- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
- ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ
- ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
စစ်ရှောင်မိသားစုအချို့မှာ သား၊ သမီးများကို ကျောင်းထားကြသော်ငြား၊ ကျောင်းမထားနိုင်သော မိသားစုများလည်း အများအပြား။ မိဘနှစ်ပါး စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ကျောင်းတက်အရွယ် စစ်ရှောင်ကလေးငယ်များ ကျောင်းမတက်ဖြစ်ကြ။
12 Jun 2025

DMG ၊ အတွေးအမြင်
အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝတွင် အမြဲကြားဖြစ်ခဲ့သည့် အဆိုတော် ကိုင်ဇာ၏ "မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်" သီချင်းကို ရုတ်တရက် သတိရမိသွားသည်။ မိုးဦးရာသီရောက်လာချိန် ကလေးတွေကိုမြင်လျှင် တီးတိုဆိုဖြစ်မိသည်။
စစ်ရှောင်လာရင်း မိုးဦးကျလာသည့် အချိန်ကာလကို ရောက်လာပြီဖြစ်၍ ရွာသားတောင်သူများမှာ ပုံမှန်အတိုင်း လယ်တောထဲဆင်းရန် စိုင်းပြင်းနေကြသည်။ စင်(လယ်တဲ) ဆောက်ကြ၊ ထွန်စက်များ ပြင်ကြ၊ ထွန်တုံးများ လုပ်ကြ၊ မျိုးစပါးများ စုဆောင်းကြချိန်ဖြစ်သည်။ ထွန်စက် အသုံးမပြုနိုင်သူများမှာ ပိုင်ဆိုင်သည့် ကျွဲ၊ နွားများ၏ ကျန်းမာရေးကို စစ်ဆေးကြရချိန်လည်း ဖြစ်သည်။
ပတ်ဝန်းကျင်ကလည်း အေးစိမ့်စိမ့်။ လူများသည် လှုပ်လှုပ်ရှားရှား အလုပ်များနေသည့်အပြင်၊ မိုးမှန်ပါစေရန်လည်း ရင်ထဲက ဆုတောင်းပြုကြသည့် အချိန်။ များမကြာခင်၌ပင် လယ်တဲဆင်းသွားကြသူများကြောင့် ရွာတွင် ယောက်ျားများ တဖြည်းဖြည်း လျော့နည်းသွားသည်မှာ ထင်သာမြင်သာ လွန်းလှသည်။
အိမ်၌ ကျန်ရစ်ခဲ့သူ ကလေးအမေများမှာ အလုပ်များနေကြဆဲ၊ ဟိုပြေးသည်ပြေးနှင့်။ ကျောင်းတက်ကြရတော့မည့် သားသမီးလေးများအတွက် လိုအပ်သည့် စာအုပ်နှင့် စာရေးကရိယာများ ရှာဖွေစုဆောင်းကြရသည်။ လွယ်လွယ်ဖြင့် မရ။
ယခင်နှစ်က အတန်းတက်ကျောင်းသားများထံမှ ဝယ်ယူကြရခြင်းဖြစ်သည်။ ကိုယ့်ရွာထဲက မရလျှင် နောက်ရွာက ဆွေမျိုးများထံ သွားရောက်ရှာဖွေ အကူအညီတောင်းကြရသည်။ အချို့မှာ ကြိုပြောထားကြ၍ အဆင်ပြေသည်။
