- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
- ကျောက်ဖြူတိုက်ပွဲတွင် ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ခရီးသည်တင်လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ ရပ်ဆိုင်းမှု ကလေး နှစ်သိန်းခွဲ အခက်ကြုံ
- မောင်တောမြောက်ပိုင်းတွင် ARSA နှင့် AA တို့ တိုက်ပွဲများ ကြိုကြားဖြစ်နေ
- စစ်မှုထမ်း တပ်သားသစ်များနှင့်သာ ကျားကန်နေရသည့် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်
စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည့် မြေငူကျွန်းက စစ်ဘေးရှောင်များ
" ပိုက်ဆံ ငါးထောင်ကို နှစ်ရက် ချွေတာပြီး သုံးရတယ်။ ငါး၊ ဟင်းတွေကလည်း ဈေးအရမ်းကြီးတော့ ဟင်းကောင်း ကောင်းနဲ့ ထမင်းမစားရတော့ဘူး။ မုန့်ပဲသရေစာဆိုရင် မစားဖူးတော့တာ အရမ်းကြာပြီ " ဟု စစ်တွေမြို့ကနေ စစ်ဘေးရှောင်နေသည့် ဒေါ်ဦးခင်မြင့်က ပြောသည်။
03 Jun 2025

DMG ၊ ဇွန် ၃
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း (ခ) အနောက်ဖရုံကာကျွန်းသည် ကျေးရွာ ၃၀ ခန့်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး စစ်တွေမြို့၏ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။
ဒေသခံများမှာ ပင်လယ်ပြင်ကို အမှီပြုကာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး စိုက်ပျိုးရေးလုပ်ငန်းကိုလည်း တနိုင်တပိုင် လုပ်ကိုင်ကြသည်။ စစ်တွေမြို့ကို အဓိက အားထားကာ ကုန်စည်သယ်ယူပို့ဆောင်ရေး ပြုလုပ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့မှ ဒေသခံ ထောင်နှင့်ချီမှာ မြေငူကျွန်း၌ စစ်ဘေးတိမ်းရှောင်လျက်ရှိကြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ရခိုင်တွင် ငါးဖမ်းခွင့်နှင့် လမ်းခရီးများအား ကန့်သတ်ပိတ်ဆို့လိုက်သည်။ ထို့ကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များမှာ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲအပြင် ငါးဖမ်းခွင့်မရရှိ၍ စားဝတ်နေရေး ကျပ်တည်းမှုဖြင့် ရင်ဆိုင်နေကြရသည်။
" ပိုက်ဆံ ငါးထောင်ကို နှစ်ရက် ချွေတာပြီး သုံးရတယ်။ ငါး၊ ဟင်းတွေကလည်း ဈေးအရမ်းကြီးတော့ ဟင်းကောင်း ကောင်းနဲ့ ထမင်းမစားရတော့ဘူး။ မုန့်ပဲသရေစာဆိုရင် မစားဖူးတော့တာ အရမ်းကြာပြီ " ဟု စစ်တွေမြို့ကနေ စစ်ဘေးရှောင်နေသည့် ဒေါ်ဦးခင်မြင့်က ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ အရပ်ဖက်အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှု မရရှိသည်မှာ ၄ လခန့် ကြာမြင့် လာနေပြီဖြစ်ကြောင်း သိရသည်။ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် မြေငူကျွန်း ဒေသခံများမှာ လက်ရှိတွင် ငါးဖမ်းခွင့်မရရှိ၍ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုဖြင့် ကြုံတွေ့နေရသောကြောင့် စားဝတ်နေရေး အကျပ်အတည်းကို အလူးအလဲ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
" အရင်က ဆန် နို့ဆီဗူး လေးလုံးချက်စားရင် အခု သုံးလုံးပဲ ချက်တော့တယ်။ လျော့ချက်ရတယ်။ ကယ်ဆယ်ရေးလည်း မရတော့ဘူးလို့ သူများတွေ ပြောနေကြတော့ အစစအရာရာ ချွေတာလာရပြီ။ သားလေးကိုလည်း ဒီနှစ် ကျောင်းမထားနိုင်တော့ဘူး။ ဝင်ငွေမရှိတော့ ထမင်းစားဖို့ကို မနည်းရုန်းကန်နေရတယ်" ဟု စစ်ဘေးရှောင် ဒေါ်ခင်သန်းမြက ပြောသည်။
ထိုသို့ စားဝတ်နေရေး ကျပ်တည်းနေ၍ စစ်ဘေးရှောင်များမှာ တောတောင်နှင့် နေအိမ်အနီးပတ်ဝန်းကျင်မှ သီးပင်စားပင်များကို ရှာဖွေကာ စားသောက်နေကြရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ယင်းအပြင် လက်ရှိ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ စစ်ဘေးရှောင်များအတွက် နေအိမ် အမိုးအကာနှင့် ယင်လုံအိမ်သာများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။
" အိမ်သာသွားချင်ရင် ညမှောင်တဲ့အထိ စောင့်နေရတယ်။ မှောင်မှပဲ တောကိုဖြစ်ဖြစ် မြစ်ကမ်းစပ်ကို ဖြစ်ဖြစ် သွားကြရတယ်။ ဒါတွေက မြွေအန္တရာယ်အပါအဝင် တခြားရောဂါပိုး၊ ခန္ဓာကိုယ်ကျန်းမာရေးတွေအတွက်ပါ စိုးရိမ်ရတယ်" ဟု မြေငူကျွန်းတွင် စစ်ဘေးရှောင်နေသည့် ပေါက်တောဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် မူလကပင် အလုပ်အကိုင်ရှားပါးပြီး လက်ရှိ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့်လည်း အလုပ်အကိုင်ရှားပါးမှုကို ပို၍ ကြုံတွေ့နေကြရသည်။
ထိုသို့ အလုပ်အကိုင်ရှားပါး၍ ဒေသခံနှင့် စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ ကန့်သတ်မှုများကြားထဲမှ အရဲစွန့်ကာ ပင်လယ်သို့ ငါးဖမ်းထွက်၍ စစ်ကောင်စီနေဗီကနေ ဖမ်းဆီးခြင်းကို မကြာခဏ ခံကြရကြောင်း သိရသည်။
"အခုက စစ်ဘေးရှောင်တွေတင်မကဘူး။ ဒေသခံတွေရောပဲ ဆင်းရဲတွင်းနက်နေကြတာ။ နဂိုကတည်းက ရခိုင်မှာ အလုပ်အကိုင်ရှားတာ အခုဆိုရင် ပိုဆိုးသွားပြီ။ ရွာမှာ ရွာသားတွေရော စစ်ဘေးရှောင်လူငယ်တွေပါ ဒီအတိုင်း အလုပ်မရှိကြဘဲ အများကြီးပဲ။ အထောက်အပံ့တွေ မရတော့ရင်လည်း ဖြစ်နိုင်ရင် အာဏာပိုင်တွေက အလုပ်အကိုင်တွေ ဖန်တီးပေးစေချင်တယ်" ဟု မြေငူကျွန်းမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
ဧပြီလ ၅ ရက်က မြေငူကျွန်း ပင်လယ်ပြင်အနီးတွင် ငါးဖမ်းနေသည့် ဒေသခံ ရေလုပ်သား ၂၃ ဦးကို စစ်ကောင်စီ နေဗီက ဖမ်းဆီးသွားခဲ့သည်။
ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လူဦးရေ ၆ သိန်းကျော်အထိရှိလာနေကြောင်း (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။