နေရပ်ပြန်ရေး မသေချာသည့် ရခိုင်စစ်ရှောင်များအခက်အခဲ

နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များမှာ ကျေးရွာအနီးတဝိုက်ရှိ တောတောင်များတွင် မိုင်းရှင်းလင်းပေးမှုမရှိခြင်း၊ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ခြင်း၊ ၎င်းတို့ လုပ်ကိုင်စားသောက်သည့် တောတောင်များတွင် မိုင်ရှင်းလင်းမှုမလုပ်သေးခြင်း၊ စစ်တပ်နေရာချထားမှုများမှာ ကျေးရွာနှင့်နီးနေခြင်း၊ ယင်းတပ်နေရာများအား  ပြန်လည်ရုပ်သိမ်းပေးမှုမရှိခြင်း၊ နေအိမ်များမရှိတော့ခြင်း စသည့် အခက်အခဲများကြေင့် မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

30 Apr 2021

မြောက်ဦးမြို့ လက်ကောက်ဈေးဘုန်းတော်ကြီးတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များအား တွေ့ရစဉ်။

DMG ၊ ဧပြီ ၃၀

ခင်သရဖီဦး ရေးသားသည် (သတင်းဆောင်းပါး)

တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များမှ ပြည်သူများ  စစ်ဘေးရှောင်နေရသည်မှာ  (၂) နှစ်ကျော်ထိ ကြာမြင့်လာပြီး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမကျင်းပမီ အောက်တိုဘာလမှ စတင်ပြီး  တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ရပ်တန့်နေသည်ကို တွေ့ရသည်။ တိုက်ပွဲများရပ်တန့်နေသည်မှာ ၇ လနီးပါးရှိပြီဖြစ်သော်လည်း စစ်ရှောင်များ နေရပ်ပြန်ရေးမှာ မသေချာသေးပေ။

လက်ရှိ အချိန်ထိ နေရပ်ပြန်နိုင်သည့် စစ်ဘေးရှောင် ခုနှစ်သောင်းကျော်ခန့်ရှိပြီး ယင်းသို့နေရပ်ပြန်သူအများစုမှာ စစ်ရှောင်စခန်းများတွင် နေထိုင်သူများမဟုတ်ဘဲ ဆွေမျိုးသားချင်းများ၏ နေအိမ်များ၌ နေထိုင်ကြသူများ ဖြစ်ကြသည်။

“တခြားဟိုမှာ ဒီမှာ ယာယီနေကြတဲ့ မိသားစုတွေ၊  ပြန်တာများတယ်။ camp က လူတွေ ပြန်တာရှိတော့ရှိတယ် ဒါပေမဲ့ နည်းတယ်။ အဲဒီခုနှစ်သောင်းကျော်မှာ camp က ပြန်တာ တစ်သောင်းခွဲလောက်ပဲရှိတယ် ” ဟု စစ်ဘေးရှောင်များစာရင်းကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

နေရပ်မပြန်နိုင်ဘဲ ကျန်ရှိသည့် စစ်ဘေးရှောင် ၇၀၄၉၉ ဦးရှိပြီး စခန်းပြင်ပ ဆွေမျိုးများထံ၌ နေထိုင်သူ  ၄၆၀၀၀  ကျော် ရှိသည့်အတွက် နေရပ်မပြန်နိုင်သေးသည့် ဒုက္ခသည်စုစုပေါင်း ၁၁၆၇၀၀  ရှိကြောင်း သိရသည်။

နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များမှာ ကျေးရွာအနီးတဝိုက်ရှိ တောတောင်များတွင် မိုင်းရှင်းလင်းပေးမှုမရှိခြင်း၊ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ခြင်း၊ ၎င်းတို့ လုပ်ကိုင်စားသောက်သည့် တောတောင်များတွင် မိုင်ရှင်းလင်းမှုမလုပ်သေးခြင်း၊ စစ်တပ်နေရာချထားမှုများမှာ ကျေးရွာနှင့်နီးနေခြင်း၊ ယင်းတပ်နေရာများအား  ပြန်လည်ရုပ်သိမ်းပေးမှုမရှိခြင်း၊ နေအိမ်များမရှိတော့ခြင်း စသည့် အခက်အခဲများကြေင့် မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

“ပြန်တော့ပြန်ချင်တာပေါ့၊ ဒါပေမဲ့ တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်းတယ်၊ တကယ်လို့ ပြန်သွားလို့ ပြန်မဖြစ်ဘူးလို့ ဘယ်သူမှ အတိအကျမပြောနိုင်တော့ ကျမတို့ မပြန်နိုင်သေးဘူး” ဟု ပလက်ဝမြို့နယ်မှ စစ်တွေမြို့တွင် စစ်ဘေး ရှောင်နေသည့် ဒေါ်မဖြူက ပြောသည်။

လတ်တလော ဒေသတည်ငြိမ်နေသည်ဆိုသော်လည်း တပ်မတော်နှင့် AA တို့ကြား အပစ်အခတ်ရပ်စဲကြောင်း သီးခြားထုတ်ပြန်ချက်များ မရှိသေးသည့်အတွက် ဒေသတွင်းမှာ အချိန်မရွေးတိုက်ပွဲများ ဖြစ်လာနိုင်သည့် အခြေအနေဖြစ်သဖြင့် စစ်ရှောင်အများစုမှာလည်း နေရပ်ပြန်ရေးကို စိုးရိမ်နေကြခြင်းဖြစ်ကြသည်။

