ရာသီဥတု ဖောက်ပြန်မှုကြောင့် ယိုင်လဲသွားရသည့် စပါးပင်များ

ယခုနှစ် စပါးစိုက်ရာသီအတွင်း မိုးမမှန်၍ ရခိုင်ပြည်နယ်ရှိ စပါးပင်များ လဲကျခြင်း၊ ပျက်စီးသွားခြင်းများရှိသကဲ့သို့ စပါးပင်များ မျိုးမပွားနိုင်ခြင်းတို့ကို ကြုံတွေ့ကြရသည်။ ထို့ကြောင့် စပါးစိုက် တောင်သူလယ်သမားများအဖို့ အခြေအနေ ယိုင်နဲ့ခဲ့ရပေတော့သည်။

By Admin 30 Oct 2022

ရာသီဥတု ဖောက်ပြန်မှုကြောင့် ယိုင်လဲသွားရသည့် စပါးပင်များ

DMG ၊ အောက်တိုဘာ ၃၀

(ဆောင်းပါး)

“စပါးတွေ အရင်နှစ်တွေကလောက် မကောင်းဘူး”

ရာသီဥတု ပူပြင်းလွန်း၍ ချွေးတပြိုက်ပြိုက်ကျနေသော အသက် ၅၅ နှစ်အရွယ် ဦးအောင်ကျော်မြတစ်ယောက် စပါးပင်များကိုကြည့်ရင်း ညဉ်းတွားလိုက်ခြင်းဖြစ်သည်။ လယ်လုပ်လာသည့် သက်တမ်းတစ်လျှောက် ယခုကဲ့သို့ စပါးပင်များပျက်စီးမှု၊ စပါးအထွက်နှုန်း ကျဆင်းခြင်းမျိုးနှင့် မကြုံဖူးဟုလည်းဆိုသည်။ သူသည် လယ်လုပ်သက် နှစ်(၃၀)ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာမှ ဖြစ်သည်။

တောင်သူလယ်သမားများ စိုက်ပျိုးရေးတွင် အဓိကလိုအပ်သည့် မိုးရေသည် သီးနှံများ စတင်စိုက်ပျိုးချိန်တွင် မိုးမရွာဘဲ မလိုအပ်သည့် သီးနှံရိတ်သိမ်းချိန်ဖြစ်သည့် တော်သလင်း၊ သီတင်းကျွတ်လတို့တွင် ရွာသွန်းနေသောကြောင့် စပါးထွက်နှုန်း ကျရခြင်းဖြစ်သည်ဟု ဦးအောင်ကျော်မြကဆိုသည်။

ယခု အောက်တိုဘာလတွင် ဒေသတွင်း ကောက်ရင်ဟုခေါ်သည့် မနော်ဟာရီစပါးများကို ရိတ်သိမ်းနေပြီ ဖြစ်သည်။ သို့သော် မိုးကို လိုအပ်ချိန်တွင်မရခြင်း၊ ဓာတ်မြေသြဇာများကို လိုအပ်သလောက် မသုံးစွဲနိုင်ခြင်းတို့ကြောင့် စပါးအရည်အသွေး ညံ့ဖျင်းသွားကြသည်ဟု လယ်သမားများကဆိုသည်။

“အရည်အသွေးရှိ၊မရှိဆိုတာ လယ်သမားတွေမှာ စပါးနှံတွေကိုကြည့်ပြီး သိရပါတယ်။ စပါးနှံတွေမှာ ပြည့်ပြည့်ဖြိုးဖြိုး စပါးလုံးတွေအောင်ရင် အဖျင်း၊အမှော်မပါပါ။ စပါးအဖျင်းတွေများပါတယ်။ ဒါကြောင့် နှစ်တိုင်းလောက် စပါးမရဘူး။ ဒီနှစ်မှာ တစ်ဧကကို တင်း(၅၀)လောက်ပဲ ထွက်ပါတယ်။ အရင်နှစ်တွေက တစ်ဧကကို (၆၅)တင်းလောက်ထွက်ပါတယ်”ဟု ကျောက်တော်မြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂဥက္ကဌ လည်းဖြစ်သည့် ဦးအောင်ကျော်မြက ပြောသည်။

