယ်လို့ စစ်ကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

“မိုးရာသီမကျခင်တော့လိုချင်ပါတယ်။ အဓိကကတော့ တခြားဟာတွေမပါရင်တောင် ဝါးနဲ့တလာပတ်ချာတွေကို ပေးစေချင်ပါတယ်”

နေမျိုးလင်း-ရေးသည်

ဗီဒီယိုများ