မိုးရာသီ လူနေရပ်ကွက်တွေ ရေနစ်မြုပ်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းသင့်သလဲ

ရွှေပြားရပ်ကွက်က ရပ်ကွက်လူကြီးတစ်ဦးက စာရေးသူကို ပြောပြတာကို သတိရမိပါတယ်။ လက်ရှိ အစိုးရနဲ့ ကိုးရီးယား BXT ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ ကမ်းနားလမ်း မြို့ဧရိယာတိုးချဲ့ရေး မြေဖို့တဲ့စီမံကိန်းမှာ ရွှေပြားရပ်ကွက်ကနေ မြစ်ထဲကိုဖောက်ထားတဲ့ ရေမြောင်းကိုပါပိတ်ပြီး မြေဖို့လိုက်တာ ကြောင့် အရင်နှစ်တွေကထက် ရပ်ကွက်ရေမြုပ်မှာကိုစိုးရိမ်တယ်ဆိုပြီး ပြောပြလာတာပါ။ မူလရှိနေတဲ့ ရေမြောင်းကို ဖောက်ပေးဖို့ တင်ပြပေမယ့်လည်း အလေးထားဆောင်ရွက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

By ထွန်းကျော်ရီ 12 Sep 2019

Written by > ထွန်းကျော်ရီ | DMG

စက်တင်ဘာ ၁၂၊ ၂၀၁၉

အခုလို မိုးရာသီမျိုးမှာ အဆက်မပြတ် မိုးရွာသွန်းပြီဆိုရင် စစ်တွေမြို့ပေါ် ရပ်ကွက်တွေမှာ လမ်းတွေ၊ နေအိမ်တွေ ရေမြုပ်တဲ့ပြဿနာကို မလွဲမသွေ ကြုံတွေ့လာရမယ်ဆိုတာ ကြိုတင်မှန်းဆဖို့ မလိုလောက်အောင် သေချာနေတဲ့ ကိစ္စတစ်ရပ် ဖြစ်လာနေပါတယ်။ ရပ်ကွက်အားလုံးမှာရှိတဲ့ မြေနိမ့်ပိုင်းအိမ်တွေဆိုရင် မိုးတပြိုက်နှစ်ပြိုက် ရွာသွန်းရုံနဲ့ ဒီပြဿနာကို စတင်ကြုံတွေ့လာရပါပြီ။ နေအိမ်အောက်ထပ်တွေမှာရှိတဲ့ အရေးကြီးပစ္စည်းပစ္စယတွေကို အိမ်အပေါ်ထပ်ကို ပြောင်းရွှေ့ထားရုံကလွဲပြီး ဘာမှမတတ်နိုင်ကြပါဘူး။

စာရေးသူ သတိထားမိတဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ် နှစ်ခုစာလောက်က အခုလိုရေနစ်တဲ့ပြဿနာကြုံတွေ့နေရတာကို သတိပြုမိခဲ့ပြီး အခုနောက်ပိုင်း အဲဒီပြဿနာကို ပိုမိုကြီးကျယ်လာတာကိုလည်း သတိပြုမိပါတယ်။
မြို့ခံတစ်ချို့က ဒီပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းဖို့ ကြိုးစားကြည့်ကြတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် မိမိနေအိမ်ခြံဝန်းတွေမှာ ရေမဝပ်ရအောင် မြေဖို့တာမျိုး၊ အိမ်ရှေ့လမ်းမှာ ရေမြောင်းတွေ တူးဖော်တာမျိုးတွေပါ။ ဒါပေမယ့် ရေစီးရေကာကောင်းမွန်အောင် ရွပ်ကွက်တစ်ခုလုံးကို စနစ်တကျ ဆောင်ရွက်တာမျိုးမဟုတ်တဲ့အတွက် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိကြပါဘူး။