ရခိုင်ပြည်နယ်တွင် အနောက်တောင်မုတ်သုန်လေသည် မေလမှ စတင်ဝင်ရောက်ခဲ့ပြီး စိုက်ပျိုးရေးအတွက် မိုးရခဲ့သည်။ ယင်းနောက် ရာသီဥတုသည် တည်ငြိမ်မှုမရှိဘဲ မုတ်သုန်ဝင်ပြီးနောက်ပိုင်း မိုးအချိန်မှန် ရွာသွန်းခြင်းမရှိဘဲ နေပူပြင်းမှုသာ ပိုများခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်၌ မိုးဦးကာလတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပြီး မိုးလယ်ကာလဖြစ်သည့် ဝါဆိုလဆန်း(၄)ရက်နေ့မှ တော်သလင်းလဆန်း (၆)ရက်နေ့အထိ မိုးရွာသွန်းမြဲအောက် လျှော့နည်းနိုင်သည်။ ထို့ပြင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ဝါဆိုလဆန်းတွင် မိုးရွာသွန်းမှုရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ရက်ပေါင်း ၄၀ ခန့်တိုင်တိုင် မိုးရွာသွန်းခြင်း မရှိခဲ့တော့ပေ။ မိုးဦးကာလ မိုးရွာသွန်းစဉ် စိုက်ပျိုးခဲ့သောစပါးများမှာ မိုးလယ်ကာလတွင် မိုးရွာသွန်းမှုမရှိသောကြောင့် အပျက်အစီးနှင့် ရင်ဆိုင်ခဲ့ရပေသည်။

မိုးမရွာသွန်းသောကြောင့် မြေကြီးများတင်းမာလာ၍ စပါးပင်များ ပျက်စီးသွားသဖြင့် ယင်းနေရာများတွင် မိုးရွာသွန်းလျှင် ပြန်လည်ထွန်ယက်ပြီး ထပ်တလဲလဲစိုက်ပျိုးရသောကြောင့် အလွန်စိုက်ပျက်ရသည်ဟု ဦးအောင်ကျော်မြကဆိုသည်။

“မိုးမရွာတာရဲ့ အကျိုးဆက်ကြောင့် စပါးတွေကို အချိန်မီမစိုက်ပျိုးလိုက်ရ။ အချိန်နှောင်းပြီးမှ စိုက်ပျိုးရတယ်။ လယ်ထွန်ရတဲ့အခါလည်း မြေသားတွေ တင်းသွားတာကြောင့် စပါးတွေ ကောင်းသင့်သလောက် မကောင်းလိုက်ပါ။ မိုးမကောင်းတဲ့အတွက် စပါးတွေ ပင်စည်ပင်ပွားတွေမကောင်းဘူး။ ဆိုတော့ စပါးမကောင်းဘူးပေါ့”ဟု ၄င်းကပြောသည်။

လယ်သမားတို့မှာ နယုန်လနှင့် ဝါဆိုလတို့တွင် စပါးစိုက်ပျိုးကြရပြီး ယင်းကာလတွင် မိုးရွာသွန်းရန် လိုအပ်သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည်။ ထို့ကြောင့် စပါးစတင်စိုက်ပျိုးသည့် အချိန်ခါကပင် လယ်သမားတို့ အခက်အခဲနှင့် ရင်ဆိုင်ကြရခြင်းဖြစ်သည်။ စပါးထပ်တလဲလဲ စိုက်ပျိုးရသောကြောင့် လုပ်အားခလည်း ပိုမိုကုန်ကျသည်။

ယခုနှစ် စပါးစိုက်ရာသီအတွင်း မိုးမမှန်၍ ရခိုင်ပြည်နယ်ရှိ စပါးပင်များ လဲကျခြင်း၊ ပျက်စီးသွားခြင်းများရှိသကဲ့သို့ စပါးပင်များ မျိုးမပွားနိုင်ခြင်းတို့ကို ကြုံတွေ့ကြရသည်။ ထို့ကြောင့် စပါးစိုက် တောင်သူလယ်သမားများအဖို့ အခြေအနေ ယိုင်နဲ့ခဲ့ရပေတော့သည်။

တစ်ဖက်တွင် မိုးရွာသွန်းမှုနည်းပါးသည့်ကြားက ပေါက်ပွားလာသည့် စပါးပင်များမှာ ပင်စည်အားကောင်းရန် အရေးတကြီးလိုအပ်သည့် မြေဆီ၊မြေသြဇာများကို လုံလောက်စွာ မရရှိခဲ့ကြပေ။ ပြီးခဲ့သည့်နှစ်က မြေဆီ တစ်အိတ်လျှင် ငွေ ၄၀၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်သိန်းခွဲအထိ စျေးနှုန်းမြင့်တက်သွားသောကြောင့် တောင်သူလယ်သမားများအတွက် လုံလောက်သည့် မြေဆီအသုံးပြုရန် အခက်တွေ့ခဲ့ရပေသည်။

“ကျနော်တို့ လယ်တစ်ဧကကို မြေဆီတစ်အိတ်သုံးနေရာကနေ ဒီနှစ်မှာ အိတ်ဝက်လောက်ပဲ သုံးရတဲ့ အခြေအနေရှိပါတယ်”ဟု ကျောက်တော်မြို့နယ်၊ ရွှေပြည်ရွာမှ လယ်ယာလုပ်ကိုင်သူ ဦးမောင်ညွှန့်ကပြောသည်။

