အန္တရာယ်တွေကြားထဲက ပီတိကို စားကြရသူများ

ဒီဖြစ်စဉ်ဟာ သာမန်ရိုးရိုး မှုခင်းဖြစ်စဉ်မျိုးမဟုတ်ဘဲ အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို ခြိမ်းခြောက်လိုက်တာပဲဖြစ်ပါတယ်။ မောင်တောခရိုင်အတွင်းမှာ မောင်တောနဲ့ ဘူးသီးတောင် နှစ်မြို့ရှိပြီး ဝေးလံခေါင်သီလွန်းတာကြောင့် အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ပုံမှန်လစာရဲ့ နှစ်ဆပေးထားရတဲ့ ဒေသလည်းဖြစ်ပါတယ်။

By ရမ္မာကျော်စော 21 Jun 2022

DMG ၊ ဇွန် ၂၁

(ဆောင်းပါး)

ယခုရက်ပိုင်းမှာ ဟိုးလေးတကျော်ဖြစ်လာတဲ့ ကိစ္စတစ်ခုကတော့ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ တာဝန်ကျနေတဲ့ မူလတန်းကျောင်းအုပ်ဆရာတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ပြန်ပေးဆွဲခံရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ အောက်ခြေက ပညာရေးဝန်ထမ်းတွေရဲ့အသံတွေ ဆူညံလာပေမဲ့လည်း တာဝန်ရှိ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ပညာရေးဌာနနဲ့ ပြည်နယ်စစ်ကောင်စီတို့ကတော့ လက်ရှိအချိန်အထိ နှုတ်ဆိတ်နေကြဆဲပဲ ဖြစ်ပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ ဆရာဦးဘိုဝင်းနဲ့ ဆရာမဒေါ်ဥမ္မာကျော်တို့ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့က မိမိတို့ တာဝန်ကျရာ သင်္ဘောလှကျေးရွာမှ မောင်တောမြို့နယ်ပညာရေးမှူးရုံးသို့ အသွားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်ပေးဆွဲထားသူတွေရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ သတင်းစကားတွေအရ ဘင်္ဂလားဒေ့ရှ်သုံးငွေ တာကာ သိန်းငါးဆယ်(မြန်မာငွေ သိန်းတစ်ထောင်ခန့်)နဲ့ လဲလှယ်ဖို့ ကမ်းလှမ်းလာတယ်လို့ ကြားသိရပေမဲ့လည်း ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တွေက ညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတာကို ဘယ်သူကမှ မထုတ်ပြန်သေးပါဘူး။

ပြည်နယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကတော့ “အဖမ်းခံရတယ်ဆိုပြီးတော့ ကြားတာလောက်ပဲ။ ဘယ်အဖွဲ့အစည်းက ဖမ်းတယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ငါမသိဘူး။ တကယ်ဖမ်းတယ်ဆိုလို့ရှိရင် သူတို့အတည်ပြုနိုင်တာက မောင်တောကရဲက အတည်ပြုနိုင်မှာပေါ့နော်။ ကျောင်းဆရာ၊ ဆရာမတွေဖြစ်တယ် ဆိုလို့ရှိရင်လည်း တကယ်အတည်ပြုနိုင်မှာက ပညာရေးက အတည်ပြုနိုင်မှာပေါ့။ ငါ့ကိုတော့ ဘယ်လိုဖြစ်တယ်၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာတော့ အဲလိုသတင်းပေးထားတာတော့ မရှိဘူး”လို့ ပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်ဟာ သာမန်ရိုးရိုး မှုခင်းဖြစ်စဉ်မျိုးမဟုတ်ဘဲ အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို ခြိမ်းခြောက်လိုက်တာပဲဖြစ်ပါတယ်။ မောင်တောခရိုင်အတွင်းမှာ မောင်တောနဲ့ ဘူးသီးတောင် နှစ်မြို့ရှိပြီး ဝေးလံခေါင်သီလွန်းတာကြောင့် အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ပုံမှန်လစာရဲ့ နှစ်ဆပေးထားရတဲ့ ဒေသလည်းဖြစ်ပါတယ်။