မိုးတွေရွာပြီဆိုရင် နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒူးဆစ်နား၊ ခါးဆစ်နားထိရောက်အောင် ရေမြုပ်တဲ့ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့ အရိပ်လက္ခဏာတွေဟာ ဒီနေ့အထိ မမြင်တွေ့ရပါဘူး။ စာရေးသူတို့ ငယ်စဉ်က တပ်မတော်အစိုးရလက်ထက်ဖြစ်ပါတယ်။ အဲသည်တုန်းက မြောက်ဦးမြို့မှာ ရှိတဲ့ရပ်ကွက်အားလုံးကို အိမ်ရှေ့ရေးမြောင်းတွေ တူးဖော်ရမယ်လို့ ရ.ယ.က ဥက္ကဌကနေတစ်ဆင့် ညွှန်ကြားချက် ထွက်ပေါ်လာပါတယ်။ ဒီညွှန်ကြားချက်ဟာ ကျေးရွာတွေအထိမှာ ဆက်လက်ရောက်ရှိလာပြီး မြို့ရောတောပါမကျန် မိမိနေအိမ်ရှေ့မှာ ရေမြောင်းတွေ တူးဖော်ကြရပါတယ်။ အုပ်ချုပ်ရေးအာဏာကို ကြောက်ရွံ့တာကြောင့်လည်း သတ်မှတ်ထားတဲ့နေ့မှာ အားလုံး အပြီးအစီး တူးဖော်ကြရပါတယ်။ ဒဏ်ရိုက်ခံရမှာ ကြောက်တဲ့အတွက် နေအိမ်ဆောက်လုပ်ထားခြင်းမရှိတဲ့ အိမ်ခြံတွေပါ ပိုင်ရှင်တွေက ရေမြောင်းတွေတူးကြရတာဖြစ်ပါတယ်။

ဒါပေမယ့် ရပ်ကွက်တွေအားလုံးရေမြောင်းတွေတူးဖော်ပေမယ့်လည်း စနစ်ကျနမှုမရှိတာရယ်၊ ရေရှည်အတွက် ထိန်းသိမ်းမှု မရှိတာရယ်တွေကြောင့် အဲဒီနောက်ပိုင်းမှာ တိမ်ကောသွားတာပါပဲ။

ဆိုင်ဖွန်နည်းပညာအရ ရေဆိုတာ မြင့်ရာကနေ နိမ့်ရာစီးတတ်တာက နိယာမတစ်ခုဖြစ်ပါတယ်။ ရေမြောင်းဖော်ပေမယ့်လည်း နိမ့်ရာဘက်ကို စီးဆင်းနိုင်ခြင်းမရှိဘူးဆိုရင် ရေစီးရေလာကောင်းမွန်ရေးအတွက် နည်းစနစ်ကျတဲ့ ဆောင်ရွက်ချက်တစ်ခု မဖြစ်နိုင်ပါဘူး။

စစ်တွေမြို့ပေါ်မှာ မိုးရေနစ်မြုပ်တဲ့ပြဿနာကို ဖြေရှင်းလိုတဲ့ လူတစ်ချို့က မိမိနေအိမ်ရှေ့ ရေမြောင်းတွေ တူးဖော်တာမျိုး ဆောင်ရွက်တာရှိပေမယ့် အဲဒီရေတွေက စီးဆင်းမယ့်နေရာမရှိတော့ သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အချည်းနှီးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တစ်ချို့လူတွေကလည်း မိမိနေအိမ် ရေမမြုပ်ရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ မိမိနေအိမ်ခြံဝင်းကို သူများအိမ်ခြံ တွေထက် မြင့်သထက်မြင့်အောင် ဖြေဖို့ထားကြပါတယ်။ ဒီဖြေရှင်းနည်းကလည်း အားလုံးအတွက် ကောင်းမွန်တဲ့ဖြေရှင်းနည်းမဟုတ်ပေမယ့် အဲဒီနေအိမ်အတွက် အနည်းငယ်သက်သာရာရနိုင်တာကြောင့် ဒီနည်းနဲ့အများအားဖြင့် ဖြေရှင်းနေကြတာကိုတွေ့လာရပါတယ်။

စစ်တွေမြို့ပေါ်ရွာချတဲ့မိုးရေတွေဟာ မြို့လယ်ချောင်း၊ လောကနန္ဒာဘုရားကနေမြစ်ဖျားခံလာတဲ့ ခဝါသည်ချောင်းနဲ့ ဆတ်ရိုးကျချောင်းတွေကနေတဆင့် မြစ်ထဲကို စီးဆင်းပါတယ်။ အထူးသဖြင့် ရပ်ကွက်အတော်များများက ရေတွေဟာ မြို့လယ်ချောင်းကနေတစ်ဆင့်ပဲ မြစ်ထဲကို စီးဆင်းကြရတာဖြစ်ပါ တယ်။