ကျောင်းဝတ်စုံ မလိုအပ်တော့ပါ၊ ရောင်းသူ၊ ခြုပ်သူများ နည်းပါးလွန်း၍ သက်ဆိုင်ရာက နားလည်မှုပေးထားခြင်း ဖြစ်သည်။ မိဘများ၏ ငွေကြေးပိုင်းဆိုင်ရာနှင့်လည်း ဆိုင်မည်။ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ဈေးနှုန်းက ဆိုင်ကတောင်းသလို ပေးရသည့်သဘော၊ မဝယ်လျှင် ကလေးငယ် ကျောင်းမတက်ပဲ နေရုံသာရှိသည်။
ဤသည်ကား ကျွန်တော့်မိသားစု စစ်ရှောင်နေခဲ့သည့် ရွာ၌ နေ့တဓူဝ မြင်တွေ့ရသည်များထဲမှ မိုးဦးကျရာသီခွင်၏ အပိုင်းအစလေးတစ်ခုကို ညွှန်းဆိုလိုက်ရခြင်းပင်။
ရွာ၌ လယ်ထဲဆင်းသူများကြောင့် ရွာသားယောကျ်ားများ လျော့နည်းသွားသည် ဆိုသော်ငြား၊ မနက်မိုးသောက် စောစော ချောင်းကမ်းနားတွင် ထည့်စရာခြင်းကြီးများ ကိုင်ဆောင်ထားကြသူ အမျိုးသမီးများ အစီအရီ တွေ့ရသည်။
သူတို့ကား ရွာသူများ မဟုတ်ကြ။ မြို့ပေါ်နှင့် မြို့အနီးပတ်ဝန်းကျင်ရွာများမှ စစ်ရှောင်လာပြီး၊ ကျွန်တော့် မိသားစုကဲ့သို့ပင် ဤရွာတွင် ခိုလှုံနေကြသူ အမျိုးသမီးကြီးများပင်။ ထီး သို့မဟုတ် ခမောက်များ ဆောင်း၊ ထမီတိုတိုဝတ်ပြီး ချောင်းနံဘေးတွင် ငါးဖမ်းလှေများအလာကို စောင့်နေကြသည်။ လှေဆိုက်ကပ်သည်နှင့် အလုအယက်အပြေးအလွှား ဝယ်ယူပြီး၊ ရွာဈေးမှာ ချရောင်းကြသည်။ ရွာခံသားများပင် ရွာဈေးမှာ သွားဝယ် ကြရသည်။
ရွာဈေးတွင် ဈေးဝယ်ထွက်လေ့ရှိသူ မိမိအနေဖြင့် ဈေးထဲ၌ တိုးမပေါက်သည့် နေ့ရက်များစွာကို ကြုံခဲ့ဖူးသည်။ ဈေးဝယ်သူ အများစုက အမျိုးသမီးများ ဖြစ်ပြီး၊ မိုးရေထဲ ထီးဆောင်းထားကြခြင်းကြောင့် ဖြစ်သည်။
ဈေးမဝယ်ခဲ့ပဲ အိမ်ပြန်လာပြီး၊ အိမ်ရှင်မကို ဈေးဝယ်ခိုင်းရသည့် ရက်များလည်း မနည်းလှပေ။ ရွာမှာ လူဦးရေ နှစ်ထောင်ကျော်သည်၊ စစ်ရှောင်ဦးရေက လေးရာကျော်မည်ဟု ခန့်မှန်းရသည်။ ရွာသား တစ်ထောင်ခန့် လယ်ထဲဆင်းသွားကြသော်ငြား စစ်ရှောင် ၄၀၀ ကျော်ကား ရွာထဲတွင် ရှိနေကြဆဲပင်။ ဟင်းငါး၊ မုန့်ပဲသရေစာ ရောင်းပြီး အသက်ဆက်နေကြရသည်။
ကျောင်းဆရာ/ ဆရာမများမှာ ဒေသ အာဏာပိုင်တို့၏ ညွှန်ကြားချက်ဖြင့် မလောက်ငှသော ငွေကြေးကို ကျောင်းသားမိဘများထံမှ ရယူပြီး၊ အလုပ်တာဝန် ထမ်းဆောင်ကြရသည်။ စစ်ရှောင်များထဲမှ ကိုယ်ပိုင်စီးပွါးရေး လုပ်ကိုင်လာခဲ့ကြသူများမှာလည်း အဝတ်အထည်နှင့် စားကုန်များကို ရောင်းချကြသည်။