ရွှေ့ပြောင်းအခြေချနေထိုင်လာတဲ့ မွတ်ဆလင်ဦးရေ များပြားလာတာကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်အားလုံးပေါင်းမှ ၅ ရာခိုင်နှုန်းလောက်သာရှိတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၄၂ လူမျိုးရေး ပဋိပက္ခနောက်ပိုင်း ၂၀၁၂ အထိ မွတ်ဆလင်နဲ့ ရခိုင်လူမျိုးတို့ဟာ သဟဇာတဖြစ်အောင်နေထိုင်ခဲ့ကြပြီး အပြန်အလှန် ရိုင်းပင်းကူညီမှုတွေနဲ့ ရှင်သန်ခဲ့တဲ့ ဒေသတစ်ခုပါ။

လက်ရှိမှာ ပညာရေးဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲထားတဲ့အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ မသိရသေးပေမဲ့ အများစုကတော့ ARSA အဖွဲ့ရဲ့ လက်ချက်ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချနေကြတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ တွေ့မြင်လာကြရပါတယ်။ တစ်ဖက်မှာလည်း စဉ်းစားဆင်ခြင်ရမှာက ရက္ခိုင့်တပ်တော်(ULA/AA)က ရခိုင်-မွတ်ဆလင် ပြန်လည်သင့်မြတ်ရေးကို အရှိန်အဟုန်နဲ့ကြိုးပမ်းနေချိန်မှာ ARSA အနေနဲ့ ယခုလုပ်ရပ်မျိုးကိုလုပ်ရဲပါ့မလားလို့ တွေးစရာဖြစ်လာပါတယ်။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ သူရဲ့လူမှုကွန်ယက် တွယ်တာမှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်နားမှာ ARSA အဖွဲ့က ကျောင်းဆရာ၊ ဆရာမ နှစ်ယောက်ကို ပြန်ပေးဆွဲထားတာကြောင့် နေရပ်ပြန်ဖို့ကြိုးစားနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက မိတ်ဆွေမွတ်ဆလင်များအတွက်သာမက ရက္ခိုင်ပြည်ထဲက မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကြားထဲမှာ ယုံကြည်မှုနဲ့ လူမှုသဟဇာတဖြစ်မှုကို မြင့်တင်ဖို့ ကျနော်တို့ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှုတွေကိုလည်း နောက်ပြန်ဆုတ်စေနိုင်ပြီး ကြီးမားတဲ့ အကျိုးယုတ်မှုတစ်ခုပဲ ဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အဲဒီအပေါ်မှာ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်အနေဖြင့် အခြေအမြစ်မရှိဘဲ စွပ်စွဲချက်သာဖြစ်တယ်လို့ ARSA ဘက်ကတော့ ထုတ်ပြန်ထားပါတယ်။

ကျနော်တို့နိုင်ငံမှာ လူမျိုးရေးပဋိပက္ခတွေ အများကြီးရှိခဲ့ဖူးပါတယ်။ တရုတ်-ဗမာ အဓိကရုဏ်း၊ ကရင်-ဗမာ အဓိကရုဏ်း၊ မွတ်ဆလင်-မြန်မာ အဓိကရုဏ်းနဲ့ ရခိုင်-မွတ်ဆလင် အဓိကရုဏ်းတို့ ဖြစ်ပွားခဲ့တဲ့အချိန်တွေကို ပြန်ကြည့်ရင် နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ အချိန်တွေမှာချည်းဖြစ်ခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။

၂၀၁၂ မသီတာထွေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့်ကိစ္စဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ သတ်မှတ်လို့ရနိုင်ပေမဲ့ တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက် သတ်ဖြတ်ခံရတဲ့အချိန်မှာတော့ ဒါဟာ နောက်ကွယ်မှာ ပယောဂရှိနေပြီလို့ သုံးသပ်ရပါတော့မယ်။ တောင်ကုတ်က ပဋိပက္ခမီးဟာ တမဟုတ်ချင်းပဲ မောင်တောကိုအထိ ရောက်ရှိသွားပါတော့တယ်။ မောင်တောမြို့နယ်၊ သရေကုန်ဘောင်ကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာဟာ သူကိုယ်တိုင် စာသင်ပြပေးခဲ့တဲ့ မွတ်ဆလင်ကျောင်းသားတွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးနောက် မောင်တောဒေသမှာ ပဋိပက္ခမီး ပြင်းထန်ခဲ့ကြရပါတော့တယ်။