အခုနောက်ပိုင်း အဲဒီချောင်းတွေဟာ တိမ်ကောလာတာအပြင် မြစ်ထဲကိုစီးဆင်းမယ့် ထွက်ပေါက်မှာ စစ်တွေမြို့ဧရိယာ တိုးချဲ့ရေး စီမံကိန်းဆိုပြီး မြေတွေဖို့လိုက်တာတွေကြောင့် ရေတွေဟာ အလွယ်တကူစီးဆင်း နိုင်ခြင်းမရှိတော့ပါဘူး။ အထက်မှာတင်ပြခဲ့တဲ့ ဆိုင်ဖွန်နည်းပညာအရ ရေဟာ မြင့်ရာမှ နိမ့်ရာဘက်ကိုသာ စီးဆင်းရတာဖြစ်ပေမယ့် ထွက်ပေါက်မှာမြင့်နေတာကြောင့် အလွယ်တကူ စီးဆင်းနိုင်ခြင်းမရှိတာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက်က နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ရံပုံငွေနဲ့ ဆောင်ရွက်ခဲ့တဲ့ လမ်းမကြီးကိုမြှင့်ပြီး ကွန်ကရစ်လမ်းခင်းရာမှာ ရပ်ကွက်အသီးသီးက မြစ်ဘက်ကိုစီးဆင်းမယ့် ရေပြွန်ပေါက်တွေ မဆောင်ရွက်ခဲ့တာကြောင့် ရပ်ကွက်အသီးသီးက ရေတွေဟာ မြစ်ဘက်ကို စီးဆင်းနိုင်ခြင်းမရှိပါဘူး။ အလားတူ မင်းဗာကြီးလမ်း၊ ကမ်းနားလမ်း၊ စက်ရုံလမ်းတွေမှာလည်း ဒီအတိုင်းပါပဲ။ လမ်းကို ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပေမယ့် ရပ်ကွက်အသီးသီးက ရေတွေဟာ မြစ်ထဲကိုစီးဆင်းဖို့ အဲဒီလမ်းတွေက အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။

ရွှေပြားရပ်ကွက်က ရပ်ကွက်လူကြီးတစ်ဦးက စာရေးသူကို ပြောပြတာကို သတိရမိပါတယ်။ လက်ရှိ အစိုးရနဲ့ ကိုးရီးယား BXT ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ ကမ်းနားလမ်း မြို့ဧရိယာတိုးချဲ့ရေး မြေဖို့တဲ့စီမံကိန်းမှာ ရွှေပြားရပ်ကွက်ကနေ မြစ်ထဲကိုဖောက်ထားတဲ့ ရေမြောင်းကိုပါပိတ်ပြီး မြေဖို့လိုက်တာ ကြောင့် အရင်နှစ်တွေကထက် ရပ်ကွက်ရေမြုပ်မှာကိုစိုးရိမ်တယ်ဆိုပြီး ပြောပြလာတာပါ။ မူလရှိနေတဲ့ ရေမြောင်းကို ဖောက်ပေးဖို့ တင်ပြပေမယ့်လည်း အလေးထားဆောင်ရွက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

စင်္ကာပူလို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မိုးအတွက် ရေမြောင်းတွေကို စနစ်တကျဆောင်ရွက်ထားသလို အဲဒီရေတွေကို ရေလှောင်ကန်နဲ့သိုလှောင်ပြီး ပြန်လည်သန့်စင်သောက်သုံးနိုင် အောင်စီမံထားတယ်လို့ မှတ်သားဖူးပါတယ်။
ကျွန်တော်တို့အနေနဲ့ စင်္ကာပူကိုမကျော်နိုင်သေးရင်တောင်မှ မြို့တွင်းရေစီးရေလာ ကောင်းမွန်အောင်၊ မြစ်ထဲကို အလွယ်တကူ စီးဆင်းနိုင်အောင်လောက်တော့ အနည်းဆုံး ဆောင်ရွက်သင့်တယ်လို့ မြင်မိပါတယ်။