နေရပ်ပြန်မည်ဆိုရင်လျှင်လည်း စစ်ဘေးရှောင်များ ပျက်စီးသွာသည့် အိမ်များပြန်လည်ဆောက်ပေးခြင်းများနှင့် ယခင်လုပ်ကိုင်စားသောက်ခဲ့သည့် လုပ်ငန်းများကိုလည်း ပြန်လည်လုပ်ကိုင်နိုင်ဖို့အထိ ထောက်ပံ့မှုများပေးရန်  လိုအပ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

စစ်တွေမြို့ ပဌာန်းဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်သည့် ရသေ့တောင်မြို့နယ် ကျောက်ရံသာစည်ကျေးမှ ဒေါ်မစောဖြူက “နေရပ်ပြန်ချင်ပေမဲ့ စားသောက်ဖို့အတွက် ဘာအလုပ်ကို စလုပ်ရမယ်တောင်မသိဘူး၊ နောက် ပြန်ဖို့ငွေကြေးကလည်း အခက်အခဲရှိတယ်။ အဲဒီရောက်သွားရင် အိမ်လည်းမရှိတော့တာကြောင့် ပြန်လို့ရမယ်မထင်ဘူး”  ဟု ပြောသည်။

စစ်ရှောင်များသာ နေရပ်ပြန်မည်ဆိုပါက လက်ရှိ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက မီဒီယာများကို ပြောဆိုထားသည်။

စစ်ရှောင်အများကို ယခင်က ဒေသအလိုက် အဖွဲ့အစည်းများကပါ အကူညီများပေးခဲ့သော်လည်း လက်ရှိတွင် ယင်းသို့ ကူညီမှုများမရှိတော့ဘဲ လစဉ်ပုံမှန်အားဖြင့် WFP မှ စစ်ဘေးရှောင်တစ်ဦးလျှင် ငွေတစ်သောင်းခွဲကျပ်နှင့် ICRC မှ လောင်စာ၊ စားနပ်ရိက္ခာများကိုသာ ထောက်ပံ့ပေးမှုများရှိသည်။

ယခင်က လူတစ်ဦးလျှင် ငွေတစ်သောင်းခွဲကျပ် ထောက်ပံ့မှုဖြင့် အနည်းငယ်အဆင်ပြေသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ ဈေးမြင့်တက်လာခြင်းကြောင့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအပိုင်းတွင် ပိုမိုခက်ခဲလာနေကြခြင်းဖြစ်သည်။

ထိုကြောင့် စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသူများမှာ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ကျရာလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်ဟု စစ်ရှောင်တစ်ဦးဖြစ်သူ ဒေါ်နုနုယဉ်ကပြောသည်။

 “ပန်းရံလုပ်တော့ အဆင်တော့ သိပ်မပြေဘူးလေ၊ တစ်နေ့မှ လေးငါးထောင်လောက်ပဲရတယ်။ အလှူရှင်တွေကလည်း အခုက လုံးဝနည်းသွားတယ်။ တနေ့ လုပ်အားခနဲ့ ကလေးတွေနဲ့ဆိုတော့ အဆင်မပြေပါဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းများကို အစိုးရမှ လူတစ်ဦးလျှင်လစဉ် ဆန် ၇ ပြည်ကျော် ပေးသော်လည်း လစဉ်ပုံမှန်ရရှိခြင်းမျိုးမဟုတ်ဘဲ ၃ လတစ်ကြိမ်၊ ၂ လတစ်ကြိမ်ခန့်သာ ရရှိသည့်အတွက်  စစ်ဘေးရှောင်များမှာ  စားဝတ်သောက်ရေးအတွက် ငွေကြေးချေးငှားသုံးစွဲနေရကြောင်း သိရသည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားမြို့နယ်များရှိ  တချို့စစ်ဘေးရှောင်စခန်းများတွင် ရေပြတ်လတ်မှုများ ရှိသည့်အတွက် ရေများဝယ်ယူသုံးစွဲနေရ၍ ပိုမိုအခက်အခဲဖြစ်နေကြသည်။

ယင်းအပြင် မိုးရာသီကျရောက်လာတော့မည်ဖြစ်သော်လည်း စစ်ဘေးရှောင်စခန်းအချို့မှာ အမိုးအကာ၊ ကြမ်းခင်းများ ပျက်စီးလာနေသည့်အတွက် ယခုမိုးရာသီတွင် နေထိုင်ရန် အခက်အခဲဖြစ်လာနိုင်သည့် အနေအထားဖြစ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

“ မိုးရာသီရောက်ရှိလာတော့မယ်ဖြစ်ပေမဲ့ စစ်ဘေးရှောင်စခန်းတွေမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းကလွဲပြီး ကျန်တဲ့နေရာတွေမှာ အသစ်တည်ဆောက်နိုင်တာမရှိဘူး၊ မဆောက်နိုင်တော့ အမိုးအကာတွေ ကြမ်းခမ်းတွေကလည်း အကုန်လုံးပျက်စီနေပြီ။  အခုလာမယ့် မိုးရာသီမှာဆိုရင် အကုန်လုံးပြိုကျမယ့် အခြေအနေဖြစ်နေပြီ ” ဟု ဆိုသည်။

လက်ရှိ စစ်ဘေးရှောင်များအား ကူညီပေးမှုအပိုင်းတွင် တချို့စစ်ရှောင်စခန်းများကို လှူဒါန်းသည့် အဖွဲ့အစည်းများ များပြားနေပြီး တချို့စခန်းများမှာ အလှူရှင်များမရှိသလောက်ဖြစ်နေသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ဗီဒီယိုများ