အဲဒီပဋိပက္ခကို လူတစ်စုက ကြိုးကိုင်လှုပ်ရှားခဲ့တယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး။ အခုအချိန်မှာလည်း နှစ်ဘက်အသိုက်အဝန်းကြားမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မသွားနိုင်ခဲ့ကြရင် မသမာသူလူတစ်စုရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားနိုင်တယ်ဆိုတာကို ဒေသခံလူမှုအသိုက်အဝန်းက အကြီးအကဲတွေအနေနဲ့ သတိထားကြစေလိုပါတယ်။

(Arakan Rohingya Salvation Army-ARSA)ဆိုတဲ့နာမည်ဟာ ၂၀၁၇ ခုနှစ်လောက်မှာ ထင်ရှားလာခဲ့ပြီး မောင်တောခရိုင်အတွင်းက ရဲစခန်းပေါင်း သုံးဆယ်ကျော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာတော့ နာမည်ကျော်ကြားလာခဲ့ပါတယ်။ မြန်မာစစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တာကြောင့် မောင်တောဒေသက မွတ်ဆလင်းအများအပြား တစ်ဘက်ဘင်္ဂလားဒေ့ရှ်ဒေနိုင်ငံကို ထွက်ပြေးခိုလှုံ ခဲ့ကြတယ်ဆိုပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း မြန်မာစစ်တပ်ဟာ ARSA နှင့် ထိတွေ့တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြားဖြစ်ခဲ့တာတွေ ရှိပါတယ်။

၂၀၁၇ ပဋိပက္ခဖြစ်ပွားချိန်ကစပြီး အဲဒီဒေသမှာ တာဝန်ကျနေတဲ့ အရပ်ဘက်ဝန်ထမ်းတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် သွားရောက်တာဝန်ထမ်းဆောင်မဲ့သူ မရှိသလောက် ဖြစ်သွားပါတော့တယ်။ ယင်းအချက်ကြောင့်ပဲ ၂၀၁၇ ခုနှစ် အောက်တိုဘာလကစတင်ပြီး အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကို ပုံမှန်လစာရဲ့နှစ်ဆကို အကျိုးခံစားခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးနောက် ၂၀၁၈ ခုနှစ်တွင်လည်း မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ထို့အတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း ထွေ/အုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာဆိုရင်လည်း ဆရာ/မနှစ်ဦးဟာ အန္တရာယ်ကြားထဲမှာ ရောက်ရှိနေဆဲပဲဖြစ်ပါတယ်။ ဒေသခံတချို့ရဲ့ ပြောပြချက်တွေအရ ဇွန်လ ၁၇ ရက်နေ့မှာ လူအင်အားရာနဲ့ချီပြီး တောနင်းရှာဖွေခဲ့ရာမှာ သဲလွန်စအချို့ကို ရရှိခဲ့ပြီး ဆက်လက်ရှာဖွေနေစဉ်မှာပဲ ဘင်္ဂလားဒေ့ရှ်သုံးငွေ တာကာ သိန်းငါးဆယ်(မြန်မာငွေ သိန်းတစ်ထောင်ခန့်)နဲ့ ရွေးချယ်ဖို့ သဘောတူညီမှုရထားပြီးပြီဆိုတဲ့ သတင်းစကားပျံ့နှံ့လာတာကြောင့် ရှာဖွေနေဆဲလူတွေဟာ ပြန်လှည့်လာကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နောက်တစ်ရက်နေ့မှာလည်း လွတ်လာတာမရှိတာကြောင့် ဆက်လက်စုံစမ်းကြည့်ကြတဲ့အခါ ခိုင်မာမှုမရှိတဲ့သတင်းတစ်ခုသာ ဖြစ်လို့နေပါတော့တယ်။ အဲဒါဆို ဒီသတင်းစကားကို ဘယ်သူတွေ စပြီးဖွခဲ့ကြတာလဲ စိတ်ဝင်စားစရာပါ။

