- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ဂွက စစ်ဘေးရှောင်နှစ်သောင်းနီးပါး စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေ
ရခိုင်ပြည်၊ ဂွမြို့မှ စစ်ဘေးရှောင် နှစ်သောင်းနီးပါးမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
29 May 2025

DMG ၊ မေ ၂၉
မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာနေရာအသီးသီး၌ ထွက်ပြေးခဲ့ရသည့် ရခိုင်ပြည်၊ ဂွမြို့မှ စစ်ဘေးရှောင် နှစ်သောင်းနီးပါးမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ဂွမြို့နယ်တွင် လူမှုကူညီရေးအသင်းအဖွဲ့များ နည်းပါးပြီး အလုပ်အကိုင်လည်း ရှားပါးသည့်ထဲ ကုန်ဈေးနှုန်းပါ မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များမှာ ပို၍ အခက်အခဲနှင့် ကြုံတွေ့နေကြရသည်။
ဂွမြို့နယ်က စစ်ဘေးရှောင်များမှာ အရေပြားယားနာ ရောဂါများဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး ကလေးသူငယ်များတွင် အများဆုံးဖြစ်နေကာ ဆေးဝါးအကူအညီများ လိုအပ်ချက်မြင့်မားနေကြောင်း သိရသည်။
" ဂွမြို့နယ်မှာက မြို့ခံတွေက နေရပ်ပြန်လို့မရသေးဘူး။ ကျေးလက်တွေမှာပဲ စစ်ဘေးရှောင်နေရတုန်းပဲ။ သူတို့က စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်ချက်တွေ ရှိနေတယ်။ ဂွမှာက NGO၊ CSO တို့လည်း ကူညီကြတာမရှိဘူး။ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေကပဲ အလှူခံပြီးတော့ စစ်ဘေးရှောင်တွေကို ကူညီနေကြရတာ။ အဓိကတော့ ဂွဖက်မှာက ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်မှုတွေကြောင့်လည်း စစ်ရှောင်တွေက ပိုပြီး ကျပ်တည်းမှုရှိကြတယ်" ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
လက်ရှိ ဂွမြို့နယ်တွင် ဆန်ပြည် ၂၀ ပါတစ်အိတ်လျှင် ငွေကျပ် ၁ သိန်း ပေါက်ဈေးရှိပြီး စားသုံးဆီမှာလည်း ၅ ဂါလံဆံ့ တစ်ဗူးလျှင် ငွေကျပ် ၂၃၀,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိကာ အခြားကုန်စည်များမှာလည်း ရခိုင်မြောက် ပိုင်းထက် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်နေသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီ နေဗီများကြောင့် ဂွမြို့နယ်က ဒေသခံများမှာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို အပြည့်အဝ မလုပ်ကိုင်နိုင်ဘဲ ကမ်းနီးမှာ အချိန်ပိုင်းနှင့်သာ လုပ်ကိုင်နေကြရသည်။
ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ပင်လယ်ငါးဖမ်းလုပ်ငန်းမှာလည်း ကောင်းစွာမလည်ပတ်နိုင်သဖြင့် ဂွမြို့နယ်က ဒေသခံများမှာ လူမှုစီးပွားဘဝအတွက် အကျပ်အတည်းဖြစ်ပေါ်နေကြရသည်။
"ငါးကတော့ စီးပွားဖြစ် ဖမ်းလို့မရဘူး။ ကမ်းဝေးသွားဖမ်းလို့ မရဘူး။ ကမ်းနီးလောက်ပဲ အချိန်ပိုင်း ဖမ်းကြရပြီး စားဝတ်နေရေးအတွက် ဖြစ်သလို ဖြေရှင်းနေကြရတယ်။ အဆင်ကတော့ မပြေကြဘူး။ တစ်နေ့ ငါးရှာလို့ရတာနဲ့ ကုန်ဈေးနှုန်း ကြီးမားမှုတွေကြောင့် သိပ်အဆင်မပြေကြဘူး" ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က ဂွမြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှစ၍ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်သော်လည်း ဂွမြို့နယ်နှင့်အစပ် ဧရာဝတီတိုင်းတွင် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ရေးဖော်ဆောင်လျက်ရှိသည်။
ယင်းကြောင့် ဂွမြို့ပေါ်မှ ဒေသခံများမှာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရသေးဘဲ ကျေးလက်ဒေသများ၌ ဖြစ်သလိုနေထိုင်ကာ အိမ်ပြန်ရမည့်နေ့ကို စောင့်မျှော်နေကြသည်။