ကယ်ဆယ်ရေး လာပေးကြသည့် ပမာဏဖြင့် အသက်ရှင်ရပ်တည်ရန် ခဲယဉ်းသည်မှာ ငြင်းစရာမရှိ။ အရင်းအနှီး မတည်ငွေ မတတ်နိုင်ကြသူအများအပြားကလည်း ကျပန်းအလုပ်ကို မအားမလပ် လိုက်ရှာကြရသည်မှာ နေ့စဉ်နှင့်အမျှ။ အချိန်ကြာလာသည်နှင့်အမျှ ရွာထဲတွင် ပစ္စည်းပျောက်မှုများဖြစ်လာသည်။ ရွာသားက စစ်ရှောင်ကိုယိုး၊ စစ်ရှောင်က ရွာသားအပေါ်ထိုးချ စသည်ဖြင့်။ နောင်တွင် ညမထွက်ရအမိန့်ကို ရွာလူကြီးများက ထုတ်ပြန်ကြရသည်။ ရွာကင်းစောင့်များ ချထားလာကြသည်။
မည်သို့ပင်ဆိုစေ ရွာခံရွာသူရွာသားများမှာ အချိန်တန်လျင် မိမိတို့၏ ပုံမှန်လုပ်နေကျ လယ်လုပ်၊ ငါးမွေး စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အားစိုက်ကြသည်။ စစ်ရှောင်များမှာမူ ရသလောက်နှင့် ရာသီမြှောက်ကြရသည်။ တချို့တတ်နိုင်သူများကား ကုန်အရောင်း အဝယ်လုပ်ကြသည်။ ပြည်မနှင့် ချိပ်ဆက်ပြီး ရောင်းဝယ်ဖောက်ကားကြသည်။ သို့သော် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ လိုက်သည့်အခါ ယင်းလုပ်ငန်းများကို ရပ်နားလိုက်ကြရပြန်သည်။
တစ်ရက်ထက်တစ်ရက် ရွာမှာ အလှူခံကြသူများကို စ,တွေ့လာရသည်။ စစ်ရှောင်များထဲမှ သက်ကြီးပိုင်းများ ဖြစ်သည်။ အခြားရွာများ၌ ခိုလှုံနေသူ စစ်ရှောင်များလည်း ပါဝင်လာသည်။ အမှန်တကယ် မတတ်နိုင်တော့၍ အရှက်ကို နောက်ထားလွယ်ပြီး၊ အသက်ဆက်ရန် ရုန်းကန်ကြရသူများဖြစ်၏။
ထူးခြားသည်ကား များမကြာမီမှာပင် ၅ နှစ်မှ ၁၂ နှစ်ကြား အသက်ငယ်ရွယ်သူ ကလေးများ ဂုံနီအိပ်ခွံကိုယ်စီနှင့် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းလာခဲ့သည်များကို မြင်တွေ့လာရခြင်းပင် ဖြစ်သည်။
အလှူခံစား အလုပ်ကို ဤအသက် အရွယ်တွင် လမ်းတကာလျှောက် လုပ်ကိုင်ကြရသည်ကား သူတို့၏ အနာဂတ်ဘဝအတွက် ဖျောက်မပျက်နိုင်သည့် ဆေးမှင်ကြောင် အမဲစက်ကြီးသဖွယ် ထပ်ကြပ် လိုက်ပါနေမည်ကို စိုးရိမ်မိသည်။ သူတို့၏ ခန္ဓာကိုယ်မှာလည်း ရှောင်လွှဲမရသည့် ယားနာ၊ ခြုပ်ရာတို့ဖြင့် ပြွတ်သိပ်လျက်၊ မည်သို့ခံစားနေကြရမည်ကို စဉ်းစားယင်း ကြက်သီးထ,မိသည်။
