- ရခိုင်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်နေ
- တိုက်ပွဲနီးကပ်လာ၍ ကျောက်ဖြူမြို့က ဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းရွှေ့ရန် ကြိုးပမ်းနေ
- "တခါတလေကျရင် ကိုယ့်ဘဝကိုယ် အဆုံးစီရင် ပစ်ချင်တယ်"
- စစ်မှုထမ်းကိစ္စ ဆန္ဒပြ တောင်ကုတ်ဒေသခံများကို AA က ရှင်းပြနေ
- စပါးစိုက်ပျိုးရန် တွန့်ဆုတ်နေကြသည့် ရခိုင်တောင်သူများ
စပါးစိုက်ပျိုးရန် တွန့်ဆုတ်နေကြသည့် ရခိုင်တောင်သူများ
ရခိုင်ပြည်တွင် စိုက်ပျိုးရာသီ နှစ်နှစ်ဆက်တိုက် အရှုံးနှင့် ရင်ဆိုင်နေကြရသည့် ရခိုင်တောင်သူများမှာ ယခုနှစ် မိုးရာသီအတွက် စပါးစိုက်ပျိုးရန် တွန့်ဆုတ်နေကြောင်း ပြောဆိုကြသည်။
27 May 2025

DMG ၊ မေ ၂၇
ရခိုင်ပြည်တွင် စိုက်ပျိုးရာသီ နှစ်နှစ်ဆက်တိုက် အရှုံးနှင့် ရင်ဆိုင်နေကြရသည့် ရခိုင်တောင်သူများမှာ ယခုနှစ် မိုးရာသီအတွက် စပါးစိုက်ပျိုးရန် တွန့်ဆုတ်နေကြောင်း ပြောဆိုကြသည်။
ပြီးခဲ့သည့် စိုက်ပျိုးရာသီက စပါးအထွက်နှုန်းလျော့ကျခြင်း၊ စပါးဈေးကွက် မရှိခြင်း၊ သွင်းအားစုစရိတ်များ အဆမတန်မြင့်တက်မှုများကြောင့် တောင်သူများမှာ ယခုနှစ် စိုက်ပျိုးရာသီအတွက် ထွန်ယက်စိုက်ပျိုးနိုင်ရန် အဆင်သင့် မဖြစ်သေးခြင်းဟု ဆိုသည်။
" အဆင်သင့်ဖြစ်တယ်လို့ ပြောလို့မရသေးဘူး။ လယ်သမားတွေမှာ အခက်ခဲတွေရှိကြတယ်။ ဘာဖြစ်လို့ဆို ရေနံဆီ ဈေးတွေက တစ်ရက်တစ်မျိုး တက်နေတယ်။ ဓာတ်မြေဩဇာကလည်း မရနိုင်ဘူး။ ဆန်၊ စပါးတွေကလည်း ရောင်းရတာ အခက်ခဲဖြစ်နေပြီးတော့ လယ်သမားတွေဟာ တဲဆောက်လုပ်ဖို့က အစ အဆင်မပြေကြသေးဘူး " ဟု ကျောက်တော်မြို့နယ်မှ တောင်သူ ဦးဦးကျော်မြက ပြောသည်။
လက်ရှိ ရခိုင်မှာ စက်သုံးဆီ တစ်ပေပါကို ၁၈ သိန်း ဝန်းကျင် ပေါက်ဈေးရှိပြီး၊ ဓာတ်မြေဩဇာ တစ်အိတ်ကိုလည်း ငွေကျပ် ၂ သိန်းကနေ ၄ သိန်းကျော်အထိ ပေါက်ဈေးရှိနေသည်။
စက်ပစ္စည်းများမှာလည်း ယခင်တိုက်ပွဲမဖြစ်ခင်ထက် ဈေးနှုန်း ၃ ဆထက်မနည်း မြင့်တက်နေပြီး ရှားပါးနေကြောင်း လယ်သမားများက ပြောသည်။
ယင်းသို့ သွင်းအားစုစရိတ် ကြီးမားမှု၊ ထုတ်ကုန်တန်ဖိုး ကျဆင်းနေမှုကြောင့် တောင်သူများမှာ သူတို့၏ လယ်မြေများကို ထက်ဝက်လောက်ထိ လျော့ချကာ စိုက်ပျိုးရမည့် အခြေအနေနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
" လယ်သမားတွေက အရှုံးတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ထွက်ငွေနဲ့ ဝင်ငွေမကိုက်ဘူး။ လယ်မှာ သွင်းလိုက်ရတာက ငွေအများကြီး ထွက်လာတဲ့ စပါးကလည်း တန်ဖိုးမရှိဘူး။ ဒါကြောင့် ကျနော်တို့ လယ်သမားတွေဟာ လယ်လုပ်မှာကိုတောင် စိတ်ဓာတ်ကျနေကြပြီ" ဦးဦးကျော်မြက ပြောသည်။