မိုးမမှန်၍ အခက်ခဲတွေ့နေသည့် စပါးစိုက်တောင်သူများအတွက် အောက်တိုဘာလ ၂၄ ရက်နေ့က ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော “စီတရန်” ဆိုင်ကလုန်းမုန်တိုင်းကြောင့် တပူပေါ် နှစ်ပူဆင့်ရန် အကြောင်းဖန်လာလေသည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်းနှင့် မြို့နယ်အချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်းကြောင့် လယ်ယာမြေများထဲ ဆားငံရေဝင်ရောက်မှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် စပါးပင်တို့ လဲကျသွားသဖြင့် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မာန်အောင် စသည့်မြို့နယ်များတွင် လယ်ယာမြေများ ပျက်စီးသွားသည်။

“ဆားငံရည်တွေက အခုထိမခမ်းသေးဘဲ လယ်ကွင်းထဲပြည့်နေတယ်။ ဆားရည်တွေက အပင်အမြစ်ကိုအထိ ထိခိုက်တာဆိုတော့ အသီးမသီးသေးဘဲ ပွင့်နေ၊ဖူးနေဆဲ စပါးပင်တွေကတော့ လုံးဝသုံးရတော့မှာ မဟုတ်ဘူး။ စပါးသီးနေတဲ့အပင်တွေကျတော့ ဒီရက်ပိုင်းမိုးရွာချမယ်ဆိုရင် တချို့တဝက်လောက်ကို ပြန်ယူလို့ရနိုင်သေးတယ်။ မြေသြဇာတွေ ဘာတွေ ပြန်သုံးလိုက်လို့ရသေးတယ်။တကယ်လို့ မိုးမရွာဘဲ ဒီတိုင်းနေပူမယ်ဆိုရင်တော့ အကုန်လုံးဆုံးပြီပေါ့”ဟု ပေါက်တောမြို့နယ်၊ သစ်ပုတ်ချောင်းကျေးရွာမှ လယ်သမားတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာမြေဧက ရှစ်သိန်းခွဲခန့်ရှိပြီး မိုးရွာသွန်းမှုအချိန်မမှန်မှုကြောင့် မထွက်ယက်နိုင်လိုက်သည့် စပါးဧက တစ်သိန်းခန့်ရှိပြီး လတ်တလောဖြစ်ပွားခဲ့သည့် မုန်တိုင်းကြောင့် လယ်ယာမြေဧက ကိုးသောင်းခန့်ပျက်စီးသွားကြောင်း ရခိုင်ပြည် တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

“တောင်သူလယ်သမားတွေဟာ နဂိုကတည်းက အခက်အခဲရှိတယ်။ ရာသီဥတုဖောက်ပြန်မှုက မိုးဦးရာသီမှာလည်း ဖောက်ပြန်ခဲ့တယ်။ ဒါကြောင့် စိုက်ဧက တော်တော်လေးလျှော့ကျသွားတယ်။ နလံမထူနိုင်ခဲ့ဘူး။ တစ်ချို့အားစိုက်ပြီး စိုက်ခဲ့ကြပေမယ့် အခုမိုးနှောင်းပိုင်းရာသီမှာ ရိတ်သိမ်းဖို့အတွက် တာစူနေတဲ့ကာလမှာ ထပ်ပြီးဖြစ်သွားတာကြောင့် အခက်အခဲဆိုတာထက် လုံးဝကျွမ်းထိုးမှောက်ခုံအဆင့်သို့ ရောက်သွားတယ်”ဟု ရခိုင်ပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံကပြောသည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲလာမှုကြောင့် မြန်မာနိုင်ငံတွင်လည်း အကျိုးဆက်အနေဖြင့် မုတ်သုံရာသီရက် တိုတောင်းလာခြင်း၊ မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း၊ ပျမ်းမျှအပူချိန်မြင့်တက်ခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် အားကောင်းပြီး ဖျက်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းများ ဝင်ရောက်ခြင်းတို့ကို ကြုံတွေ့နေကြရသည်။ ရခိုင်ပြည်နယ်က တောင်သူများမှာလဲ ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်ကို ခံစားနေကြရသည်။

မိုးအချိန်မှန်မရွာသွန်းခြင်း၊ မြေဆီမြေသြဇာစျေးနှုန်းနှင့် ထွက်ယက်စိုက်ပျိုးခစျေးနှုန်း မြင့်တက်ခြင်းကြားတို့မှ စိုက်ပျိုးခဲ့ရသော စပါးပင်များသည် မုန်တိုင်းအရှိန်ကြောင့် ရိတ်သိမ်းခါနီးတွင် လဲကျသွားသဖြင့် ဦးအောင်ကျော်မြ တစ်ယောက် စိတ်ပျက်အားငယ်နေလေတော့သည်။

“အမျိုးမျိုးအခက်အခဲရှိတာကြောင့် ကျနော်တို့လယ်သမားတွေအတွက် များစွာစိတ်ထိခိုက်ပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကလွဲပြီး ဘာတတ်နိုင်တော့မှာလဲ”

နေမျိုးလင်း - ရေးသည်။

ဗီဒီယိုများ