ကျောင်းဖွင့်ပြန်ပြီ၊ ကလေးငယ်များ ကျောင်းစ,တက်ကြရသည်။ စာသင်ကျောင်းမှာ တက်ကြရခြင်း မဟုတ်၊ သတ်မှတ်ထားသော နေရာများမှာ သွားတက်ကြရခြင်းဖြစ်သည်။ စစ်ကောင်စီ၏ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်းနှင့် သာသနိက အဆောက်အအုံများအား ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းတွင် ကျောင်းဖွင့်စာသင်၍ မရချေ။
မိုးတစ်ဖွဲဖွဲကြားက သားကို လက်တစ်ဖက်ဆွဲ၊ ထီးလက်တစ်ဖက်ကိုင်ပြီး ကလေးကျောင်းပို့ရန် ထွက်လာဖြစ်သည်။ ရွာဈေးကား မပွဲသေးချေ။ ဈေးနားကပ်ရပ်လမ်းကို ဖြတ်ပြီး စာသင်ဆောင်ဖက်ကို သွားရသည်ဖြစ်၍ ကလေးလက်ကို နောင်းနောင်းကိုင်ပြီး တိုးဝှေ့ဖြတ်ကျော်လာသည်။
ဈေးသည် အမေနားကပ်ကာ ငုတ်တိုတ်ထိုင်နေသည့် ကလေးများ၊ လမ်းဘေး ရေအိုင်မှာ ရွှံ့လူးကစားနေသူ ကလေးများ၊ ရွာဇရပ်ထက်မှာ အဖေနားခိုပြီး လမ်းပေါ်က ဖြတ်သွား၊ ဖြတ်လာသူများကို ထိုင်ကြည့်နေသူ ကလေးများ၊ ဈေးဆိုင်ငယ်ထဲမှာ အမေ့လက်ကိုဆွဲကာ မိုးခိုနေသူ ကလေးများ၊ လမ်းပေါ်မှာ မိုးရေထဲ လျှောက်ပြေးနေသည့် ကလေးများကို အသွင်အမျိုးမျိုး တွေ့ခဲ့ရသည်။
စစ်ရှောင်များမှာ ဆွေမျိုး၊ အသိမိတ်ဆွေ အိမ်များတွင် ကပ်ခိုနေကြရသူများပြီး၊ တတ်နိုင်သူများကား အိမ်ငှားနေကြသည်။ ကလေးစာသင်ရန် သွားသည့် လမ်းဘေးက အိမ်တစ်ဆောင်အောက်မှာ ကျောင်းတက် စာသင်ချိန် ကလေးငယ်တစ်စု ခုန်လွှားကစားနေကြသည်။ စာသင်ဆောင်နား မရောက်မှီ လယ်မထွန်ဖြစ်သေးသည့် လယ်စွက်ငယ်တစ်ခုမှာ ၁၀ နှစ်ခန့်အရွယ် ကလေးငယ် လေးငါးယောက် ရေပက်ကစားနေကြသည်။
ကလေးလက်ကို ဆွဲပြီး စာသင်ဆောင်လှေကားကို တက်လှမ်းလာခဲ့သည်။ ကျွန်တော့်စိတ်အလွှာက လမ်းတစ်လျှောက်မြင်တွေ့ခဲ့ရသည့် ကလေးငယ်များ၏ လှုပ်ရှားမှုသရုပ် အစုံလုံးအပေါ်တွေးရင်း ဝေဝါးလာနေမိသည်။ လက်ဆွဲလာခဲ့သည့် ကျွန်တော့်ကလေးက ဆွဲထားတဲ့လက်ကို ဖြုတ်ချခဲ့ပြီး သူ့အတန်းမှာ နေရာယူသွားပြီဖြစ်သည်။