၎င်းက ဆက်လက်၍ " အခုရာသီမှာတော့ စိုက်ပျိုးဧက လျော့သွားမယ့် အခြေအနေရှိတယ်။ ငွေကြေးတက်နိုင်တဲ့ သူကထက်ဝက် လောက်ထိ လျော့ကျသွားနိုင်သလို ငွေကြေးမတက်နိုင်တဲ့ သူတွေက သုံးပုံ နှစ်ပုံလောက် လျော့ကျသွားနိုင်တယ်" ဟု ဆိုသည်။
ယနေ့ ရခိုင်ပြည်တွင် ပေါ်ဆန်းမွှေး စပါးတင်း ၁၀၀ ကို ကျပ်ငွေ ၂၀ သိန်းခန့်ပေါက်ဈေးရှိနေပြီး အိန္ဒိယချေ စပါးတင်း ၁၀၀ ကိုကျပ်ငွေ ၁၂ သိန်းကျော်သာ ပေါက်ဈေးရှိနေသည်။
ယခုနှစ် လယ်တစ်ဧက စိုက်ပျိုးရန် စိုက်ပျိုးစရိတ် ကျပ်ငွေ ၁၄ သိန်း အထက်မှာ ရှိနေသောကြောင့် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။
စစ်ပွဲအကျိုးဆက် လမ်းခရီးပိတ်ဆို့ခံရမှုတို့ကြောင့် လယ်သမားများမှာ စီးပွားရေးအရ ကျဆင်းမှုများကို ရင်ဆိုင်နေကြရပြီး လယ်ယာလုပ်ငန်းကို ဆက်လုပ်ရန် ခက်ခဲလာသည်အထိ ဖြစ်လာခြင်းဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမား ဦးရွှေတင်မောင်က " ရောင်းတာကတော့ စပါးအားလုံး ရောင်းချင်ကြတယ်။ ရောင်းဖို့ လိုအပ်တာက ကျနော်တို့မှာ အခုမိုးရာသီအတွက် စက်ထွန်ဖို့ လိုတယ်။ ဆီဝယ်ဖို့ လိုတယ်။ စက်ပြင်ဖို့ လိုတယ်။ အခု လယ်သမားတွေက ဘယ်ဘဝရောက်သွားလဲဆိုရင် တောင်သူဘဝနဲ့ လုပ်စားကြဖို့ သိပ်ခက်ခဲမှုတွေ ရှိလာပြီ" ဟု ပြောသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ကတည်းက ဆန်စပါးများကို ပြည်မဖက်နှင့် ပြည်ပနိုင်ငံများကို တင်ပို့နိုင်ခြင်း မရှိတော့ပေ။ အာရက္ခတပ်တော်က ဖွဲ့စည်းထားသည့် ကုန်သည်ကြီးများအသင်းကလည်း ရခိုင် ပြည်အတွင်းက ဆန်၊စပါးများကို အပြည့်အဝ ဝယ်ယူနိုင်ခြင်းမျိုးမရှိခဲ့ပေ။
ယင်းကြောင့် တောင်သူများမှာ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် တောင်သူများကို အတိုးနည်း စိုက်ပျိုးရေး ချေးငွေများထုတ်ပေးရေးနှင့် ဓာတ်မြေဩဇာ စက်သုံးဆီဈေးနှုန်းများကိုလည်း သင့်တော်သည့် ဈေးနှုန်းအဖြစ် ညှိနှိုင်းပေးရန် လိုလားနေကြသည်။
" အရင်က စိုက်ဘဏ်က လယ်သမားတွေကို ထုတ်ချေးသလို အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေတွေ AA က ထုတ်ချေးပေးပြီး အထောက်အကူပြုနိုင်ရင်တော့ တောင်သူတွေ လုပ်ကိုင်ကြဖို့ အရင်းအနှီး အဆင်ပြေနိုင်တယ်။ နောက် မျိုးကောင်း မျိုးသန့်တွေ ပေးဖို့လိုတယ်။ မြေဆီ၊ မြေဩဇာတွေကို တောင်သူတွေ သုံးနိုင်အောင် စပါးဈေးနဲ့ ကိုက်ညီအောင် ထုတ်ပေးဖို့ လိုအပ်တယ် " ဟု ကျောက်တော်မြို့နယ်မှ လယ်သမား ဦးဦးမြသန်း ပြောသည်။
ရခိုင်ပြည်တွင် လယ်စိုက်ပျိုးဧက ၁၂ သိန်းကျော်ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီက လယ်ဧက ၁၀ သိန်း ကျော်ခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု လယ်သမားအရေးစောင့်ကြည့်နေသူများက ခန့်မှန်းထားကြသည်။