တစ်ချို့ဖွံ့ဖြိုးပြီး အမေရိကန်လိုနိုင်ငံမှာ ကားပိတ်တဲ့ပြဿနာကို ဖြေရှင်းဖို့ မြို့အုပ်ချုပ်ရေးအဖွဲ့က ရှေ့နေတွေ၊ ကျောင်းဆရာတွေ၊ ဒေါက်တာတွေ၊ အင်ဂျင်နီယာတွေ စတဲ့ လူပေါင်းစုံကိုဖိတ်ပြီး ဆွေးနွေးစေတယ်လို့ ဖတ်မှတ်ဖူးပါတယ်။ ကာပိတ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ မြို့အုပ်ချုပ်ရေးအဖွဲ့က သူတို့စိတ်ကူးနဲ့သူတို့ ဆောင်ရွက်လို့မရဘူးဆိုတာ သိတဲ့အတွက် လူပေါင်းစုံကို ရှုထောင့်ပေါင်းစုံက သုံးသပ်အဖြေရှာခိုင်းတာပါ။ နောက်တော့ ပြေလည်သွားတာပါပဲ။

စစ်တွေမြို့ပေါ်မှာလည်း မိုးရာသီ ရပ်ကွက်၊ နေအိမ်တွေ ရေနစ်မြုပ်တဲ့ပြဿနာကို ဖြေရှင်းဖို့ ပြည်ထောင်စု အစိုးရခွင့်ပြုချက်ကို စောင့်ဆိုင်းဖို့ လိုအပ်မှာမဟုတ်ဘူးလို့ မြင်မိပါတယ်။ ဒါဟာ ပြည်နယ်အဆင့်နဲ့ပြဿနာကို အဖြေရှာ ဆောင်ရွက်လို့ရတဲ့ ကိစ္စတစ်ရပ်သာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့ ၂၀၁၀ ခုနှစ်ကပင် လက်ရှိအစိုးရလက်ထက်အထိ ဒီပြဿနာကိုဖြေရှင်းဖို့ ကြိုးစားတဲ့ အရိပ်အယောင်တွေဟာ ဒီနေ့အထိ မမြင်တွေ့ရပါဘူး။
လူနေရပ်ကွက်တစ်ခုကို စတင်ထူထောင်ဖို့ ကြိုးစားပြီဆိုရင် အရင်ဆုံး လမ်းတွေ၊ ရေမဝပ်ရအောင် ရေစီးရေလာကောင်းမွန်ရေး၊ သောက်သုံးရေစနစ်၊ လျှပ်စစ်မီး စတာတွေကို အရင်ဆုံးလုပ်ဆောင်ပြီးမှ လူနေထိုင်ခွင့် ပြုရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ စစ်တွေမြို့မှာ ဆတ်ရိုးကျမြို့သစ်ရပ်ကွက်တို့လို လူနေရပ်ကွက်ကို အစိုးရကချပေးတဲ့ အခါမှာ လယ်ကွင်းပြင်မှာ ဒီအတိုင်းနေအိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးခဲ့တာကို တွေ့ရပါတယ်။

ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းဖောက်လုပ်တာနဲ့ အခြားအစီအစဉ်တကျ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မရှိခဲ့တဲ့အတွက် အစိုးရကဆောက်လုပ် နေရာချထားပေးတဲ့ အဲဒီ ဆတ်ရိုးကျမြို့သစ်မှာ လူနေအိမ်တစ်ချို့ ဒီနေ့အထိ မိုးရေနစ်မြုပ်တဲ့ပြဿနာနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် စစ်တွေမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်အသီးသီးမှာ မိုးရာသီ ရေနစ်မြုပ်တဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရဘက်က အရင်ဆုံး ဦးဆောင်ပြီး စတင်အကောင်အထည်ဖော် ကြိုးပမ်းဖို့လိုအပ်သလို တပ်မတော်အစိုးရလက်ထက်က နေအိမ်တိုင်းမလုပ်မနေရ အိမ်ရှေ့ရေမြောင်းတူးဖော်ခိုင်းပြီး နောက်တော့လည်း ဘာမှထူးမခြားနား မဖြစ်ရလေအောင် ရေရှည်အတွက် ရပ်ကွက်နေသူတွေက ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

မြို့ပေါ်ရပ်ကွက်တွေ စနစ်တကျ ကောင်းမွန်တဲ့ ရေစီးရေလာကောင်းမွန်ရေး အစီအစဉ်အတွက် အစိုးရဘက်က စိတ်ဝင်တစားနဲ့ အားတက်သရော ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေဘက်ကလည်း နောက်ကလိုက်ပါပြီး ဆောင်ရွက်မှာ မလွဲပါဘူး။

ထွန်းကျော်ရီ

ဗီဒီယိုများ