အဆောင်ခန်းထဲက ညီညီညာညာ ထွက်ကျလာသည့် ကျောင်းသား၊ ကျောင်းသူလေးများ၏ အာရက္ခ နိုင်ငံတော်သီချင်းသံကြောင့် စိတ်ကိုပြန်ထိန်းလိုက်သည်။ သူတို့ စာသင်ကြတော့မည်၊ သို့သော် မိုးလုံသည့် အဆောင်ကား မဟုတ်။ ယင်းကြောင့် မိုးလုံးသည့်ဖက်ကို ရွှေ့ထိုင်ကြမည်၊ တစ်ယောက်နှင့်တစ်ယောက် စကားများကြမည်၊ ဆရာမက လာရှင်းပေးမည်။
စာသင်ဆောင်ခြံထဲမှ ရွာလမ်းဘက်ကို တစ်ဖြေးဖြေးလှမ်းလာပြီး အိမ်ဖက်ကို ဦးတည်ကာ ဆက်လျှောက်လာခဲ့သည်။ အသွားချိန်တွင် တွေ့မြင်ဖြစ်ခဲ့သော ကလေးငယ်များကား အိမ်မပြန်ကြသေး။ မည်သည့်အချိန်တွင် မိမိနေအိမ်ထဲကို ပြန်ဝင်ကြမည်ကိုမသိ။ သေချာသည်မှာ သူတို့ ကျောင်းမတက်ကြခြင်းပင်။
စစ်ရှောင်မိသားစုအချို့မှာ သား၊ သမီးများကို ကျောင်းထားကြသော်ငြား၊ ကျောင်းမထားနိုင်သော မိသားစုများလည်း အများအပြား။ မိဘနှစ်ပါး စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ကျောင်းတက်အရွယ် စစ်ရှောင်ကလေးငယ်များ ကျောင်းမတက်ဖြစ်ကြ။
မိုးရာသီ ဖြစ်တော့ အိမ်ခေါင်မိုး လုံခြုံရန်အရေး၊ နေ့တိုင်း အချိန်တိုင်းအတွက် ဝမ်းရေးနှင့် အခြားတစ်ဘက်မှာ ယားနာ၊ ဖျားနာနှင့် အခြားသော ရောဂါကြီးငယ်တို့ကိုလည်း မိဘနှစ်ပါး တို့ကပင် မိသားစုဝင်တို့အတွက် ကာကွယ်ဖို့ ကြိုးပမ်းရအုံးမည်ဖြစ်သည်။
ဤကျောင်းမတက်သော ကလေးငယ်များမှာလည်း "မိုးရွာရင် မိုးရေ ချိုးမယ်၊ မေမေလာရင် နို့စို့မယ်" သီချင်းကို ကျောင်းဆင်းချိန်မှာ သီဆိုရန်ကို အရေးထားနိုင်ကြအံ့မထင်။
အာရက္ခပြည်သူများသည် ၂ နှစ်ကျော် စစ်ရှောင်ကာလကို အားတင်းဖြတ်သန်းနေကြ၏။ အံကိုခဲ၍ တောင့်ခံနေကြ၏။ မိုးတိမ်ကြားက ရောင်နီကို မျှော်လင့်နေကြသည်။ မှော်လင့်ချက်ကား သူတို့ရင်ထဲမှာအပြည့်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေကြသူများဖြစ်ကြသည်။
ယခုလည်း မိုးဦးရာသီရောက်လာချေပြီ၊ ယခင်နှစ်က ကျောင်းမတက်ဖြစ်ကြသည့် ကလေးများအကြောင်းကို စဉ်းစားရင်းဖြင့် ရင်တမမ ခံစားလာရသည်။ ယခုနှစ်တွင် ရက္ခိုင်မြေမှာ ကျောင်းမတက်ဖြစ်သော ကျောင်းသားများ ကင်းမဲ့ပြီး၊ အာရက္ခနိုင်ငံတော်သီချင်းကို အပေါင်းအဖော်များနှင့် ပြိုင်တူသီဆိုနိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါကြောင်း။
လပြည့်ဦး ရေးသားသည်။