ဆရာ/မနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့နေရာဟာ မောင်တောမြို့နယ်မြောက်ပိုင်းက တရိန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းကျေးရွာနှစ်ရွာကြားမှာ လက်ရှိလူနေထိုင်တဲ့ ကျေးရွာတွေမရှိဘဲ မြန်မာစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်သုံးခုသာရှိပြီး အကွားအဝေးအားဖြင့် ၆ မိုင် ၇ ဖာလုံ ရှိတယ်လို့ သိရပါတယ်။ စစ်ဆေးရေးဂိတ် သုံးဂိတ်အနီးကဖြတ်ကျော်ပြီး ခေါ်ဆောင်သွားနိုင်တယ်ဆိုကတည်းက ဒီစစ်ဆေးရေးဂိတ်တွေဟာ အလုပ်ကောဖြစ်ကြသေးရဲ့လားလို့ မေးခွန်းထုတ်စရာပါ။
ဇွန်လ ၁၉ ရက်နေ့မှာတော့ ကျေးရွာသားတွေနဲ့ ပညာရေးဝန်ထမ်းတွေဟာ သတင်းအရ ဇီးပင်ချောင်း(မွတ်ဆလင်)ကျေးရွာကို သွားခဲ့ကြပေမဲ့ ကျေးရွာထိပ်မှာ တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဟန့်တားမှုကြောင့် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေခွင့်မရခဲ့ကြဘဲ ပြန်လည်လှည့်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ တောတောင်ထူထပ်မှု၊ ချောင်းမြောင်းပေါများမှုတွေကြောင့် နှစ်စဉ်နှစ်တိုင်း မိုးရာသီရောက်လာတာနဲ့ ကျောင်းသူ/သားနဲ့ ဆရာ/မတွေအတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရဆဲပဲဖြစ်ပါတယ်။ ရွှံ့နွံတွေ ဒူလောက်ထိရောက်တဲ့ လမ်းဆိုးလမ်းပျက်တွေမှာ ကလေးတွေ ပညာရေးအတွက် လမ်းလျှောက်နေကြတဲ့ ဆရာ/မပုံရိပ်တွေဟာဆိုရင် လူမှုကွန်ယက်တွေပေါ်မှာ မမြင်ရက်အောင်အထိပါပဲ။

အဖွဲ့အစည်းတိုင်း၊ ဌာနဆိုင်ရာတိုင်းမှာ မိမိတို့ရဲ့ လက်အောက်ငယ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ အစိုးရတာဝန်ရှိသူတွေဆီက ဘယ်လိုဆောင်ရွက် နေတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မကြားရသေးပါဘူး။ လစာကို နှစ်ဆပေးထားတာပဲ ကိုယ်တာဝန်ကျနေရာကို သွားကိုသွားရမယ်လို့ အမိန့်ပေးတုန်းက အမိန့်ပေးပြီး ဒုက္ခရောက်ချိန်မှာ အကူအညီမပေးနိုင်ရင် ဘယ်သူတွေများ အဲဒီဒေသကိုသွားပြီး တာဝန်ထမ်းဆောင်ရဲတော့မှာလဲ။ လူတိုင်း ကိုယ့်အသက်ကိုယ် နှမြောကြပါတယ်။ လုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင် အကာအကွယ်ပေးနိုင်မှုမရှိတဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်လိုများ စိတ်ချလက်ချ အလုပ်လုပ်နိုင်ကြဦးမှာလဲ။

ဆရာ/မတွေဆိုတာ စေတနာ၊ အနစ်နာ၊ ဝါသနာဆိုတဲ့ နာသုံးနာနဲ့ ပညာအမွေပေးဝေနေကြတဲ့ အနန္တ ဂိုဏ်းဝင်တွေပါ။ ပိတိကိုစားအားဖြစ်တယ်ဆိုပေမဲ့ ဒီဖြစ်စဉ်ကိုသာ ကိုင်တွယ်ဖြေရှင်းမှုမမှန်ခဲ့ရင် ပညာရေးဌာန အနေနဲ့ အသက်အန္တရာယ်ကြားထဲမှာ ပီတိစားဖို့သူတွေကို အသစ်ရှာဖွေရကြရမယ်လို့ မြင်မိပါတော့တယ်။

ရမ္မာကျော်စော - ရေးသည်

ဗီဒီယိုများ